ဇာနည် - လူထုချစ်သမျှ လူထုဦးလှ
ဇာနည် - လူထုချစ်သမျှ လူထုဦးလှ
(မိုးမခ) ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၃
တမြန်မနေ့က ဘဘလူထုဦးလှရဲ့ စာအုပ်တွေ ပြန်ဝယ်ဖြစ်တော့..လူထုဦးလှနဲ့ ဆက်စပ်ပြီး ကျနော်တို့ညီအကိုတွေ စကားပြောဖြစ်ခဲ့ကြတယ်။
ကျနော့်အဖေက လူထုသတင်းထောက်လုပ်ခဲ့ဖူးတယ်ဆိုတော့ အဖေနဲ့ ဘဘလူထုဦးလှကြားမှာအဆက်အစပ်တွေ ရှိခဲ့ဖူးပါတယ်။စာပေ လွတ်လပ်ရေးနဲ့ငြိမ်းချမ်းရေးဖခင်ကြီးဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဈာပနမှာ ကျနော့်အဖေက ဘဘလူထုဦးလှနဲ့ အတူတွဲပြီး ဈာပနကော်မတီအလုပ်တွေ လုပ်ပေးခဲ့ဖူးတယ်။
တကယ်တော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဈာပနဖြစ်မြောက်ရေးနဲ့ ဂူဗိမာန်ဖြစ်မြောက်ရေးတွေမှာ ဘဘလူထုဦးလှရဲ့ အခန်းကဏ္ဍက အရေးပါလှပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ကြောင်း သိသိချင်းပဲ ဘဘဦးလေးလှဟာ ရန်ကုန်ကိုညတွင်းချင်း ရောက်လာခဲ့တယ်။ နောက်နေ့မှာ ရန်ကုန်မှာရှိတဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာဇေယျ(ဆရာကြီးရဲ့သမက်)၊ ဆရာမောင်ထင်၊ ဆရာဗန်းမော်တင်အောင်၊ ဗိုလ်ချုပ်ကျော်ဇော(ရဲဘော်သုံးကျိပ်)တို့နဲ့တိုင်ပင်ပြီး ဆရာကြီးရဲ့ဈာပနအခမ်းအနားကို စမ်းချောင်း ပဒုမ္မာကွင်းမှာကျင်းပဖို့ လုပ်ငန်းဆောင်တာတွေအားလုံးကို ဘဘလူထုဦးလှက အဓိကအခန်းကဏ္ဍက လုပ်ပေးခဲ့တာပါ။
ထိုစဉ်က ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီဝင် တာဝန်ရှိသူတွေနဲ့လည်း ဘဘဦးလှပဲ ဦးဆောင်ပြီးတွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့တာလို့ သိရပါတယ်။ ဗိုလ်နေဝင်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းဈာပနကို ကြီးကြီးကျယ်ကျယ် လုပ်တာ သိပ်ကြိုက်ပုံမရပါဘူး။ နောက်ကြောင်းရာဇဝင် ပြန်ကြည့်တော့လည်း ဗိုလ်နေဝင်းဟာ သခင်ဗစိန်နဲ့ သခင်ထွန်းအုပ် ဒို့ဗမာအစည်းရုံးဂိုဏ်းသား ဖြစ်နေပါတယ်။ ဗိုလ်နေဝင်း သခင်ဖြစ်တာတောင် ဒို့ဗမာအစည်းရုံးကွဲပြီးနောက်ပိုင်း သခင်ဗစိန်၊ သခင်ထွန်းအုပ်ဂိုဏ်းက သခင်ညီ (ဗိုလ်နေဝင်းရဲ့ ဦးလေး တော်ပါတယ်) ဥက္ကဋ္ဌလက်ထက်မှာ ဆွဲခန့်သခင် ဖြစ်ခဲ့တာလို့ သိခဲ့ရဘူးတယ်။ အဲဒီကာလက ဗိုလ်နေဝင်းက တက္ကသိုလ်ဥပစာတန်းကျပြီး ရန်ကုန်မြို့က ရွှေဂုံတိုင်စာတိုက်(အင်္ဂလိပ်ခေတ်က ချာလီစာတိုက်လို့ ခေါ်ပါတယ်)မှာ စာရေးဝင်လုပ်နေစဉ်မှာ သခင်ဗစိန်ပုန်းအောင်းနေတဲ့ ဝင်ဒါမီယာထဲက အိမ်တအိမ်ကို တပတ်တခါ အစားအသောက်တွေပို့ပေး။ တခါတရံ ခေါင်းဆောင်ကြီးသခင်ဗစိန်က ဆန္ဒရှိရင် မိန်းမလျာပေးလုပ်ပေးနေရင်း သခင်ဗစိန်က သူ့ရဲ့ဒို့ဗမာအစည်းရုံးအဖွဲ့ဝင်အဖြစ် သွတ်သွင်းပေးခဲ့တာလို့ သိခဲ့ရတယ်။ (အဲဒီအကြောင်းတွေကို ဒေါက်တာမောင်မောင် ရေးတဲ့ ဗိုလ်နေဝင်းအတ္ထုပ္ပတ္တိစာအုပ်မှာလည်း တစွန်းတစ ရေးခဲ့ဖူးပါတယ်။)
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဈာပနကို စမ်းချောင်းပုဒုမ္မာကွင်းမှာ မဏ္ဍပ်တဲကြီးထိုးပြီး လူထုတွေ ဂါဝရပြုနိုင်အောင် စီစဉ်ပေးခဲ့တယ်။ ညစဉ်ညတိုင်းလည်း ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာညာဏ၊ ဆရာရန်အောင်၊ ဆရာဦးသိန်းဖေမြင့် စတဲ့စာရေးဆရာကြီးတွေက ဟောပြောပွဲတွေလုပ်ပြီး ဆရာကြီးရဲ့ဈာပနကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့တယ်။
ဗိုလ်ချုပ်ကျော်ဇော၊ ဆရာဗန်းမော်တင်အောင် စတဲ့သူတွေနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ဖြစ်မြောက်ရေးကော်မတီကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြတယ်။ ထိုစဉ်က ဆရာဒဂုန်တာရာမှာ (၁၉၆၃) ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြီး အဖမ်းခံထားရလို့ ဈာပနကော်မတီမှာ မပါဝင်နိုင်ခဲ့ပါဘူး။
ဘဘလူထုဦးလှအကြောင်း ပြောရင် လူပုဂ္ဂိုလ်အကြောင်းပါ ထည့်ပြောမှ ပြည့်စုံမယ် ထင်ပါတယ်။ ဘဘလူထုဦးလှဟာ အင်မတန်မှ ဥပဓိရုပ်ခန့်ညာကောင်းမွန်လှတဲ့ မြန်မာလူမျိုးတဦးလည်း ဖြစ်ပါတယ်။ ဘဘမျက်နှာဟာ အမြဲတမ်း ကြည်လင်လန်းဆန်းပြီးနေတာဟာ သူ့ရဲ့အဇ္ဈတ္တသန္တာန်ထဲက စိတ်မနောဖြူစင် ဖြောင့်မတ်ခြင်းကို ထင်ဟပ်နေလို့ ဖြစ်ပါတယ်။
မန္တလေးမြို့အကြောင်း ပြောကြရင် ဘဘလူထုဦးလှနဲ့ အမေလူထုဒေါ်အမာတို့အကြောင်းက မပါမပြီးလို့ ထင်ပါတယ်။ မြို့မျက်နှာဖုံးတွေလည်း ဖြစ်ခဲ့ကြပါတယ်။ ဘဘလူထုဦးလှဟာ မန္တလေးမြို့ရဲ့ပထမဆုံး ဖဆပလဥက္ကဋ္ဌလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဖဆပလ နဲ့ ကွန်မြူနစ်ပါတီ ကွဲပြီးတော့ ဂိုဏ်းဂဏတိုက်ပွဲတွေနောက်ပိုင်းမှ မပါတော့တာလို့ သိရပါတယ်။ ဗိုလ်ခင်မောင်လေးတို့အုပ်စု ညစ်ပတ်တာတွေလည်း ပါလိမ့်မယ် ထင်ပါတယ်။ လူထုသတင်းစာတိုက်ကို ချိပ်ပိတ်ခံရတာ ဗုံးခွဲခံရတာအထိ ပုဂ္ဂိုလ်ရေး ညစ်ပတ်မှုတွေနဲ့လည်း လုပ်ကြံခံခဲ့ရဖူးပါတယ်။ အာဏာမာန်တက်နေတုန်းက ထင်ရာစိုင်းလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို အာဏာမဲ့သွားတဲ့ကာလရောက်မှ နောင်တရခဲ့ပြီး ဗိုလ်ခင်မောင်လေးက ဘဘလူထုဦးလှကို ပြန်တောင်းပန်ခဲ့ဖူးတယ်လို့ သိခဲ့ရတယ်။
ဘဘလူထုဦးလှဟာ ကျနော်တို့မိသားစုအပေါ်မှာလည်း ကျေးဇူးရှိခဲ့ဖူးပါတယ်။ ကျနော့်ဖခင်နဲ့ ကျနော်တို့အကိုတွေ လူထုတိုက်ကို ရောက်တိုင်း မုန့်ဖိုးအတင်းပေတတ်ပါတယ်။ လွန်ခဲ့တဲ့အနှစ် (၅၀) ကျော်လောက်က ငွေ (၅၀) ဆိုတာ အတော်ကိုအသုံးခံပါတယ်။ ကျနော့်အထက်က အကို မန္တလေး ပန်းချီ ပန်းပုကျောင်းတက်တုန်းကလည်း ဘဘလူထုဦးလှက တလ တခါ သူ့ဆီလာခဲ့ဖို့ပြောပြီး မုန့်ဖိုးပေးတတ်ပါတယ်။
လူထုမိသားစုနဲ့ပတ်သက်ပြီးအမှတ်တရရှိနေတာလေးတခု ပြောရရင်..ကျနော်နဲ့ ဆရာဗန်မော်တင်အောင် သား ကျော်ဇောအောင်တို့ နိုင်ငံရေးကိစ္စတခုနဲ့ အထက်ဗမာပြည်ခရီးသွားစဉ်က လမ်းစရိတ်ပြတ်ပြီး အမေလူထုဒေါ်အမာကို ဝင်ကန်တော့ရင်း အကျိုးအကြောင်း ပြောပြတော့ အမေမာက ကျနော်တို့အတွက် လမ်းစရိတ်ထုတ်ပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက အမေလူထုဒေါ်အမာက ကျော်ဇောအောင်ကို "မင်းက ဗန်မော်တင်သားမကလို့ ဘယ်လိုလူရဲ့သားဖြစ်ပါစေ၊ ဒီအရေးတော်ပုံကြီးမှာ မပါဝင်ဘူး ဆိုရင် မင်းဟာ ဒိုက်သရောအဖြစ် ကမ်းတင်ကျန်ရစ်ခဲ့မှာဘဲ.."လို့ပြောခဲ့ဖူးပါတယ်။
အမေမာ ဆိုလိုတာက ဗန်းမော်တင်အောင် သားလည်း ဗန်းမော်တင်အောင်လို ပြည်သူ့ဘက်က မရပ်ရင် အလကားကောင်ဖြစ်မှာပဲလို့ ပြောတာ ဖြစ်ပါတယ်။
ကျနော်တို့ဘဝမှာ ကိုယ့်မွေးသမိခင်ကလွဲပြီး တခြားအမျိုးသမီးတယောက်ကို "အမေ"လို့တင်စားခေါ်ဝေါ်ရတဲ့ ဂုဏ်သိက္ခာ သီလ သမာဓိ ပညာနဲ့ပြီးပြည့်စုံတဲ့သူဟာ "အမေလူထုဒေါ်အမာ"တဦးပဲ ရှိခဲ့ဖူးပါတယ်။ နိုင်ငံရေးအရဆက်စပ်ပြီးပြောရရင်လည်း အမေလူထုဒေါ်အမာဟာ (၁၉၃၆) ဂျုဗလီဟောညီလာခံမှာ ဗကသ ဖွဲ့စည်းဖို့ အဆိုတင်သွင်းခဲ့တာကြောင့် "ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ"အဖွဲ့ကြီး ပေါ်ပေါက်လာခဲ့တာလည်းဖြစ်လို့ ကျနော်တို့ရဲ့ မိခင်အဖွဲ့အစည်းနဲ့လည်း ဆက်စပ်ပတ်သက်နေပြန်ပါတယ်။
ဘဘလူထုဦးလှနဲ့အမေလူထုဒေါ်အမာတို့နှစ်ဦးမှာ နိုင်ငံရေးအရပြောရရင် အမေမာကပိုပြီးထက်မြက်တယ်လို့ထင်ရတယ်။အမေမာရဲ့စာတွေက နိုင်ငံရေးပိုကဲတယ်လို့လဲမြင်မိတယ်။ဘဘလူထုဦးလှ စာတွေကတော့ စာပေယဉ်ကျေးမူ့ဘက်ပိုကဲပြီး သိမ်မွေ့တဲ့အတွေးအမြင်တွေပါတယ်လို့ထင်မြင်မိတယ်။ ဒါကတော့ ကျနော်အမြင်မျှသာဖြစ်ပါတယ်။
ကျနော်တို့ ငယ်ငယ်တုန်းက အဖေရဲ့စာအုပ်စင်မှာ သူတို့နှစ်ဦးရဲ့စာအုပ်တွေ အတွဲလိုက်ရှိခဲ့ဖူးတော့ ကျနော်တို့ဟာ သူတို့စာပေတွေနဲ့ ကြီးပြင်းလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်လဲ ဘဘလူထုဦးလှနဲ့ အမေလူထုဒေါ်အမာတို့ဟာ ကျနော်တို့ရဲ့ စာပေကျေးဇူးရှင်တွေလည်း ဖြစ်ခဲ့ကြပါတယ်။
ဇာနည်
(၁၁-၂-၂၀၂၃)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar