Breaking News

လင်းလက်နွေဦး - တောင်ကျရေထဲ ဝဲထကျန်ရစ်ခဲ့တဲ့ မြက်ပင်

တောင်ကျရေထဲ ဝဲထကျန်ရစ်ခဲ့တဲ့ မြက်ပင်
လင်းလက်နွေဦး
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃
 
ကဗျာဉာဏ် စာဉာဏ်ဆိုတာကလည်း ခေတ်နဲ့အညီ ရှားပါးလာတာလား မသိပါဘူး။ တနေ့က ဇနီး ဖြစ်သူက ခြံထဲက ရှောက်ပင်က (အောင်မယ်၊ စာတစ်ကြောင်း ‘က’ကြီး ဆယ်ခါပါတောင် ဖြစ်ကုန်ပါပကော) ရှောက်ညွန့်လေးတွေ ခူးလာတယ်။ ကျနော်က ‘ငါ့ရှောက်ပင်လေးမှာ ကိုယ်ဝန်ကြီးနဲ့ကိုကွာ၊ ဘာလို့ နှိပ်စက် နေတာလဲ’လို့၊ ကွန့်ပြောလိုက်မိတယ်။ ဒီတော့ သမီးဖြစ်သူက ရယ်တာပေါ့။ ‘အဖေကလည်း ရှောက်ပင်ကို ဘယ် လိုပြောနေတာလဲ’တဲ့။ ‘ဟုတ်တယ်လေ၊ အဲကောင်မလေး ပန်းပြနေပြီ၊ သီးတော့မှာ၊ နင့်အမေက သီးမှ ခူးစားချင်တာ၊ ရေလောင်းဖော်တောင် မရဘူး၊ အပွင့်လေးတွေ ကြွေသွားရင် အသီးတင်တော့မှာ မဟုတ်ဘူး’ လို့ ပြန်ပြောလိုက်တယ်။ ဟုတ်တယ်ဗျ၊ ကျနော့် အမျိုးသမီးက ခြံထဲက အပင်တွေကို စိတ်မဝင်စားပါဘူး။ တခါတလေများ ခူးပေး ချိုးပေး ဆိတ်ပေး သင်ပေးရပါတယ်။ ငါးပိရည် ငံပြာရည် ကောင်းကောင်းချက်တဲ့နေ့ ဆိုရင်တော့ ရှိသမျှအပင်တွေကတော့ အညွန့်တွေ လိုက်ဖဲ့တော့တာပဲ။ မနှစ်က ကြောင်လျှာပင်ပေါက်ကနေ အညွန့်တွေ အကုန်ခူးလာလို့ အပင်လေးခမျာ ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေတာ ခုထိပဲ။ ရက်စက်လိုက်တာ။

ထမင်းဝိုင်းမှာ ရှောက်ညွန့်နုနုလေးတွေကို ကြည့်ပြီး နှမြောတသ ဖြစ်ခဲ့ရတယ်။ အညွန့်လေးတွေ၊ ထွက်ခါစ အညွန့်လေးတွေ၊ ရှိန်းမြမြ စိမ်းနုနုလေးတွေ။ ဒီအပင်က အပင်အိုကြီး၊ ကျနော်က ကိုင်းတွေ ခုတ်၊ မြေဆွေးတွေ အပင်ခြေ ပုံ၊ မြေဩဇာတွေ ထည့်၊ ရေလောင်းပေးလို့ ဒီနှစ်မှ ပန်းပြတဲ့ကောင်ကြီး။ အဲ ကောင်မကြီး။ အရင်နှစ်က ပွင့်မှန်းတောင် မသိလိုက်ဘူး၊ အသီးနှစ်လုံးတင်မှ မြင်ရတာ။ ဒီနှစ်တော့ ပန်းတွေ အများကြီး ဖူးနေပွင့်နေပြီ။ ကျနော့်ခေါင်းထဲ လက်ခနဲ အတွေးတခု ဝင်လာတယ်။ ‘ဘယ်ပန်းမှ မတော်တဆ ပွင့်လာတာ မဟုတ်ဘူး’ လို။ လှတယ်နော်။ လှ လှ မလှ လှ၊ လှတယ်ပဲ လုပ်လိုက်မယ်။ သေနေတဲ့ ကဗျာဉာဏ်တွေကြား၊ ဒီတစ်ကြောင်းဟာ တကယ် လှတယ်ပေါ့။

အဲတင် ကျနော် ဇွတ်လှပြီး ဇွတ်ရေးတော့တာပဲ။

‘ဘယ်ပန်းမှ

မတော်တဆ ပွင့်လာတာ

မဟုတ်ဘူး’

ပြီးတော့ ဘာဆက်ရေးရမလဲ၊ စဉ်းစားတယ်... စဉ်းစားတယ်။ ဆရာကြီးရွှေဥဒေါင်းစကား ယူသုံးရရင် တော့ ‘အရေးတွေက ဆိုင်းနေပေမယ့် အတွေးတွေးက တဒိုင်းဒိုင်းနဲ့’ပေါ့။ ငယ်ဆရာတစ်ယောက် ပြောဖူးတဲ့ ဟာသလေးလိုပဲ။ ဆရာက အတန်းထဲမှာ ကျနော့်ကို မတ်တပ်ရပ်ခိုင်းပြီး ကဗျာစပ်ခိုင်းတယ်။ ကဗျာရူးက တစ်ဦးထဲဆိုတော့ ပြိုင်ပွဲတိုင်း ပထမရနေတာကိုး။ ဒါပေမယ့် လူကြားထဲ ဘယ်စပ်တတ်မလဲ။ ဒါနဲ့ ဆရာက ဟာသ ပြောပြတယ်။ ဒီလို ဖြစ်မယ်၊ ဒီဟာသ ပြောမယ်လို့ ဆရာက ဂွင်ဆင်ခဲ့ဟန် တူပါရဲ့။

တခါက ဖိုးသူတော်တစ်ယောက်ပေါ့ဗျာ၊ ယပ်တောင်လေးကို ကြည့်ပြီး ‘ရိုးမြင့်ရွက်ရှည်’လို့ စာစ ချိုး လိုက်သတဲ့။ အနားမှာရှိတဲ့ ဆရာတော်က သဘောကျသွားတာပေါ့။ ‘ဟ သူတော် လုပ်ပါဦး၊ ဆက်ပါဦး’ ဆိုတော့ ‘တိုးမြင့်ကျက်သရေ’ လို့ ထပ်စပ်လိုက်သတဲ့။ ‘ရိုးမြင့်ရွက်ရှည်၊ တိုးမြင့်ကျက်သရေ’ ဟုတ်နေပြီ သူတော်ရေ၊ ဆက်စမ်းပါဦးဟ ဆိုတော့၊ ဦးသူတော်ကြီး ခေါင်းကုတ်သွားတယ်။ စဉ်းစားတယ်... အချိန်ယူ စဉ်းစားတယ်။ ကိုယ်ချင်းစာလိုက်တာဗျာ။ ကြာတော့ ဘုန်းကြီးလည်း စိတ်မရှည်ဘူးထင်ပါရဲ့၊ ဖိအားတွေ ပေးမှာပေါ့။ ဖိအားပေးလေ၊ ဟိုက ကဗျာဉာဏ်က မထွက်လေ။ နောက်ဆုံး ဖြစ်ချင်ရာဖြစ် ဆိုပြီး ... ‘ဂိုးဂွင့်ဂွက်ဂွေ’လို့ ဆိုထည့်လိုက်တယ်။

‘ဘာ ဂိုးဂွင့်ဂွက်ဂွေလဲ သူတော်ရ’။ ‘ရိုးမြင့်ရွက်ရှည်၊ တိုးမြင့်ကျက်သရေ၊ ဂိုးဂွင့်ဂွက်ဂွေ ပါ ဘုရား’လို့ အငေါ်တူးလိုက်တယ်။ ဘုန်းကြီးဆိုတာမျိုးက စိတ်ရှည်တဲ့သူ နည်းတယ်ထင်ပါရဲ့။ ထကန်မယ်လုပ်တော့၊ ဓာတ်သိ ဦးသူတော်ကြီး ကျောင်းပေါ်က ပြေးဆင်းသွားရာလိုက်တာ လှေကားထစ်ကနေချော်ကျ၊ ကျောင်း အောက်က စဉ့်အိုးကြီးနဲ့ ဖက်မိသွားသတဲ့။ ဒီတော့ ‘အိုးနှင့်ဖက်သလေ’လို့ အော်ပြန်သတဲ့။ ခု ကျနော်လည်း ‘အိုးနှင့်ဖက်သလေ’လို့ပဲ ဆက်ရေးရမယ် ထင်ပါရဲ့။

ထမင်းစားနေရင်းလည်း ဆက်တွေးတယ်။ ဈေးရောင်းရင်း ဆက်တွေးတယ်။ ဈေးရောင်းရတာလည်း (၂)နှစ်သားဈေးသည်ဆိုတော့ မလည် မဝယ် ယောင်အမ်းအမ်းလေးပေါ့။ ထမင်းစားရင်းတောင် ထရောင်းပေး ရတာမျိုး ရှိလေတော့၊ အတွေးတွေက ကိုင်းဆတ်တဲ့တမာလိုပဲ ဂျွတ်ခနဲ ဂျွတ်ခနဲ ကျိုးလွယ်နေတယ်။ အရင်ကတော့ ရုံးခန်းထဲမှာ ခပ်တည်တည်နဲ့ စာထိုင်ရေးနေလို့ ရတယ်လေ။ ဆရာမတွေတောင် အတင်းထိုင် တုပ်နေကြတာပဲ မဟုတ်လား။ ခုတော့ စားသုတ်သုတ်၊ သွားသုတ်သုတ်ဆိုတော့ ခင်ဗျားကဗျာဉာဏ်က  ဆွဲဆန့်လို့ကို မရတော့ပါဘူး။ ထားပါ... ကိုယ့်ပါရမီကိုက နည်းလို့ပါ။

ဟိုမယ်... ဒုတိယကမ္ဘာစစ် ဗုံးခိုကျင်းကြီးထဲမှာတောင် အချစ်ညှောင့်လေး ဘာညာနဲ့ သီချင်းတွေ တောင် စပ်ပစ်ခဲ့သေးတယ် မဟုတ်လား။ နန်းတော်ရှေ့ဆရာတင်လေ။ ဒီမှာတော့ ဟိုအပူ ဒီအပူတွေနဲ့ ငရဲကျ နေလေတော့ အချစ်ဆူးကြီးလည်း မစူးနိုင်တော့ပါဘူး။ စိတ်ကလည်း အတက်အကျကြမ်းသကိုး။ စိတ်ဓာတ် ကျနေရင် သစ်ရွက်ဝါလေး မြေခရင်တောင် မျက်ရည်တွေက ကြွေကျချင်နေသူ။ ‘ကြွေလုလု အသည်းစိုင်ငယ် ဆုပ်ဆွဲကိုင်ထားသည့်နှယ်’လို့ ရေးကြမယ် ထင်ပါရဲ့။ ရှေးစာဆိုကြီးတွေဆိုရင်ပေါ့။ ဇွန်းမီတင်းတွေ ဘာတွေ တက်၊ ဟိုသတင်း ဒီသတင်းလေးတွေနဲ့ စိတ်အားပြန်တင်းနိုင်ရင်တော့၊ ‘ဘာလဲဟဲ့ လောကဓံ’တွေဘာတွေ ဖြစ်ကုန် တော့တာပဲ။

ဒါပေမယ့် သိတဲ့အတိုင်း ဦးနှောက်နဲ့ နှလုံးသားစစ်ပွဲမှာ၊ နှလုံးသားဆိုတာ ဦးနှောက်ရဲ့ ငယ်နိုင် မဟုတ် လား။ မြန်မာပြည်မှာပါ။ ဒါကြောင့် မမြဝင်းက ဦးဘချစ်ကို ရွေးသွားတာပဲနော်။ ‘ဗိုလ်အောင်ဒင် လူရိုးကြီးခမျာ အရူးကြီးပမာ ဖြစ်ကာ ဇာတ်သိမ်းသည်...’ဆိုလားပဲ။ ဒါကြောင့်လည်းပဲ ‘တစ်နေ့ စာတစ်ပုဒ် ရေးမယ်ဟဲ့’ ကနေ တစ်ပတ်တစ်ပုဒ်ဆိုလည်း မဆိုးပါဘူး ဖြစ်လာတယ်၊ ဟော ခုဆို တစ်ခါတလေ စိတ်အယားထလာမှ ရေးမိတော့တာမျိုး ဖြစ်လာတော့တာပဲ။ ဒေတာတွေ သတင်းအချက်အလက်တွေကနေ နှလုံးသားလေးကို စိုး မိုးထားပြီကိုး။ မရေးနဲ့၊ သိသွားလိမ့်မယ်။ မရေးနဲ့၊ မိသွားရင် မချောင်ဘူး။ ရေးတော့ကော ဘာထူးလာမှာမို့လဲ ဆိုတာက ပါသေး။

ဦးနှောက်က အနိုင်ရနေတဲ့ ပတ်ဝန်းကျင်ထဲ လူမှုရေးတွေက အရင်လို များလာတယ်။ အလှူနဲ့ မင်္ဂလာဆောင်နဲ့။ တပေါင်းမရောက်ခင် ဆောင်ရမယ်ဆိုပြီး မိုးဦးကျ မှိုတွေလို မင်္ဂလာဆောင်တွေက တဖွဲဖွဲ။ ငါးထောင် တစ်သောင်းနဲ့ ပါသွားလိုက်တာ။ တလရမှာသာ မလှူရဲတာ၊ ဒါမျိုးကျ လက်ဖွဲ့လိုက်ရတာ မနည်း ဘူး။ အသိတစ်ယောက်က ပြောဖူးတယ်၊ ရှိလို့ လှူတာတော့ ထားပါတော့၊ အလှူငွေ မထည့်လည်း ရတယ်။ မင်္ဂလာဆောင်ကတော့ ထည့်သင့်တယ်တဲ့။ သားတွေ သမီးတွေဆိုတာ မိဘရှိမှန်းမသိ မရှိမှန်းမသိ၊ အရွယ် ရောက်တာနဲ့ မိန်းမခိုးပြေးချင်၊ လိုက်ပြေးချင်နေတာတဲ့လေ။ အဲတော့ မိဘလုပ်သူတွေက မဖြစ်မနေ မင်္ဂလာ ဆောင်ပေးရတော့တာပဲတဲ့။ လောကသဘာဝ ‘သီးချိန်တန် သီး၊ ပွင့်ချိန်တန် ပွင့်’ပေါ့လေ။ စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူတွေကတော့ ‘ဒီမိုကရေစီမရမချင်း အိမ်ထောင်မပြု’လို့ ကြွေးကြော်ထားတဲ့သူတွေလည်း ရှိပါရဲ့။

အဲ၊ တချို့ လွတ်မြောက်နယ်မြေတွေမှာတော့ ပီဒီအက်ရဲဘော်နဲ့ စီဒီအမ်ဆရာမလေးတို့လို့ ချစ်သူနဲ့ တွဲ၊ မုန်းသူကို ဖြဲမယ့်သူတွေလည်း ရှိပါရဲ့။ ကောင်းပါရဲ့။ ရှေးမင်းတွေလို ရွှေလမ်းငွေလမ်းခင်းကြတာပဲ မဟုတ်ဘူးလား။

ဒါပေမယ့် ပတ်ဝန်းကျင်နဲ့အသားမကျနိုင်သူခမျာ၊ ချစ်လှပါရဲ့ဆိုတဲ့ ကလောင်တံနဲ့တွေ့တာတောင် မပျော်နိုင်တော့ပြီ။ ကလောင်နာမည်ဟောင်းလေးတွေ မေ့တေ့တေ့။ လေးစားခဲ့ရတဲ့ စီနီယာစာပေသမားတချို့ နဲ့ အဆက်အသွယ်ဖြတ်ခဲ့ရပြီ။ မျှော်ငေးခဲ့ရတဲ့ စာမျက်နှာတွေ မေ့ထားလိုက်ပြီ။ ကျွမ်းဝင်ခဲ့ရတဲ့ အစိုးရ အလုပ်ကို ကျောခိုင်းခဲ့ရပြီ။ ရင်းနှီးခဲ့ရတဲ့ အပေါင်းအသင်းတချို့ကို မျက်နှာလွှဲခဲ့ရပြီ။ နေပျော်ခဲ့ရတဲ့ အရပ် ဒေသတွေကိုလည်း စွန့်ခွာခဲ့ရပြီ။ ဆုံနေကျဘီယာဆိုင်လေး၊ ထိုင်နေကျလက်ဖက်ရည်ဆိုင်လေးရယ် နေရစ်ခဲ့တော့ သက်လှယ်။ ချစ်ခင်ရသူတွေက တကွဲတပြား၊ သူတို့က နိုင်ရာ တာဝန်သစ်တွေနဲ့ အားကြိုးခနဲ။

ကျနော့်မှာတော့ အသက်ငွေ့ငွေ့ကို ရှိူက်သွင်းရင်း...။ လက်ဆိပ်မိလို့ ညှိုးရော်နေတဲ့ စိတ်အညွန့်လေး နဲ့ပေါ့။

၂၀.၂.၂၀၂၃ ညနေ ၄နာရီ ၁၅မိနစ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar