Breaking News

ကိုအောင်မှိုင်း - ချိုမြမြ အရက်တခွက်


ကိုအောင်မှိုင်း - ချိုမြမြ အရက်တခွက်

(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃


မျှော်လင့်ခြင်းဟာ

ပျားလဘို့ထဲက

ပျားရည်စက်လို

ချိုမြမြ အရက်တခွက်။


ပတ်ဝန်းကျင်ဟာ

စကြဝဠာမှာ

အိမ်သစ်ဆောက်ဖို့

လမ်းသစ်ဖောက်နေလေရဲ့။


နှိုင်းရဓမ္မဟာ

တိုင်းတာလို့ရတာမဟုတ်ဘူး

အချစ်ဆိုတာ

မျက်ကန်းတယောက်တွက် ပုံပြင်။


ပြာပုံထဲက ဗုဒ္ဓဟာ

ကျည်ဆန်ရာဗလပွနဲ့

အိပ်မက်ကို တမ်းတလို့

သစ္စာလေးပါးကို နှုတ်ဆက်ခဲ့။


ခွေးတကောင်

ဘယ်လောက် မှောင်ပါစေ

သခင်ကို သိကြ

ခွေးထက်မိုက်သူတွေသာ

သခင်ကို ပြန်ကိုက် ကံကြီးထိုက်။


အကုန်ဖမ်းကြ

အကုန်သတ်ကြ

အကုန်ရှို့ကြ

တယောက်မှ မကျန်စေနဲ့

ပြောတိုင်းဖြစ်မယ်ဆိုရင်

ကမ္ဘာကြီးပျက်တာ ကြာလှပေါ့။


သေနတ်တွေ

ထင်းဖြစ်တဲ့အခါ

ရင်းထားတဲ့ သွေးတွေက

တင်းထားတဲ့ တေးတွေနဲ့

ကမ္ဘာသစ်ကို ဖန်ဆင်းလို့

မြစ်တစင်းကို ဆေးသွင်းကြလိမ့်မယ်။

ကြိုးတချောင်းကို

ကွင်းတခုလိုကျစ်လို့

နေ့သစ်ရောက်တဲ့အခါ

မင်းအတွက်......

သတ်မှတ်နေရာက ကြိုးစင်။


ကိုအောင်မှိုင်း

( ၁၃ ရက် ဖေဖော်ဝါရီလ ၂၀၁၂ ခုနှစ် Happy Birthday ပါ ကိုဂျင်မီ။ 

ကျနော်တို့ ဘယ်တော့မှ ကျနော်တို့တာဝန်ကို မမေ့လျော့ကြပါဘူး။ )




t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar