Breaking News

သျှင်မျိုးငယ် - အညာသူမိအေး

အညာသူမိအေး
 သျှင်မျိုးငယ်
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃

ကျုပ်တို့အညာတခွင်ဟာ
ဟိုအရင်က သာယာပျော်ရွှင်စရာအတိ
ရွှေမရှိလည်း တောက်ပ
ငွေမရှိလည်း ဝမ်းဝ
လက်လုပ်လက်စားဆိုပေမယ့်
ကျုပ်တို့အဖို့ ဝမ်းစာအရေးဟာ
အလှမ်းကွာမဝေးခဲ့ပါဘူး။

ကျုပ်နာမည် မိအေး
ကိုညိုမောင်ရဲ့မယားပေါ့
အညာသူဆိုတော့ ညိုသပေါ့တော်။

နာမည်မိအေး 
တစက်ကလေးမှ မပူရမပင်ရ
ကိုရင်ညိုမောင်ကလည်း ချစ်သပ။

အညာမြေပုလဲနယ်တခွင်မှာ
ဂျုံ၊စပါး၊ ပြောင်း၊ ကြက်သွန်၊
ကုလားပဲ၊ ခရမ်းသီး၊ ခရမ်းချဉ်
စသဖြင့် သီးနှံစုံရကြသပ။

ကျုပ်တို့တော့ မဟုတ်ပေါင်
တောင်သူတွေများ ဌေးလိုက်သမ။

အငှားလိုက်ရတဲ့ကျုပ်တို့လည်း
အဖိုးအခတွေ ရွှင်လို့ပ။

ကျုပ်တို့အိမ်ကလေး
ထန်းလက်မိုး ထရန်ကာ
သာယာပျော်ရွှင် ကြည်နူးရ။

ကိုရင်ညိုမောင်နဲ့ ကျုပ်မိအေးမှာ
နောက်တွဲကလေးလည်း ရှိသပေါ့
ဖိုးသာဓုကလေး 
တရွာလုံးရဲ့အော့ကြောလန်ကလေးပေါ့
ကျုပ်တို့တော့ ချစ်မဝပေါ့လေ။

အညာဒေသရဲ့အလှအပတွေကို
အကျည်တန်းစေခဲ့တဲ့တနေ့တော့
အညာသူအညာသား သွေးဟာ ရဲရဲတောက်ခဲ့ကြ။

ကိုရင်ညိုမောင်လည်း
သူ့လက်စွဲတော်ဓားမတိုလေး ခါးထိုးလို့
မိအေး "ငါသွားပြီ " တဲ့။

အဲဒီနှုတ်ဆက်စကားအပြီး
တော့်မလည်း 
ဘယ်ခရီးတွေဆက်နေပါသလဲတော်။

စာမလာ သတင်းမကြား
မိအေးရင်မှာ ပူရပါသတော်။

စာမလာဆိုပေမယ့်
ကိုရင်ညိုမောင့် ပညာအရည်အချင်းက
ရွာဦးဆရာတော်ပေးတဲ့ 
ဘွဲ့နာမည်ကြီးသာ ရှိတာပ။

မျှော်မနေတော့ပါဘူး
သူထင်ရာ သူစိုင်း
တနေ့တော့ စစ်ကိုင်းရောက်တော့မပေါ့။

အညာဒေသရဲ့ လူငယ်လူလတ်
သိပ်ကိုဖျတ်လတ်တက်ကြွ
ပြိုင်တူရုန်းမှ လွတ်မယ် လို့‌ကြွေးကြော်
လွတ်မြောက်ရာလမ်းမှန်မျှော်လို့
အပြင်းချီတက်ကြလေပြီ။

အရင်အေးချမ်းတဲ့အညာဟာ
အခုတော့ ပူလောင်လွန်းလှဘိ။

ပြေးလိုက်လွှားလိုက်
ရှောင်လိုက်ပုန်းလိုက်
ကျုပ်တို့ရွာမှာလည်း မအေးချမ်းဘူး။
တုံးတိုက်လိုက် ကျားကိုက်လိုက်ပ။

မိအေးတော့
ကိုညိုမောင်မရှိတော့ ရင်ထဲတမျိုးကြီး
လွမ်းတယ်ဆိုတာကြီး ထင်ပါ့တော်။

မပြောတတ်ပါဘူး။
ဘယ်လိုကြီးကြောင်းမှန်း မသိဘူး။

ကိုညိုမောင်ရှိရင်
ပြေးလည်းအတူ အေးလည်းအတူ
မိအေးရင်အပူ‌တော့ လျော့မှာပေါ့။

တနေ့တော့
မိစ္ဆာတသိုက်
ကျုပ်တို့ရွာကို မီးနဲ့တိုက်တော့
ဆန်တခွဲအိတ်ကလေး ခေါင်းပေါ်တင်
ဖိုးသာဓုကလေး လက်ကဆွဲ
ဒန်အိုးအပိန်ကလေး ချိုင်းကြားညှပ်လို့
အဝတ်တထည် ကိုယ်တခု
အသက်ကိုလုလို့ ပြေးရသပ။

အပြေးမတော် ချော်လဲလို့
ယာကန်သင်းရိုးမှာ ဒူးကွဲခဲ့ရသေး။
အသက်နဲ့ ဝေးပါ့။

ဒါပေမယ့်လည်း 
ကိုညိုမောင့်ကို သတိကရလိုက်သေး။

ရွာအပြင် ခပ်လှမ်းလှမ်းကနေ
မီးတောက်တွေကို ငေးရင်း
မျက်ရည်ဟာ မြစ်ချောင်းလို စီးဆင်းရ။

ကျုပ်တို့ပုလဲအညာမြေမှာ
ထန်းပင်ထန်းလက်ထန်းရွက်က ဝေဝေ
ထန်းပင်တွေရဲ့ကျေးဇူးနဲ့
ထန်းရွက်မိုး ထန်းရွက်ကာ
ယာယီတဲနန်းမှာ
ရွာကလူတွေ သီတင်းသုံးနေကြတာပ။

အညာဟာ လဲမကျဘူး
အညာဟာ မပြိုလဲဘူး။

ထန်းပင်တွေရဲ့ကျေးဇူးဆိုလို့
ဟိုတနေ့က ကိုသာဝက
တော် ခွက်ပုန်းခုတ်ထားတဲ့
ထန်းရည်ဖိုးအကြွေးကို
ကျုပ်ကို မေးသေးသတော်
ပေးရမလား ပြောတော့
တော်ပြန်လာမှ တောင်းမတဲ့
သစ္စာရှိချက်က လွန်ပါရော
ဒါဟာ အညာရဲ့သဘောသဘာဝပါပဲ။

ညတွေဟာ ပိုမှောင်လာသလို
ဘဝတွေလည်း ပိုမှောင်လာပြီ
ကိုရင်ညိုမောင်ရေ
မှောင်မိုက်လွန်းလေလေ
ကြယ်တွေက တောက်ပလေလေ
လို့တော့ ကြားဖူးနားဝရှိတာပဲ။
အဲဒါနဲ့ ကြယ်တွေကို ကြည့်နေမိတာပ။

အစားမတော်တလုတ်
အသွားမတော်တလှမ်း
အစစအရာရာသတိရှိပါ ကိုညိုမောင်။

လင်းအရုဏ်ရောင်နီသန်းရင်
အောင်ပွဲနဲ့အတူ ပြန်လာမယ့်
ကိုရင်ညိုမောင့်အတွက်
အောင်သပြေ ညောင်ရေလောင်းကာ
တောင်းဆုတွေ အထပ်ထပ်‌ချွေလို့
တော့်မယား
အညာသူမိအေး
ရွှေရင် အေးချမ်းချင်စမ်းပါဘိလေ။ ။
                   -                       

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar