Breaking News

ညိုထွန်းလူ - အဘိုးအိုနှင့် နွေဦးသစ်ပင်

Photo- Linn Shi La
အဘိုးအိုနှင့် နွေဦးသစ်ပင်
ညိုထွန်းလူ
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၂၃

ခန္ဓာကိုယ်ကိုမနည်းသယ်ဆောင်နေရရှာသည့်အဘိုးအိုသည် တောင်ဝှေးတစ်ချောင်းကိုအဖော်ပြု၍ နှေးကွေးလေးလံသည့်ခြေလှမ်းတွေဖြင့် ကုန်းမြင့်ပေါ်ရှိသစ်ပင်ကြီးဆီသို့ တရွေ့ရွေ့။
တကယ်တော့သွားရမည့်နေရာသည် သူ့တဲအိမ်နှင့်ခြေလှမ်းရှစ်ဆယ်ခန့်ကွာဝေးသော်လည်း စိတ်အလိုအတိုင်း
ခန္ဓာကိုယ်က မလိုက်နိုင်တော့ပြီ။ သူ့ခမျာ ခြေတစ်လှမ်းရွေ့လိုက်တိုင်း မောဟိုက်ပင်ပန်းနေရှာသည်။ တခဏရပ်နားလိုက်ရင်း သစ်ပင်ကြီးကိုလှမ်း၍ ငေးကြည့်လိုက်သည်။ ဆောင်းနှောင်းကာလဖြစ်၍ အရွက်တွေ တဖြုတ် ဖြုတ်ကြွေကျရင်း မွဲခြောက်နေသည့်အကိုင်းအခက်တွေနှင့်သစ်ပင်ကြီးကိုတွေ့လိုက်ရ၍ အဘိုးအို၏
မျက်နှာပေါ်မှာ အပြုံးရိပ်တွေ ဖြတ်သန်းသွားခဲ့သည်။ မင်းလည်း ငါ့လိုပဲ အိုသွားပြီကောကွာ . .ဟု အသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။ ထို့နောက် တောင်ဝှေးကိုထောက်ပြီး ရှေ့ကိုခပ်နှေးနှေး ဆက်လျှောက်သွားသည်။

နာရီဝက်လောက်အကြာတွင်သစ်ပင်ခြေရင်းကိုရောက်သွားခဲ့၍ ကျေနပ်ပျော်ရွှင်သွား၏။ တောင်ဝှေးကိုအနားမှာချထားလိုက်ပြီးအမြစ်ဆုံတစ်ခုကိုကျောမှီ၍ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ 
သည့်နောက် အသက်မျဉ်းမျှဉ်းရှူရင်း အချိန်ကြာကြာအမောဖြေ အနားယူနေခဲ့သည်။ စက်ဝန်းတစ်ခုလိုမရပ်မနားလည်ပတ်နေသည့် ဘဝဆိုသည့်ဝဲဩဃထဲမှာ ခဏတဖြုတ်တော့ အနားယူဖို့လိုအပ်နေသည်ပဲ။
သစ်ရွက်တွေကျဲပါးသွား၍အပင်အောက်မှာထိုင်နေသည့်သူ့ခန္ဓာကိုယ်ပေါ်သို့ နေအလင်းရောင်တွေ တိုက်ရိုက်ထိုးကျနေလျက်။ အပူရှိန်သည် တစ်စတစ်စ ပြင်းထန်လာခဲ့ပြီး သူ့ဆီကအင်အားတွေကို ဆွဲနှုတ်နေလျက်ရှိသည်။ သို့ရာတွင် အဘိုးအိုကတော့သည် အနေအထားကိုသတိပြုမိဟန်မတူ။ စိတ်အာရုံတွေကကျန်ရစ်ခဲ့သည့် အတိတ်ကာလဆီသို့ ရောက်နေခဲ့သည်။ 
 အသက်အရွယ်ကြီးရင့်လာသူတို့အတွက် အနာဂတ်သည်တိုတောင်းသွားပြီး ကုန်လွန်ခဲ့သည့်အတိတ်ကာလသည်ပြန်လည်နိုးထရှည်လျားလာစမြဲ။ အဘိုးအို၏မျက်လုံးတွေ တဖျတ်ဖျတ်လင်းလက်လာခဲ့သည်။ မင်းမှတ်မိသေလား . .ဟိုတုန်းက လေကွာဟုသစ်ပင်ကြီးကို သူပြောလိုက်သည်။

"ငါ့ကိုမွေးတော့ မင်းကတော်တော်လေးကိုကြီးထွားနေပါပကော။ အဖေနဲ့အမေက ယာတောကိုသွားတိုင်း ငါ့ကိုဒီနေရာမှာပဲစိတ်ချလက်ချနဲ့ထားခဲ့တယ်။‌ မင့်အရိပ်အောက်မှာနေ့ရက်ပေါင်းများစွာအိပ်စက်ရင်းနဲ့ လူလား
မြောက်လာခဲ့ရတယ်။ မင်းက ငါ့ကိုစောင့်ရှောက်ပေးခဲ့တဲ့ အကိုကြီးတစ်ယောက်ပဲ။ ပြေးနိုင်လွှားနိုင်ဆော့နိုင်တဲ့အရွယ်ရောက်တော့ မင်းဟာငါ့အတွက်‌ ဆော့စရာဖြစ်သွားခဲ့ပြန်တယ်။ အပင်ပေါ်ကိုတက်တယ်။ အရွက်တွေကိုချွေချတယ်။ သစ်ကိုင်းတွေကိုခိုစီးတယ်။ မင်းကတော့ ငါစိတ်ထင်တိုင်းလုပ်သမျှကို ပြုံးပြုံးကြီးကြည့်နေမှာပါ။

တကယ်တော့ မင်းကငါ့ရဲ့အကိုကြီးတယောက်တင်မဟုတ်ပဲ ကောင်းတိုင်ပင်ဆိုးတိုင်ပင်ရတဲ့ သူငယ်ချင်းတယောက်ဆိုလည်း မမှားဘူး။ ငါ့ချစ်သူနဲ့ဒီနေရာမှာပဲ ချိန်းတွေ့ခဲ့ကြတုန်းကလေ။ လမိုက်ညမို့ တလောကလုံးမှောင်မိုက်နေတဲ့အချိန်မှာ သူ့ကိုဖက်နမ်းလိုက်တော့ သူကချက်ချင်းရုန်းထွက်ပြီး အဲဒီလိုမလုပ်ပါနဲ့ရှင်၊ ဒီသစ် ပင်က ရုက္ခစိုးမြင်သွားမှာ ကျုပ်ကြောက်တယ်တော့လို့ ပြောလိုက်တော့ ငါကတဟားဟားရယ်ရင်း ဘာကြောက်စရာမှမလိုဘူး၊ ရုက္ခစိုးက ငါပဲလေလို့ ပြောလိုက်ရတယ်။ သူ့ခမျာ မင်းနဲ့ငါကညီအကိုလိုဖြစ်နေတာကို မသိရှာပဲကိုးကွ။ အဲဒီတုန်းကတော့မင်းကလည်းငါ့ကို တော်တော်ဆိုးတဲ့ကောင်လို့ထင်နေမလားဟ။ ဟီဟိ . .
နောက်တစ်နှစ်ကြာတော့ငါတို့လက်ထပ်လိုက်ကြတယ်။ သားသမီးတွေရလာကြလို့ ငါတို့လင်မယား ယာတောကိုသွားကြတဲ့အခါ ကလေးတွေကိုငါ့တုန်းကလိုပဲ မင်းရဲ့အရိပ်အောက်မှာပဲ ထားခဲ့ရတယ်။ ငါ့ကလေးတွေကလည်း မင့်အပေါ်တက်ပြီးဆော့ကြ၊ အကိုင်းအခက်တွေချိုးကြနဲ့အတော်ဆိုးသကွာ။ မင်းကအပြုံးမပျက်သည်း
ညည်းခံနိုင်လွန်းလို့ အားနာသွားရတယ်။

ငါ့လောကငါ့ဘဝကလေးဟာ သေးငယ်ကျဉ်းမြောင်းပေမယ့်သားသမီးတွေ တပြုံတထွေးနဲ့ ငါတို့မိသားစုရယ် မင်းရယ်ရှိနေခဲ့လို့ စိတ်ချမ်းသာပျော်ရွှင်ခဲ့ရတယ်။ ဒီထက်တခြားဘာများတောင့်တစရာ လိုဦးမှာလဲကွာ။
နှစ်တွေကြာလာတော့ ကလေးတွေလည်း အ‌ရွယ်ရောက်လာကြပြီး ငါတို့အနားက တယောက်ပြီးတယောက်
 ထွက်ခွာသွားကြပြန်တယ်။ အတောင်အလက်စုံတော့လည်း ကျယ်ဝန်းတဲ့လူ့လောကကြီးထဲကိုပျံသန်းကြတော့မှာပေါ့။ ဒီလိုနဲ့သူတို့တတွေ ထွက်ခွာသွားကြရင်း နောက်ဆုံးတော့လည်း အဘိုးအိုနဲ့ အဘွားအို ငါတို့
လင်မယားပဲ ကျန်ရစ်ခဲ့ကြတယ်။ ဒါ‌တွေကလည်း ဖြစ်ရိုးဖြစ်စဉ်မို့သိပ်ခံစားမနေပါဘူး။ တို့နှစ်ယောက်တည်းစခဲ့တဲ့ဘဝဟာ နောက်ဆုံးတော့လည်း တို့နှစ်ယောက်ပဲကျန်ရစ်ခဲ့ကြရစမြဲပေကိုး။

ငါ့လောက ငါ့ဘဝကလေးဟာ ငါနေတဲ့တဲအိမ်ကလေးရယ် ငါ့ဇနီးအဖွားအိုရယ် မင်းရယ်ရှိနေတုန်းမို့  စိတ်ချမ်းသာပါတယ်။ ဒါပေမယ့်မနှစ်တုန်းကငါ့ကိုအဘွားအိုကထားခဲ့ပြီး ရှေ့ခရီးကို ထွက်ခွာသွားခဲ့ပြန်တယ်။ အဲတော့ ငါတစ်ယောက်တည်းနေရလို့ သားသမီးတွေကစိတ်မချဘဲ သူတို့နဲ့အတူနေဖို့ခေါ်ကြတယ်။ ငါငြင်းလိုက်တာပေါ့ကွာ။ သူတို့အမြင်မှာ ငါတစ်ယောက်တည်းနေရတယ်လို့ ထင်ရပေမယ့် ငါ့အနားမှာမင်းရှိနေသေးမင့်ဟာဘာပြုလို့ အားငယ်နေရမှာလဲ။

ငါ့သားသမီးတွေလည်း သူတို့အခြေချခဲ့ကြတဲ့လောကဝန်းကျင်ထဲမှာ သူတို့ရဲ့အကောင်းဆုံးမိတ်ဆွေသစ်ပင်ကိုယ်စီနဲ့ရှိနေကြမယ်လို့ ငါထင်တယ်။လူ့ဘဝဟာမမြဲ‌ခဲ့ပေမယ့် အသက်ရှင်သန်နေတဲ့ကာတလျှောက်လုံးမှာ အရင်ဆုံးအခြေခိုင်အောင်တော့ တည်ဆောက်ကြရသေးတာကိုးကွ။ မင်းတို့နဲ့ငါတို့ကအတူတူပဲသူငယ်ချင်း။ 
မင်းတို့လည်း နေရာတနေရာမှာ အမြစ်တွေနဲ့ဖမ်းဆုပ်ပြီးခိုင်မာလာတော့မှ ရှင်သန်ကြီးထွားလာခဲ့ကြရတာပဲမဟုတ်လား။
သူငယ်ချင်းရယ် အခုအတောအတွင်းမှာ ဘဝဟာတိုတောင်းပြီး အချိန်တန်တော့လည်း အရာအားလုံးကို 
စွန့်ပစ်ထားခဲ့ရတာပဲဆိုတာချည်းပဲ တွေးမိနေသကွ။ ဒါပေမယ့်အတိတ်ကာလထဲမှာနစ်မျောပြီးလက်ရှိဖြတ် သန်းနေတဲ့နေ့ရက်တွေကို မေ့လျော့နေတဲ့ငါဟာ အချိန်တန်ရင်ရွက်နုရွက်သစ်တွေနဲ့ငယ်ရုပ်ဆင်လန်းဆန်းနေတဲ့မင်းကိုမြင်လိုက်ရတော့လည်း ငါ့ရင်ထဲမှာအင်အားတွေနိုးကြွလာခဲ့ပြန်‌ရော။ ဒါကငါ့စိတ်ထဲမှာ အရောရောအထွေးထွေးဖြစ်နေတဲ့အတွေးခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြတာနော်။ မင်းကငါ့အပေါ်မှာနားလည်ပြီးသားပါ။ ဘာပဲဖြစ်ဖြစ်‌ပေါ့လေ ခက်ခဲပင်ပန်းဆင်းရဲခဲ့ရတာတွနာကျင်ခဲ့ရတာတွေကိုကြံ့ကြံ့ခံဖြတ်သန်းပြီး ငါတို့ရှင်သန်ကြီးပြင်းခဲ့ကြတယ်။ ပျော်ရွှင်ခဲ့ကြတယ်။ အဲဒီအတွက်ငါကျေနပ်သွားခဲ့ရတယ်။"

အဘိုးအို၏မျက်လုံးတွေမှေးမှိတ်သွားခဲ့သည်။ ရုတ်တရက်အိပ်ပျော်သွားသည်ဟုထင်မှတ်လိုက်သည်။ ထိုစဥ်သူ့အနားသို့တစ်ယောက်ယောက်ကတီးတိုးပြောလိုက်သည့်အသံကိုကြားလိုက်ရ၍ အံ့ဩသွားခဲ့သည်။

"မင်းကသိပ်ရိုးသားပြီးချစ်စရာကောင်းတဲ့သူပါကွာ။ ဒါပေမယ့်‌ တို့ရှင်သန်တဲ့လောကဝန်းကျင်ကြီးတခုလုံးဟာ မင်းထင်သလိုမရိုးရှင်းခဲ့ဘူးကွ။ ဒီကမ္ဘာမြေလွှာပေါ်မှာ အားလုံးအသက်ရှင်နေထိုင်ခဲ့ကြရတယ်။ ဒါပေမယ့် နေတစ်နေရာကို အေးအေးချမ်းချမ်းနဲ့ အခြေချနေထိုင်ခွင့် ဆုံးရှုံးခဲ့ကြရတဲ့လူတွေနဲ့ ရှင်သန်ကြီးပြင်းခွင့် မရကြတဲ့
ငါတို့သစ်ပင်တွေက မရေမတွက်နိုင်လောက်အောင်ပဲ သူငယ်ချင်း။ ငါတို့သစ်ပင်တွေနဲ့မင်းတို့လူသားတွေဟာ တစ်ဦးကိုတစ်ဦး အမှီသဟဲပြုပြီး ရှင်သန်ကြီးပြင်းခဲ့ကြရပေမယ့် ငါတို့အားလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့သက်တမ်းစေ့အောင်နေခွင့်မပေးခဲ့ဘူး။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကွာ၊ ငါက‌တော့အားလျော့စိတ်ပျက်မ‌နေဘူး။အသက်ရှင်သန်ခွင့်ရှိသမျှ ငါရှင်သန်နေမယ်။ ပြီးတော့ ဒီမြေဒီကမ္ဘာမှာတို့မရှိတော့လည်း‌ နောက်မျိုးဆက်တွေကတော့ ရှင်သန်နေဦးမှာပဲဖြစ်တယ်။မင်းတို့အခြေချစရာနဲ့ ငါတို့အမြစ်တွယ်စရာ မြေကမ္ဘာရှိနေမှတော့ ဘာအတွက် စိုးရွံ့စရာလိုတော့မှာလဲ။ အချိန်တန်ရင် မင်းတို့ငါတို့ရဲ့မျိုးဆက်သစ်တွေပေါက်ဖွားလာကြမယ်။

သူတို့တတွေရဲ့လောကဝန်းကျင်ဟာ တို့ထက်ပိုပြီးကျယ်ပြန့်တယ်။ သူတို့ကလေးတွေက ဉာဏ်ရည်လည်း ထက်မြက်တယ်။ အစွမ်းပကားလည်းကြီးမားတယ်။ သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတန်ဖိုးထားပြီး သူတို့လိုချင်တဲ့လောကကို စိတ်တိုင်းကျဖန်တီးကြလိမ့်မယ်။ အဲဒါကိုတော့ယုံကြည်လိုက်သူငယ်ချင်း။

အဘိုးအိုသည် တအံ့တဩဖြစ်ရင်း သူ့မျက်လုံးတွေကိုပွတ်သပ်လိုက်သည်။ သစ်ပင်ကြီးကသူ့ကိုပြောနေသလားဟု ဇဝေဇဝါဖြစ်နေခဲ့၏။ တကယ်တန်းတော့ သူနှင့်အပင်အိုကြီးသည် အတွေးခံစားမှုတွေတူညီပြီးနှစ်ကိုယ့်တစ်စိတ်လိုဖြစ်နေကြသည်ကို မေ့လျော့နေခဲ့သည်။

အဝေးဆီကို အဘိုးအိုလှမ်းမျှော်ကြည့်လိုက်သည်။ သစ်ပင်တွေအုပ်ဆိုင်းပြီး စိမ်းစိုသာယာခဲ့သည့်ထိုနေရာသည် ယခုအချိန်တွင် လောကဝန်းကျင်ကို ဖျက်ဆီးသူတွေ၏ပယောဂကြောင့် လွင်တီးပြင်ဖြစ်သွားခဲ့ရပြီ။ ရင်ထဲမှာနာကျင်သွားခဲ့ပြီး သက်ပြင်းတချက်မှုတ်ထုတ်လိုက်သည်။ အရာရာသည် မတည်မြဲ။ အဖြစ်အပျက်သည်
ဒွန်တွဲနေလျက်။

အဖြစ်နှင့်အပျက်တွေ အပြုနှင့်အဖျက်တွေ အဲသည်ဆန့်ကျင်ဘက်နှစ်ခုအပေါ် မည်သို့ ခံယူမလဲ။ မည်သည့်
အရာကိုရွေးချယ်မလဲ။ အပြောင်းအလဲသဘောကိုကြည့်၍ တရားသံဝေဂရသွားမှာလား။ ဘဝကို အမှန်
တကယ်ပဲ ငြီးငွေ့သွားပြီလား။
လူတိုင်းမှာကိုယ့်အမြင် ကိုယ့်ခံယူချက်တွေနှင့်ရွေးချယ်ခွင့်ကိုယ်စီသည်။
ထို့‌နောက် သတိလက်လွတ်ဖြင့် ရယ်မောလိုက်ရင်း သူ့ကိုယ်သူလည်း ရှင်းရှင်းလင်းလင်း နားလည်သွား
သလို ရှိသွားခဲ့သည်။
သူဝန်ခံပါသည်။ သူသည်ဘဝကိုတပ်မက်ခုံမင်နေသူတစ်ဦးဖြစ်၍ ကာလကြာရှည်သည်အထိ အသက်ရှင်သန်၍နေချင်ပါ‌သေးသည်။ ရှေ့မှာကြုံတွေ့လာနိုင်သည့် အခက်အခဲတွေကို သူမမှုတော့ပါ။

သို့ရာတွင် သူ့အတွက် သူပတ်ဝန်းကျင်အတွက်အကျိုးမဲ့စေမည့်ရှင်သန်တာမျိုးတော့ သူအဖြစ်မခံနိုင်။ ဤသည်ပင်သူ၏ယုံကြည်ချက်နှင့်ဆုံးဖြတ်ချက်ဖြစ်သည်။
သစ်ကိုင်းခြောက်တွေပေါ်မှာစို့တက်လာစ သစ်နုသစ်ဖူကလေးတွေကိုမြင်ယောင်သွားမိသည်နှင့် အံ့ဩပျော်ရွှင်သွား၏။ စောစောကမောဟိုက်ပင်ပန်းတာတွေအားလုံး ရုတ်တရက်လွင့်ပျောက်သွားသည်။ သူ့ရင်ထဲတွင်ရွက်နုရွက်သစ်တွေနှင့်စိမ်းစိုနေသည့်သစ်ပင်ကြီးကိုတွေ့လိုက်ရသည်။တစ်ဆက်တည်းမှာပင် သူ့ခန္ဓာကိုယ်တစ်ခုလုံး အင်အားတွေစီးဝင်သွားပြီးလန်းဆန်းသွားခဲ့သည်။ ထို့‌နောက် ပင်စည်ကိုလက်ဖြင့်ထောက်၍ မတ် တတ်ရပ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ အရာရာတိုင်းမှာ အခက်အခဲတွေ ကြုံတွေ့ ရင်ဆိုင်နေကြရသော်လည်း အားလုံးကို ရွေးချယ် 
ခွင့်ပေးထားသည့်နွေဦးရာသီကကတော့ အချိန်တန်သည်နှင့် ရောက်လာခဲ့လေပြီ။ ပန်းကလေးတွေဖူးပွင့်လာကြသည်။ ငှက်ကလေးတွေတေးဆိုနေကြသည်။ သစ်ကိုင်းပေါ်မှာပုရစ်ဖူးတို့ပြေ၍ စိမ်းနုသစ်လွင်တောင်ပံကလေးတွေ ဖြန့်ကားလာကြသည်။ နံနက်ခင်းမှာ လေညင်းကလေးက တသုန်သုန်တိုက်ခတ်နေလျက်။ 

အားမာန်ပြည့်ဝစွာဖြင့် တိတ်ဆိတ်စွာရောက်လာခဲ့သည့်နွေဦး၏ပုံရိပ်များသည် လောကဝန်းကျင်မှာ မင်္ဂလာရှိစွာ။

(ဓာတ်ပုံ လင်းသျှီလ)
ညိုထွန်းလူ
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar