Breaking News

ပြည်ထောင်စု နဲ့ ဖက်ဒရယ်

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၂ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃


ပြည်ထောင်စု နဲ့ ဖက်ဒရယ် 

ဗြိတိသျှ ကိုလိုနီအုပ်ချုပ်သူတွေထံက မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်ကစလို့ မြန်မာနိုင်ငံက ပြည်တွင်းစစ် နွံထဲကို စတင်သက်ဆင်းခဲ့ရတာဖြစ်ပါတယ်။ ဖဆပလ အဖွဲ့ကြီးထဲက၊ အမျိုးသားရေး ဝါဒီတွေ၊  ဆိုရှယ်လစ်တွေနဲ့ ကွန်မြူနစ်တွေ အယူဝါဒ လမ်းစဥ်မတူကြတာ၊ ဗြိတိသျှထံက ရတဲ့လွတ်လပ်ရေးက တိုက်ပွဲဝင်ပြီး ရရှိတာမဟုတ်ပဲ ဗြိတိသျှပေးတာကို ရတာဖြစ်လို့ လွတ်လပ်ရေးမစစ်ဘူးဆိုတဲ့ ယူဆပြောဆိုမှုတွေ၊ တိုင်းရင်းသား လူမျိုးစုတွေ အပေါ် တန်းတူအခွင့်အရေး ကိုယ်ပိုင်ပြဌါန်းခွင့် စတဲ့ အာမခံချက်တွေ မရရှိခြင်း အပေါ်အခြေခံပြီး ပြည်တွင်းစစ်မီးက လွတ်လပ်ရေးရပြီး တနှစ်ကျော်အကြာမှာပဲ စတင်တောက်လောင်ခဲ့တာ ဖြစ်ပါတယ်။ 

ဖဆပလနဲ့ အလံနီကွန်မြူနစ်၊ ဖဆပလ နဲ့ အလံဖြူကွန်မြူနစ်၊ ရဲဘော်ဖြူ စတဲ့လက်နက်ကိုင် တိုက်ခိုက်မှုတွေက လူမျိုးစုအရေးမှာ အခြေမခံကြပေမယ့် စောဘဦးကြီး ခေါင်းဆောင်တဲ့ ကေအန်ဒီအို အဖွဲ့လိုမျိုးကတော့ တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး၊ ကိုယ်ပိုင်ပြဌါန်းခွင့်ရရေးတို့အပေါ်မှာ အခြေခံပြီးပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရေး သမိုင်းမှာ ကံမကောင်းစွာဘဲ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်က စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီ၊ ကေအန်ဒီအို၊ ရဲဘော်ဖြူ စတဲ့အဖွဲ့အသီးသီး ပေါ်ထွက်လာကြပြီးနောက် မြန်မာနိုင်ငံရဲ့ နယ်မြေအတော်များများကို လက်နက်ကိုင် အဖွဲ့အသီးသိးက သိမ်းယူချုပ်ကိုင်ထားကြပြီး ဖဆပလ အစိုးရအနေနဲ့ ရန်ကုန်အစိုးရလို့ ဆိုရလောက်အောင် ရန်ကုန်မြို့ကို အဓိကစိုးမိုးနိုင်တဲ့ အနေအထားမျိုး ၁၉၄၉/ ၁၉၅၀ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးပြီးနောက် မြန်မာနိုင်ငံပြည်တွင်းစစ်ထဲ ကျဆင်းနိုင်တယ်ဆိုတဲ့ခန့်မှန်း ပြောဆိုမှုတွေကို ဗြိတိသျှကိုလိုနီ အုပ်ချုပ်သူအချို့က ခန့်မှန်းပြောဆိုမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံနဲ့ မရှေးမနှောင်း လွတ်လပ်ရေးရခဲ့တဲ့ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန် စတဲ့နိုင်ငံတွေ အနေနဲ့ ပြည်တွင်းစစ် နွံထဲကျရောက်ခြင်း မရှိဘဲ မြန်မာနိုင်ငံက ဘာကြောင့် ပြည်တွင်းစစ်ထဲကျရောက်ခဲ့ရတာလဲ ဆိုတဲ့ မေးခွန်းလည်း ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး မရခင်ကတည်းက ဗြိတိသျှတို့ ကိုလိုနီအဖြစ် အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်း၊ ရခိုင်ကမ်းရိုးတန်း၊ ကချင်ပြည်နယ် တောင်တန်းဒေသ၊ စော်ဘွားတွေ အုပ်ချုပ်တဲ့ ရှမ်းပြည်နယ်၊ မြန်မာဘုရင်တွေရဲ့ အုပ်ချုပ်မှု တကြိမ်မျှ မကျရောက်ဖူးပဲ သစ္စာခံ လက်ဆောင်ပဏ္ဏာဆက်သတဲ့ အဆင့်သာရှိခဲ့ဖူးတဲ့ ကရင်နီဒေသ၊ ကရင်လူမျိုးတွေ နေထိုင်ရာ မွန်၊ ကရင် တနင်္သာရီ စတဲ့ဒေသတွေ အနေနဲ့ လွတ်လပ်ရေးကို ဘယ်လို ရယူကြမလဲ ဆိုတဲ့အပေါ် မှာ အမြင်အမျိုးမျိုးရှိနေကြရာမှာ မြန်မာအမျိုးသားနိုင်ငံရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက စည်းရုံးပြောဆိုပြီး လွတ်လပ်ရေးကို မြန်မာပြည်မနဲ့အတူ ရယူဖို့ သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့ကြရာမှာ တောင်တန်းဒေသလို့ခေါ်တဲ့ ရှမ်း၊ ကချင် နဲ့ချင်းလူမျိုးတွေ နဲ့ မြန်မာနိုင်ငံရေး ခေါင်းဆောင်တွေ ရေးထိုးပြီး ဗြိတိသျှ တို့ထံပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်တွေက အားလုံးသိပြီးသားဖြစ်ရပ်တွေဖြစ်ပြီး ဆိုလိုချင်တဲ့အချက်က မြန်မာ့လွတ်လပ်ရေး ရရှိစဥ်ကတည်းက ပြည်မနဲ့ လူမျိုးစုဒေသတွေ တန်းတူရေး၊ ကိုယ်ပိုင် ပြဌါန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒိထက်ပို ဆိုရရင် ခွဲထွက်ခွင့်အထိ နှုတ်အားဖြင့် အာမခံ၊ စာအားဖြင့် လက်မှတ်ရေးထိုးမှုတွေ ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ပြဿနာအကြောင်းရင်းခံက အဲဒီအချိန်ကာလကတည်းက ရှိနေနှင့်ပြီးဖြစ်ကာ လွတ်လပ်ရေးရပြီး ၂ နှစ်နီးပါးအကြာမှာ ပြည်တွင်းစစ်ကြီး အရှိန်အဟုန်အပြည့်နဲ့ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လွတ်လပ်ရေးရပြီးခါစ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရာမှာ နေရာဒေသအရ ကျယ်ပြန့်မှု၊ ဗဟိုအစိုးရကို ခြိမ်းခြောက်နိုင်မှု ဒုတိယကမ္ဘာစစ် အတွင်းကကျန်ရစ်ခဲ့တဲ့ လက်နက်တွေ နဲ့ ပြည်တွင်းစစ်က အရှိန်အကောင်းဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။ လက်နက်နဲ့ ပြည်တွင်းစစ်အကြောင်းပြောရင် အဓိက အကြောင်းရင်းခံဖြစ်တဲ့ နိုင်ငံရေးပြဿနာကို ဖယ်ထားလို့မရတဲ့အချက်ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးစု အရေး သမိုင်းမှာ သစ္စာခံ ပဏ္ဍာဆက်သပြီး လွတ်လပ်စွာ အုပ်ချုပ်နေထိုင်ခဲ့ကြတဲ့ တိုင်းရင်းသားနယ်မြေတွေက ပြည်ထောင်စုလို့ ခေါ်တဲ့ နိုင်ငံထဲ သွတ်သွင်းပြီး လက်အောက်ခံ သဖွယ်အုပ်ချုပ်ခဲ့ကြရာက စတင်ခဲ့တဲ့ မြန်မာနိုင်ငံပြည်တွင်းစစ်မီးက အခုအချိန်မှာ စစ်အာဏာသိမ်းမှု၊ ထပ်မံဖိနှိပ်မှု၊ သတ်ဖြတ်မှုတွေနဲ့ ပြည်တွင်းစစ်မီးက အရှိန်အဟုန်နဲ့ တဖန်ပြန်တောက်လောင်လာခဲ့တာ ဖြစ်ပါတယ်။ 

ပြည်ထောင်စုနေ့ ဆိုတဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ဟာ အစဥ်အမြဲ တန်းတူမှု၊ ကိုယ်ပိုင်ပြဌာန်းမှု၊ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် အုပ်ချုပ်ခွင့်ကို သတိပေးနေတဲ့ နေ့တနေ့ဖြစ်ပြီး အခုလို ပြည်တွင်းစစ်အရှိန်ပြန်မြင့်လာချိန်မှာ စစ်မှန်သော စကားလုံးအဖြစ် မဟုတ်သော၊ ဆန္ဒမရှိသော်လည်း အတင်းအကြပ် သွတ်သွင်းထားသော ပြည်ထောင်စု နိုင်ငံမဟုတ်ဘဲ ဖက်ဒရယ် နိုင်ငံစစ်စစ်ကို ထူထောင်မှ ပြေလည်မယ်ဆိုတာ သင်ခန်းစာယူသင့်တဲ့ နေ့လို့ဆိုရမှာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar