Breaking News

မောင်ဘဦး - မလွယ်ကူသောအလုပ် (သို့မဟုတ်) နောက်လိုက်ကောင်း


မောင်ဘဦး - မလွယ်ကူသောအလုပ် (သို့မဟုတ်) နောက်လိုက်ကောင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃


ငယ်ငယ်တုန်းက အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းတို့တွင် ဖြစ်သည်။

'အရိုင်' တီးမှုတ်ချိန်တွင် ဝိုင်းတော်သားများက နှဲ၊ ပလွေ၊ သံပီဆရာနှင့် အိုးစည်ဆရာ၊ ဒိုးဆရာတို့ကို အားပေးသည့်အနေ၊ “ဟေ - - - ” ဟူ၍ ဝိုင်းဝန်းကာ အော်ဟစ် အားပေးကြသည်။ ထိုသို့ အော်ဟစ်အားပေးချင်၍၊ တီးဝိုင်းနောက်မှ အမြဲလိုက်ခဲ့သည်။

“သံပီ” ခေါ်  နှဲ၊ ပလွေဆရာများကို သူတို့၏ ခွင်၊ ဆွဲဆွဲငင်ငင်၊ အချီ မချ,ခင်၊ အချိန် နရီပိုင်းလေးတွင် “အို- - ဟဲ့ - ဘာတဲ့တုံး” ဟူ၍၊ ခြိမ်းလုံး ခြောက်လုံး၊ မြှောက်လုံး ပင့်လုံး၊ တိုးတိုးသာသာ တီးနေရာမှ ရိုက်ခတ်တီးရန်၊ တက်သောအသံသို့ ကူးပြောင်းကြရန်၊ အားမာန် ထည့်ပေးကြသည်။

စင်စစ်၊ ထိုသို့ ဝိုင်းဝန်းကာ “ဟေ - - -” ဟူ၍ အော်ဟစ် အားပေးလိုက်သဖြင့် တီးဝိုင်းအတွက် ဆက်လက်တီးခတ်ဖို့ ပို၍ အားတက်သွားရသည်။ ပို၍မြူးကြွသွားရသည်။ နံဘေးက ဣန္ဒြေရှင် ကိုကို မမ၊ နားဆင်ကြသူအဖို့မှာလည်း ထ ကချင်စိတ်ပင် ပေါက်သွားစေရသည်။

အလှူ၊ ရှင်လောင်းလှည့်၊ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းတို့တွင်သာမက၊ ဆွမ်းတော်ကြီးခံ ‘ဗြော’အဖွဲ့တွင် လည်းကောင်း၊ အလှူ ဧည့်ခံ ဗလာဆိုင်း၊ ကနဦး ယိုးဒယားချီ တီးချိန်တွင် လည်းကောင်း၊ ထိုထိုတီးဝိုင်းတို့၏နောက်နားမှ နေ၍၊ “ဟုတ်ပေ - -ဗျို့”ဟု လိုက်အော်ရသည်ကလည်း အရသာတမျိုးပင်။

ထို ‘ဟုတ်ပေဗျိုး’သည်လည်း၊ မိမိသာမက တီးခတ်သူအပေါင်း၊ ကြားနာကြရသူအပေါင်းတို့ကို မြူးကြွရွှင်လန်း တက်ကြွလန်းဆန်းလာစေလေသည်။ အားမာန်ကို ဖြစ်စေလေသည်။ ထိုသို့ အားမာန်ကို ထည့်ပေးချင်၍လည်း တီးဝိုင်းနောက်မှ အမြဲလိုက်ခဲ့သည်။

အဖေကမူ “မင်းဟာက ‘ဝေလေလေ’ ထဲကလို ဖြစ်နေတယ် ငါ့သား။” ရော့ ‘နှဲ’။ ရော့ ‘ပုလွေ’။ ရော့ ‘ဂစ်တာ’။ သင်ပါဟ ‘စန္ဒရား’။ ဝယ်ပေးရှာသည်၊ သင်ပေးရှာသည်။ သားဖြစ်သူ ကျွန်ုပ်- မှာမူကား အဖေ လိုလားသလို၊ အဖေဖြစ်စေချင်သလိုတော့ဖြင့် မဟုတ်ခဲ့ပါ။ ပုံပြင်ထဲကလို 'ဝေလေလေ'သာ လုပ်ချင်ခဲ့သည်။

 ၁၀တန်းအောင်၊ တက္ကသိုလ်နယ်မြေသို့ ခြေချရသည့်အချိန်တွင်လည်း၊ ညည အဆောင်ဂစ်တာတီးအဖွဲ့ အဆောင်မှထွက်မည့်အချိန်ကို စောင့်မျှော်ရသည်မှာ အမောသား။ ‘ဆိုသလား’၊ ‘တီးသလား’ ဆိုလျှင်ဖြင့် မဆိုပါ၊ မတီးပါ။ ‘ခေါရပ်စ် ခေါ် သံပြိုင်’ နေရာရောက်လျှင်သာ နောက်ကနေ ဝိုင်းအော်ပါသည်။ အဖေ့ပုံပြင်ထဲကလို ‘ဝေလေလေ’သာ လုပ်ခဲ့ပါသည်။

ပုံပြင်ထဲကလို 'ဝေလေလေ လုပ်သည်ဆိုသော်ငြား၊ 'ဝေလေလေ' လုပ်ရသည်ကား စင်စစ် မလွယ်ကူလှပါ။ အိုးစည်ဝိုင်း ဒိုးပတ်ဝိုင်း ဗျောဝိုင်း ဆိုင်းဝိုင်း၊ သူတို့သီချင်းတိုင်းကို အလွတ်ရ၊ ထားရသည်။ စည်းဝါးကို ကျွမ်းကျင်နားလည်ထားရသည်။ ဤစည်း, ဤဝါး ဤနရီ ရောက်ပြီဆိုမှ ‘ဟုတ်ပ’, ‘ဟုတ်ပေ့---'ဟူ၍ လည်းကောင်း၊ ‘ဟေ ဝါး’ဟူ၍ လည်းကောင်း၊ အော်ဟစ်ရမည်။ အော်ဟစ်ရာတွင်လည်း ကီး ခေါ် သံစဉ်ကိုက်အောင် အော်တတ်ရမည်။ စည်းဝါးနရီကိုက်အောင် ဆွဲငင် အော်တတ်ရမည်။ ကီးမကိုက်၊ သံစဉ်မကိုက်၊ နရီစည်းဝါး မကိုက်ဘဲ၊ အာပြဲကြီးနှင့် ‘ဟေး လိုက်ပြန်လျှင်လည်း တဖွဲ့သားလုံး ပျက်ပါလေရော့။

ထိုမျှသာမကသေး၊ ‘ဝေလေလေ’နောက်လိုက်တို့သည် အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ ဗြောဝိုင်း၊ ဆိုင်းဝိုင်းတို့မှ အဖွဲ့တော်သားတွေနှင့်လည်း ရင်းနှီးခင်မင်အောင် ပေါင်းသင်းရသည်။ နှဲဆရာ ဒိုးဆရာတို့၏ 'အထာ'ကိုလည်း သိထားရသည်။ အချီတွင် ဘယ်နှဘားအထိ (စည်းဝါး မည်မျှလောက်အထိ) ချီပြီးမှ ချတတ်သူ၊ ဂီတပညာ မာနရှိသူ စသည်စသည် သူတို့သူတို့၏ အထာကိုလည်း သိထားရသည်။

ပတ်စာကြိတ်ရန် ထမင်းဆို-ထမင်း၊ ပြာဆို-ပြာ ယူပေးရသည်၊ ပတ်စာ နယ်ပေးရသည်။ ပတ်စာ ရေစာ အပျော့ အမာ ကြိုက်သူ မကြိုက်သူ အထာသိထားရသည်။ ကွမ်းယာ ဆေးလိပ် ဝယ်ပေးရသည်။ အလှူ့ဒါယကာ ဒါယိကာမ အမျိုးအဆွေတို့၏အမည်များ ထည့်သွင်း သီဆိုနိုင်အောင် ဖိတ်စာက အစ, ယူထားပေးတတ်ရသည်။

 ပွဲပြီးလျှင် လင်းကွင်းဖြင့် ပတ်စာခွာပေး၊ အိုးစည်ဒိုးပတ်၊ လင်ကွင်း စသည်တို့ကို သိမ်းဆည်းပေးတတ်ရသည်။

နောက်ဆုံး “မင့်ဟာ ဝေလေလေထဲကပါကွာ” ဟူ၍ မိဘမောင်ဖား အဆွေအမျိုးတို့၏ အထင်းသေးစွာသော အပြောကိုလည်း ခံနှိုင်ရည် ရှိရသည်။

အနှီ 'ဝေလေလေ'ကောင်ကို အဘယ်ကွမ်းတောင်ကိုင်၊ အဘယ် ပန်းတောင်ကိုင်ကမျှ မျက်မွှေးထော် မော်မကြည့်ကြ၊ မျက်စောင်းချိပ် ခပ်ရိပ်ရိပ်ပင် မကြည့်ကြ။

“တော်လှန်ရေးကာလ”၊ “ပြန်လည်တည်ဆောက်ရေးကာလ”၊ “ဝေလေလေ- နောက်လိုက်ကောင်းများစွာ” ပေါ်ထွန်းလာပါစေ၊ ဝေလေလေတို့ကြောင့် တီးဝိုင်း မပျက်ပါစေနှင့်၊ ဟု ဆုမွန်ခြွေလျက်။

သုခိတာ ဟောထ၊ ချမ်းသာကြပါစေ။

မောင်ဘဦး

၈၄တွဲကျော် ၃

(၅/- စစ်ရှောင်နယ်‌မြေ တစ်နေရာ)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar