Breaking News

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အရပ်သားတွေ ၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဖမ်းဆီးမှု

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၇ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၁၈၊  ၂၀၂၃

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အရပ်သားတွေ ၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဖမ်းဆီးမှု 

နေ့စဥ် သတင်းတွေထဲမှာ စစ်ကောင်စီဘက်က သတ်ဖြတ်လို့ အသက်ဆုံးရှုံးရတဲ့ အရပ်သားတွေနဲ့ ပတ်သက်တဲ့ သတင်းက အများစု ဖော်ပြနေတာတွေ့ရပြီး အချို့သော သတင်းတွေကတော့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြေပြင် လူစာရင်းကောက်ယူတဲ့ လုပ်ငန်းစဥ်မှာပါဝင်တဲ့ စစ်ကောင်စီရဲ့ အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေ၊ စစ်ကောင်စီက ဖိအားပေး ခေါ်ယူလို့ ပါဝင်လုပ်ဆောင်ပေးရတဲ့ ပရဟိတ အဖွဲ့ဝင်တချို့ သတ်ဖြတ်ခံရတဲ့ သတင်းတွေ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှု ဖြစ်ပြီးကတည်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးရတဲ့ အရပ်သားအရေအတွက်ဟာ ၂၆၀၀ ကျော်ရှိပြီလို့ AAPP  က ကောက်ယူမှတ်တမ်းတင်ထားတဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားတာတွေ့ရပြီး တဖက် စစ်ကောင်စီဘက်ကလည်း ၄င်းတို့ကို ထောက်ခံသူတွေထဲက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှာ ပါဝင်သူတွေ၊ ဒလန်လို့ စွပ်စွဲသတ်ဖြတ်ခံရသူတွေ၊ စီဒီအမ် မလုပ်တဲ့ အစိုးရဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်၊ ပျူစောထီး အဖွဲ့ဝင်အဖြစ် စွပ်စွဲခံရသူ၊ စစ်ကောင်စီကို ထောက်ခံတဲ့ သံသယ၊ ပျူစောထီး ဖွဲ့စည်းရေးမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆခံရသူ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေရဲ့ စာရင်းကို ကောက်ယူရာမှာ အရေအတွက် ၃ ထောင်ကျော်ရှိပြီလို့ ဆိုပါတယ်။ 

ဘက်နှစ်ဘက်က ကောက်ယူတဲ့ စာရင်း ၂ ခုပေါင်းလိုက်ရင် အနည်းဆုံး အရပ်သား ၅ ထောင်ကျော် သေဆုံးပြီး ဖြစ်တယ်လို့ ယူဆရမယ့် သဘောဖြစ်ပါတယ်။ 

လုပ်ကြံသတ်ဖြတ်မှုတွေ၊ လုံခြုံရေး လိုအပ်ချက်ကြောင့် သံသယနဲ့ ယူဆက ပစ်ခတ်သတ်ဖြတ်တာတွေမှာ အရပ်သားနဲ့ လက်နက်ကိုင် အဖွဲ့ဝင် သတ်မှတ်ချက်တွေက ဝေဝါးမှုရှိနေဆဲဖြစ်တာ တွေ့ရသလို စစ်ကောင်စီ အနေနဲ့ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှု တခုကိုမျှ စုံစမ်းအရေးယူ အပြစ်ပေးတာ မရှိသလို စစ်ကြောရေး မှာ အသက်ဆုံးရှုံးကြရသူ ရာဂဏန်းကျော်ပြီ ဖြစ်တဲ့ သူတွေအတွက်လည်း တဦးတယောက်မျှ အရေးယူခံကြရတာ မတွေ့ရတာကြောင့် ဒီလို ဖြစ်ရပ်တွေကို စစ်ကောင်စီက ခွင့်ပြုထားပြီး အကြောက်တရားရအောင် ရည်ရွယ်ကာ လုပ်ခွင့်ပြုထားတဲ့ သဘောလို့ ယူဆရပါတယ်။ 

လုံခြုံရေး ယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မိမိကိုယ် ကာကွယ်ရေးအတွက် သတ်ဖြတ်တယ်ဆိုတဲ့ အယူအဆအပေါ် အခြေခံပြီး ဖြစ်ပွားလာတဲ့ ဒလန်ရှင်းလင်းရေး သတ်ဖြတ်မှုတွေကလည်း ကာလကြာသည်နှင့်အမျှ အရေအတွက်က ရာဂဏန်းကနေ ထောင်ဂဏန်းထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။  

လူ့အခွင့်အရေး စံနှုန်း၊ ရှုထောင့်က ကြည့်ရင် ဘယ်လိုနည်းနဲ့ အကြောင်းပြချက်နဲ့ ဖြစ်ဖြစ် အရပ်သားတွေကို သတ်ဖြတ်မှုတွေအတွက် လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ လက်နက်ကိုင် အဖွဲ့ကို သတင်းပေးတယ်၊ လက်နက်ကိုင်အဖွဲ့ကို ထောက်ခံတယ်ဆိုရုံနဲ့ အသက်သေဆုံးအောင် ပစ်သတ်တာ၊ သတ်ဖြတ်တာ၊ နှိပ်စက် ညှဉ်းပန်းရင်း အသက်ဆုံးရှုံးသွားရတဲ့ ဖြစ်ရပ်တွေက မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အစွန်းအထင်းတွေဖြစ်ကျန်ခဲ့မှာ ဖြစ်ပါတယ်။ တဦးတလေ မဟုတ်ဘဲ ရာဂဏန်းနဲ့ ချီလာသည်နဲ့အမျှ တာဝန်ခံရတဲ့ ပမာဏက ထုနဲ့ထည်နဲ့ ဖြစ်လာမှာ ဖြစ်ပါတယ်။ အဖြစ်အပျက်တခု ဖြစ်ရပ်တခုအတွက် တာဝန်ခံရမှုတင်မဟုတ်တော့ဘဲ မူဝါဒဆိုင်ရာ တာဝန်ခံမှုတွေအထိ ဖြစ်လာမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

ဒီနေ့ သတင်းတွေထဲ ဖတ်ရှုကြည့်တဲ့အခါ မင်းတပ်မြို့နယ်မှာ မိန်းကလေး ၂ ဦး ကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်တပ်က ပစ်ခတ်ရာမှာ တဦးအသက်ဆုံးရှုံးခဲ့ရတဲ့ သတင်း၊ ပဲခူးတိုင်း ထန်းတပင် မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနဲ့ လက်ရှိ အုပ်ချုပ်ရေးမှူးတို့ကို PDF လို့ယူဆရတဲ့ လက်နက်ကိုင် အဖွဲ့က ပစ်သတ်ရာမှာ ၄င်းတို့ ၂ ဦးအပြင် ကလေးငယ် တဦးပါ ကျည်ထိမှန် သေဆုံးရတဲ့ သတင်းတွေ တွေ့ရှိရတာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ရွေးကောက်ပွဲအတွက် မြေပြင်လူစာရင်းကောက်ယူတဲ့ အုပ်ချုပ်ရေးဝန်ထမ်း ၄ ဦးကို မြောင်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ သတင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဆန့်ကျင်တားဆီးမှု ရွေးကောက်ပွဲ မဖြစ်အောင် စစ်ကောင်စီဆန့်ကျင်ရေး အဖွဲ့တွေက လုပ်ဆောင်ကြရာမှာ ခုဖြစ်ရပ်က ပထမဆုံး ဖမ်းဆီးတဲ့ အဖြစ်အပျက်လို့ ဆိုရမယ့် သဘောလည်း ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲ မဖြစ်အောင် တားဆီးဖို့ မအောင်မြင်အောင် လုပ်ဆောင်ကြရမှာ မြန်မာနိုင်ငံဒေသတခုနဲ့ တခုအကြား နည်းဗျူဟာတွေ မတူညီကြတာလည်း သတိပြုမိပါတယ်။ ခုအနေအထားအထိမှာတော့ PDF အဖွဲ့တွေအကြား၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား စစ်ကောင်စီရဲ့ မဲစာရင်းကောက်ယူတာနဲ့ ပတ်သက်တဲ့သူတွေကို ဘယ်လို ကိုင်တွယ်ကြမလဲဆိုတဲ့ အပိုင်းမှာ ရှင်းလင်းတူညီတဲ့ မူ၊ လုပ်ထုံးလုပ်နည်း ထွက်ပေါ် မလာနိုင်သေးတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar