Breaking News

အာဆီယံအတွက် တတိယမြောက် စာမေးပွဲ



မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၄ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၂၃


အာဆီယံအတွက် တတိယမြောက် စာမေးပွဲ 

မြန်မာနိုင်ငံမှာနိုင်ငံရေး အကျပ်အတည်းနဲ့ စတင်ကြုံတွေ့ရစဥ်က စတွက်ရင် အခု၂ နှစ်ပြည့်ပြီးချိန်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တတိယမြောက်နိုင်ငံ တာဝန်ယူတဲ့ ကာလ ၃ နှစ်မြောက်ထဲကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ အာဏာသိမ်းတဲ့ ပထမမြောက် နှစ်ထဲမှာ အလှည့်ကျတဲ့နိုင်ငံက ဘရူနိုင်းနိုင်ငံဖြစ်ပြီး အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၁ ခုနှစ်ကနေ ဒီဇင်ဘာ ၃၁ ရက် ၂၀၂၁ အတွင်းမှာ မြန်မာနိုင်ငံအတွက် အရေးပေါ် အစည်းအဝေးတကြိမ်ကို ဂျာကာတာမှာ ကျင်းပခဲ့ပြီး၊ အဲဒီမတိုင်ခင် ထိုင်းနိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီး အလွတ်သဘော အစည်းအဝေး တကြိမ်နဲ့ ၂၀၂၁ ခုနှစ်ရဲ့ နောက်ပိုင်း အာဆီယံနိုင်ငံ နှစ်စဥ်အစည်းအဝေးမှာ  အဲဒီနှစ် ဧပြီလက ချမှတ်သဘောတူခဲ့တဲ့ အာဆီယံသဘောတူညီမူ ၅ ချက်ကို စစ်ကောင်စီက အကောင်အထည်ဖေါ်မှုမတွေ့ရလို့ မြန်မာနိုင်ငံက နိုင်ငံရေးအရ ခန့်အပ်ထားတဲ့သူတွေကို မဖိတ်ဖို့ ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။ 

ပထမနှစ်ကုန်ခါစကတည်းက အာဆီယံက မြန်မာနိုင်ငံကို ဖိအားပေးမှု သံတမန်ရေးအရ အပြစ်ပေးမှုသဘောမျိုးနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဘရူနိုင်းနိုင်ငံတာဝန်ယူတဲ့ အလှည့်မှာ ထူးထူးခြားခြား အပြောင်းအလဲ ဖြစ်အောင် မဆောင်ရွက်နိုင်ခဲ့ဘူးလို့ အကဲဖြတ်ရမယ့်သဘောလည်း ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ ဆယ်စုနှစ်များစွာအတွင်း အဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးလို့ဆိုပေမယ့် နယ်နိမိတ် ထိစပ်နေတဲ့ အဖွဲ့ဝင်နိုင်ငံအချို့ကို တိုက်ရိုက် အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်တဲ့ နိုင်ငံရေး အကျပ်အတည်း၊ စစ်မက်ဖြစ်ပွားမှုရဲ့ အကျိုးဆက်ဖြစ်တဲ့ ဒုက္ခသည်ပြဿနာ၊ စီးပွားရေး အကျပ်အတည်းပါ တွဲလျက်ပါလာနေရာက အလုပ်အကိုင်အခွင့်အလမ်းအတွက် တရားမဝင်ဝင်ရောက်လာမယ့် ပြဿနာ၊ မူးယစ်ဆေးဝါး တိုးမြှင့်ထုတ်လုပ်လာနိုင်တဲ့ ပြဿနာ၊ လက်နက်မှောင်ခို၊ ရာဇဝတ်ဂိုဏ်းတွေ ကြီးထွားလာနိုင်တဲ့ ပြဿနာတွေက မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခ၊ တရားဥပဒေ မစိုးမိုးမှုတွေကို အခြေခံပြီး အိမ်နီးချင်းနိုင်ငံတွေ အပေါ် ရိုက်ခတ်လာနိုင်တာ ဖြစ်လို့ မြန်မာ့အရေးဟာ ပြည်တွင်းရေး သက်သက်ဆိုတာထက် ဒေသတွင်းနိုင်ငံတွေနဲ့ သက်ဆိုင်တဲ့ ပြဿနာတရပ်အဖြစ် ရှုမြင်ပြီး ဖြေရှင်းကြရမယ့် သဘောလည်း ဖြစ်လာပါတယ်။ 

သို့ပေမဲ့ ပထမနှစ်မှာ အောင်မြင်မှု ပူးပေါင်းဆောင်ရွက်မှုရယ်လို့ မည်မည်ရရ မရရှိခဲ့ဘဲ အပြစ်ပေးမှု၊ ဒဏ်ခတ်မှုတွေနဲ့သာ အချိန်ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ အလှည့်ကျ အာဆီယံနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အာဆီယံ အထူးကိုယ်စားလှယ် တာဝန်ကိုယူထားပြီး မြန်မာနိုင်ငံကို လာရောက်ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် စစ်ကောင်စီက ဖမ်းဆီး တရားရုံးတင် စစ်ဆေးနေတဲ့ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ကို စစ်ကောင်စီဘက်က လုံးလုံးလျားလျား ငြင်းပယ်ခဲ့တာတွေက ခရီးစဥ်ကို အထမမြောက်စေခဲ့တာ ဖြစ်ပါတယ်။ 

ဒုတိယမြောက် နှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်မှာတော့ အလှည့်ကျတဲ့နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံဖြစ်ပြီး ဝန်ကြီးချုပ်ဖြစ်သူ ဟွန်ဆန် အနေနဲ့ အာဏာရှင်တွေရဲ့ သဘောသဘာဝကို သိရှိသူ ၄င်းကိုယ်တိုင်က ဆယ်စုနှစ်များစွာ အာဏာကို ချုပ်ကိုင်ထားသူ ဖြစ်လို့ စစ်အာဏာရှင်တွေကို အတိုင်းအတာတခုထိ နားလည်အောင် ဖျောင်းဖျနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ယူဆခဲ့တာတွေ့ရပါတယ်။ အလှည့်ကျ ဥက္ကဌနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ၊ ဟွန်ဆန်ကိုယ်တိုင်လည်း လာရောက်ခဲ့တာဖြစ်ပါတယ်။ ဟွန်ဆန်အနေနဲ့ စစ်ကောင်စီကို သဘောထားပျော့ပျောင်းလာအောင်၊ အတိုက်အခံတွေနဲ့ ဆွေးနွေးအောင်၊ အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းဆီးထားရာမှ လွှတ်ပေးအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ စစ်ကောင်စီ အနေနဲ့ အဓိက လက်နက်ကိုင် အတိုက်အခံ ဖြစ်တဲ့ PDF အဖွဲ့တွေ၊ KNU, KIA, AA တို့ကို တိုက်ခိုက်နိုင်တဲ့ အင်အားချိနဲ့အောင် ရိက္ခာ၊ ဆေးဝါး၊ ဘဏ္ဍာငွေရရှိမှုတွေ ဖြတ်တောက်ပြီး စစ်ရေးအရ ထိုးစစ်ဆင် တိုက်ခိုက်ဖို့သာ အားသန်နေခဲ့တာ ဖြစ်ပါတယ်။ 

ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံကို တရားဝင်လာရောက်တဲ့ ခရီးစဥ်ကနေလည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို မဖြေရှင်းနိုင်ခဲ့ဘဲ နောက်ဆုံးမှာတော့ ဟွန်ဆန်က မြန်မာ့နိုင်ငံရေး ပြဿနာ ဖြေရှင်းဖို့ရာ နောင်အလှည့်ကျမယ့် နိုင်ငံကိုသာ လက်ဆင့်ကမ်းရမှာ ဖြစ်တယ်လို့ ဆိုခဲ့သလို မြန်မာ့နိုင်ငံရေး အကပ်အတည်းမှာ ပါဝင်နေသူ အဓိကကျသူတွေ ကိုယ်၌က ပြေလည်လို့တဲ့ ဆန္ဒမရှိရင် ပြင်ပနိုင်ငံတွေ အဖွဲ့အစည်းတွေက ဘာမှ မတတ်နိုင်တဲ့အကြောင်း မှတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

အခုနှစ် ၂၀၂၃ မှာ အလှည့်ကျတဲ့နိုင်ငံက အရှေ့တောင်အာရှမှာ စီးပွားရေးအရရော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို သွေးထွက်သံယို အနည်းဆုံးနဲ့ ပြောင်းလဲနိုင်ခဲ့ပြီး နိုင်ငံက တိုးတက်မှုလမ်းပေါ် မှာ တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းနိုင်ခဲ့တဲ့ နိုင်ငံ၊ ဒေသတွင်းမှာ သြဇာလည်း ရှိတဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ သမိုင်းမှာဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကနေ စစ်အာဏာရှင်တွေကို နားလည်အောင် ရှင်းပြ ဖျောင်းဖျနိုင်မလား၊ သို့မဟုတ် စစ်အာဏာရှင်တွေ နားထောင်အောင် အာဆီယံရဲ့ လုပ်ပိုင်ခွင့်ကို အစွမ်းကုန် အသုံးချမလား စသဖြင့် မျှော်မှန်းချက်တွေ ရှိနေတာ ဖြစ်ပါတယ်။ 

အဲဒီအခြေအနေမှာပဲ မြန်မာနိုင်ငံရေး ပြဿနာက နက်ရှိုင်းသည်ထက် နက်ရှိုင်းလာနေတာလည်း ဖြစ်ပါတယ်။ အရပ်သားတွေ အသက်ပေါင်း ၃ ထောင်နီးပါး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သလို နေအိမ်တွေ သောင်းဂဏန်းနဲ့ချီ မီးလောင်ပျက်စီးခဲ့ရတဲ့ အခြေအနေဖြစ်ကာ အကျဥ်းထောင်တွေထဲ လူသောင်းနဲ့ ချီဖမ်းဆီး ပြစ်ဒဏ်ချမှတ်ခံထားကြရသလို ပဋိပက္ခမှာ တဖက်နဲ့တဖက် တွေ့ဆုံဆွေးနွေး စကားပြောဖို့ အလွန်ခက်ခဲတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေတွေက ၂၀၂၃ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံကို စစ်ဆေးမယ့် စာမေးပွဲသဖွယ် ဖြစ်နေတာ တွေ့နေရတာပါ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar