နိုင်မွန်အောင်သွင် - အလောင်းအစား
အလောင်းအစား
နိုင်မွန်အောင်သွင်
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃
မှောက်နေတဲ့ကံကြမ္မာကို
ခြေဖျားနဲ့ညှပ်ပြီး ဖျတ်ခနဲလှန်ကြည့်လည်း
မျက်ရည်ကလွဲပြီး ဘာမှရယ်စရာမရှိ။
မှင်သေသေနဲ့ ဒူးနှံ့နေတဲ့ကောင်တွေလည်း
ရူးနေတဲ့ပြာတွေနဲ့
ချောက်ချားနေမှုကြီးက အတောင့်လိုက်ကြွေပေါ့။
မီးလုံးတွေက
သည့်ထက်ပိုလင်းလို့မရတော့ဘူးလား။
အထပ်ထပ်ပွတ်ကြည့်လည်း
အမှန်တရားက အရိပ်ထဲကြပ်ခဲနေ။
ကြွေပေါ့
စိမ်းမြသစ်ရွက်တွေ
သီချင်းတစ်ပုဒ်ထဲမှာ
ခေတ်တစ်ခုထဲမှာ
မိသားစုညနေထဲမှာ။
အလောင်းအစား
တခြားအသက်ဓာတ်လေးတစ်ခုခုနဲ့
အိမ်အပြန်လမ်းလေးတွေကိုတော့
ငါတို့ကျစ်ကျစ်ပါအောင် စုထားနှင့်ခဲ့ကြပြီ။
အလောင်းအစား
တခြားအလံတစ်ခုခု
တခြားအပွင့်တစ်ခုခု။
အလောင်းအစား
နှလုံးသားကိုမေ့ထားပြီး
ဂျိုကာလို ပြုံးဝါးဝချင်နေလိုက်တာ။
၁၆.၂.၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar