Breaking News

ကိုသန်းလွင် - ထရန်စစ္စတာ၏ ၇၅ နှစ်တာခရီး

ကိုသန်းလွင် - ထရန်စစ္စတာ၏ ၇၅ နှစ်တာခရီး

(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃

( ၁ )

၁၈၉၇ ခုနှစ်တွင် ဆာဂျေဂျေသွန်မဆင်က ကတ်သုတ်ရောင်ခြည်များနှင့် စမ်းသပ်ကြည့်ရင်း အရာ ဝတ္ထုများ၏ အတမ် တွင် အီလက်ထရွန်များ ပါရှိသည်ကို တွေ့ရှိအမည်ပေးခဲ့သည်။ ၁၉၁၃ ခုနှစ်တွင် ဘိုး (Niels Bohr) က ထိုအီလက်ထရွန်များသည် နျူးကလိယပ်ကို ဝိုင်းပတ်နေကြသည် ဟူသော သီအိုရီကို ဖော်ထုတ်ခဲ့သည်။ ထိုမှတဆင့် သတ္တုတို့၏ အရည်အချင်းများသည် အပြင်ဘက်ဆုံးပတ်လမ်းတွင် ပါဝင် သည့် အီလက်ရွန်အရေအတွက်ကိုလိုက်၍ ကွဲပြားကြသည် ဟုသိရှိခဲ့ကြသည်။ အီလက်ထရွန် ဆိုသည် ကို လူတို့ မမြင်ဖူကြသည့်တိုင် သူနှင့် ပတ်သက်၍ သိစရာများမှာ များပြားလှပါသည်။

 ထိုသီအိုရီသဘောတရားများကို အသုံးပြု၍ လီလီရန်ဖီးလ် က (Julius Lilienfeld) က ကနေဒါနှင့် အမေရိကန်ပြည်တို့၌ ပေးတင့်များ တင်ခဲ့သည်။ သို့သော် လက်တွေ့တွင် ဘာကိုမှ မတည်ဆောက်ခဲ့ပေ။ ထို့နောက် ဘဲလ်ကုမ္ပဏီမှ အင်ဂျင်နီယာများဖြစ်သည့် ဂျွန်ဘာဒင်း (John Bardeen)၊ ဘရာတိန်း (Walter Brattain)၊ ရှော့ကလီ (Willian Shockley) တို့ ၃ ဦးသည် ၁၉၆၇ ဒီဇင်ဘာလ ၁၆ ရက်တွင် လက်တွေ့ စမ်းသပ်ရင်း ထရန်စစ္စတာ ကိုတွေ့ရှိခဲ့ကြပါသည်။ နောက်တပတ်အကြာ ၂၃ ရက်နေ့တွင် ၎င်း၏အလုပ် လုပ်ပုံကို လက်တွေ့ပြသနိုင်ခဲ့ကြသည်။ ရွှေ အီလက်ထရုတ် ၂ ခု ဖြင့် ၁/၂ လက်မ ထူသော ဂျာမေနီယမ် အတွင်းသို့ လျှပ်စစ်ဓာတ် စေလွှတ်ခြင်းဖြင့် အဝင် ဆစ်ဂနယ် (Signal) ကို အကျယ်ချဲ့ (Amplify) နိုင်ကြောင်း တွေ့ရှိခဲ့ကြပါသည်။ ၎င်းသည် ၂၀ ရာစုအတွင်း စက်မှုတော်လှန်ရေးကဲ့သို့ အရေးကြီးသော တွေ့ရှိချက်ဖြစ်သည်။ ၎င်းတို့ ၃ ဦးကို ၁၉၅၆ ခုနှစ်က ရူပဗေဒ နိုဗယ်ဆုကို ချီးမြင့်ခဲ့ပါသည်။

( ၂ )

တက္ကဆပ် အင်စထရူးမင့် (Texas Instrument) နှင့် ဖဲယားချိုင်း (Fairchilt ) ကုမ္ပဏီတို့မှ အင်ဂျင်နီယာ များက ထရန်စစ္စတာ ၄ ခုပါသော ပထမဦးဆုံး အိုင်စီ (IC-Integrated  Circuit) ကို တည်ဆောက်ခဲ့ကြပါသည်။ ဖဲယားချိုင်းမှာ အိုင်စီကို အရေအတွက် အများဆုံး ထုတ်လုပ်ခဲ့သည်။ အငြင်းပွားမှုများရှိသည် ဆိုစေ အိုင်စီ တီထွင် သူ ၂ ဦးမှာ ကာဘီ ( Jack Kirby) နှင့် နွိုက် (Robert Noyce) တို့ ဖြစ်ကြပါသည်။ နွိုက် နှင့် ဂေါ်ဒွန်မိုး (Gordon Moore) တို့မှာ ဖဲယားချိုင်းမှ ခွဲထွက်ပြီး အင်တဲလ် (Intel) ကုမ္ပဏီကို တည်ထောင်ခဲ့ကြသည်။ ဂေါ်ဒွန်မိုး မှာ ၁၉၆၅ ခုနှစ်တွင်  ချစ်ပ တခုတွင် ထရန်စစ္စတာများ ပါဝင်နှုန်းမှာ အနည်း ဆုံး ၂ နှစ်လျှင် ၂ ဆတိုးလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့ရာ သူ၏ဥပဒေမှာ မိုး၏ ဥပဒေအဖြစ် ကျန်ရစ်ခဲ့ပါသည်။ 

အိုင်စီ ထုတ်လုပ်မှုစသည်နှင့် ချစ်ပ ထုတ်လုပ်မှုအပြိုင်အဆိုင် ဖြစ်လာခဲ့သည်။ တချိန်တည်းမှာပင် ဆီလီကွန် ချစ်ပ များပေါ်တွင် တွက်ချက်နိုင်သော စက်များ တီထွင်လာကြသည်။ ၁၉၆၉ ခုနှစ်တွင် Nippon Calculating Machine နှင့် Intel တို့ ပူးပေါင်း၍ တွက်ချက်နိုင်သော ချစ်ပ ပရိုဆက်ဆာများကို တီထွင်  ကြသည်။ ဤနည်းဖြင့် စီပီယူ (CPU-Central Precessor Unit) ချစ်ပ များ ပေါ်ပေါက် ခဲ့သည်။ ၎င်းကို 4004 Processor ဟုခေါ်ပြီး ၎င်းတွင် ထရန်စစ္စတာ ၂၃၀၀ ကျော်မျှ ပါဝင်ပါသည်။ 

လွန်ခဲ့သော နှစ် ၅၀ က တီထွင်ခဲ့သည့် 4004 မိုက်ခရို ပရိုဆက်ဆာများသည် ပါစင်နယ် ကွန်ပျူတာများ၏ အသက် ဖြစ်ခဲ့ပါသည်။ ယခင်က ထရန်စစ္စတာများအစား ၁၉၀၇ ခုနှစ်ခန့်ကစ၍ လေထုတ်ထားသော မီးသီး (Vacumn Tube) များကို အသုံးပြုခဲ့ကြရာ ၎င်းမီးသီးများတွင် ကတ်သုတ်ရောင်ခြည်ထွက်စေရန်အတွက် သတ္ထုကို အပူပေးရခြင်းများ ပါဝင်ပါသည်။ ဒီဇိုင်းမှာ ရှုပ်ထွေးသော အဆင့်များ ပါဝင်ပြီး ပမာဏ အရွယ်မှာလည်းကြီးပါ သည်။ ယနေ့ လက်ကိုင်ဖုန်းများတွင် ပါဝင်သော ထရန်စ္စတာ အရေအတွက်မှာ ၄၆၀ ဘီလီယမ် မျှရှိရာ ထိုအရေအတွက်အတိုင်း မီးသီးများဖြင့် တည်ဆောက်ရပါက လက်ကိုင်ဖုန်း အရွယ်အစား မှာ အင်ပါယာစတိတ်အဆောက်အအုံ (Empire State Building) ထက် ၁၀ ဆမျှရှိပါလိမ့်မည်။

ထို ပရိုဆက်ဆာများ မတီထွင်မီက ကွန်ပျူတာများသည် ရုံးခန်းတခန်းမျှ နေရာယူပြီး ၎င်းတို့ကို  မောင်းနှင်ရန် ကျွမ်းကျင်သည့် အလုပ်သမားများ လိုအပ်ပါသည်။ ယနေ့ ပါစင်နယ်ကွန်ပျူတာများကို လူတိုင်း ကိုင်တွယ်နိုင်ပါသည်။

ထရန်စစ္စတာများကို ချစ်ပ များ၏ မျက်နှာပြင်တွင် ထွင်းယူ “Etch” နိုင်သဖြင့်အရေအတွက် အများအပြား ထုတ်လုပ်နိုင်ခဲ့ကြသည်။ ယနေ့ခေတ်မီ ချစ်ပ တခုတွင်  ထရန်စစ္စတာ ပေါင်း ၁၀၀ ဘီလီယံမျှ ပါဝင်သည်။ ၁၉၄၇ ခုနှစ်က လူတို့ ပြုလုပ်ခဲ့သော ထရန်စစ္စတာ များ၏အရေအတွက်မှာ သုညဖြစ်သည်။ ယနေ့အထိ ထုတ်လုပ်ပြီးသမျှသော ထရန်စစ္စတာ အရေအတွက်မှာ ၃ Sextillion (တစ်နောက်မှ သုည နှစ်ဆယ့် တစ်လုံး ပါသည်) မျှ ရှိမည်ဟု ခန့်မှန်းပါသည်။ 

ထိုကိရိယာများမှာ  Vacumn Tube ကို အစားထိုးသုံးရန်ဖြစ်ပြီး ထရန်စစ္စတာတခုစီက သုံးစွဲသည့်  ပါဝါလည်း လျှော့ကျသွားစေမည်ဖြစ်သည်။ ၎င်းတို့ အသုံးဝင်ပုံမှာ ချဲ့ကားပြောနိုင်မည်မထင်ပါ။ ဆက်သွယ် ရေး စနစ်ကို ပြောင်းလဲသွားပြီး ကွန်ပျူတာများကို များစွာအသုံးဝင်လာစေသည်။

အိုင်စီတွင် ထရန်စစ္စတာ များအရေအတွက် ပိုမိုများပြားလာသကဲ့သို့ အသုံးဝင်မှုမှာ တိုပွားလာသည်။ ၁၉၅၄ ခုနှစ် မေလတွင် ထရန်စစ္စတာ ရေဒီယိုများ စတင်သုံးစွဲလာကြသည်။ ၁၉၆၀ ခုနှစ်များတွင် ဂဏန်း ပေါင်းစက်များ တီထွင်လာကြသည်။ 

ဂျီပီအက်စ် GPS Global Positioning System စနစ်ကို ၁၉၆၀ ပြည့်နှစ်မှာပင် စတင်သုံးစွဲလာကြသည်။ လူတို့၏ DNA ကို ၁၉၈၆ ခုနှစ်တွင် တွင်တွင်ကြီးအသုံးပြုနေကြပါပြီ။ အပိုလို မစ်ရှင်တွင် ကွန်ထရိုး လုပ်သမျှမှာ ကွန်ပျူတာများနှင့်ပင် ဖြစ်ပါသည်။ လူတို့၏ ဂျီနှုန်း (Genome Sequencing) ကို လေ့လာရာတွင်လည်း အသုံးချရပါသည်။

ထရန်စစ္စတာများကို ချစ်ပ များတွင် သုံးစွဲရာတွင် မိုက်ခရိုမီတာအစား နာနိုမီတာစကေးသို့ ပြောင်းလဲလာသည်။ ၎င်းတို့မှာ ချစ်ပ များအတွင်း ထရန်စ္စတာများ၏ ပျမ်းမျှအကွာအဝေးဟု အကြမ်းမှတ်ယူနိုင်ပါသည်။ ထုတ်လုပ်ရာတွင် နည်းလမ်းအသစ်များကို အသုံးပြုလာနိုင်ကြပါသည်။  ချစ်ပ တခုတွင် ထရန်စစ္စ တာ သန်း ၁၀၀ ခန့် ပါစဉ် ၂၀၀၃ ခုနှစ်တွင် တခုနှင့်တခု အကွာအဝေးမှာ ၆၅ nm (နာနိုမီတာ) ဖြစ်ပြီး ခေတ်အမီဆုံး ရှေ့တန်းရောက်နေသည့် အတိုင်းအတာဖြစ်သည်။ ယနေ့တွင် သန်းထောင်ပေါင်း ၁၀၀ ခန့်ပါဝင်လာချိန်တွင် ၇ နာနိုမီတာရှိသည်။။ ချစ်ပများတွင် ထရန်စ္စတာများထည့်ရန် EUV  စနစ်ကို သုံးရသည်။ EUV – Extreme Ultraviolet Lithography ဟုခေါ်သည်။ အမေရိကန်တို့က ဤစနစ်ကို တရုတ်တို့ထံ မရောင်းရဟု တားမြစ်ထားသည်။ နာနိုမီတာကို နားလည်ရန်မှာ ဆံပင်မွေးတမွေးသည် နာနိုမီတာ ၉ သောင်းခန့်ရှိသည်။ ၂၀၂၀ ခုနှစ်တွင် ချစ်ပ တို့ဈေးကွက်မှာ ၈၃ ဒသမ ၉ ဘီလီယံ ဒေါ်လာမျှရှိသည်။

ရှေ့ဆက်ရမည့် ခရီးစဉ်များတွင် စိတ်လှုက်ရှားတက်ကြွဖွယ်ရာများ ပါဝင်ပါသည်။ IDEM-2022 International Device Meeting တွင် အင်တဲလ်က သက္ကရာဇ် ၂၀၃၀ တွင် ထုတ်လုပ်ရန် ကြံရွယ်သည့် ချစ်ပ ၌ ထရန်စစ္စတာ ပေါင်း ၁ ထရီလီယံမျှ ပါဝင်မည်ဟု ကြေညာပါသည်။ အဓိက ဆီလီကွန်ကို အသုံးပြုပြီး  2D နှင့် 3D ပုံစံများတွင် ထည့်သွင်းမည်ဖြစ်သည်။ ယနေ့ ထုတ်လုပ်သမျှသော ချစ်ပ များတွင် 3D မှာ စမ်းသပ်သည့် အဆင့်သာ ရှိပါသေးသည်။ ထိုသို့ ထရန်စစ္စတာ အရေအတွက် များလာခြင်းသည် သုံးစွဲသည့် ပါဝါ ကို အနည်းဆုံးသုံးရန် ရည်ရွယ်သည်ဟု ဆိုသည်။ ထိုသို့ ထရန်စစ္စတာ အရေအတွက်ကို ကြေညာနိုင်ခြင်းမှာ မိုး၏  ဥပဒေမှန်ကန်ကြောင်း ပြသရာရောက်ပြီး ချစ်ပ အလုပ် လုပ်သည့်နှုန်း (Speed)  မြင့်တက်လာခြင်း ကြီးသော မှတ်ဉာဏ် (Memory) ကိုလည်း အသုံးပြုမည်ဟု အင်တဲလ်က ကြေညာပါသည်။

ယခင်က ချစ်ပ တည်ဆောက်ပုံမှာ ပရိုဆက်ဆာ 4004 တွင် 4 bit ကိုသုံးသည်။ ထို့နောက် ၈၊ ၁၆၊ ၃၂၊ နှင့် ၆၄ bit တို့ကို အသုံးပြုလာသည်။ မှတ်ဉာဏ်ကို ကွန်ပျူတာမှ သုံးစွဲပုံပေါ်တွင် မူတည်၍ bit အရေအတွက်သည် ပြောင်းလဲနေပါသည်။ ဥပမာ ပါနာဖါကွန် ( Panafacom) ကုမ္ပဏီက ၁၆ bit မိုက်ခရိုပရိုဆက်ဆာကို သုံးစွဲခဲ့ပါသည်။ ယနေ့ ကွန်ပျူတာများတွင် အသုံးပြုနေသည့် 86 ပရိုဆက်ဆာများမှာ အင်တဲလ်၏ 8086 စီပီယူ မှ ဆင်းသက်ခဲ့ပါသည်။ ကျွန်တော်တို့သည် တနေ့တွင် ၁၂၈ bit ကို သုံးတော့မည်ဖြစ်ရာမူလ သုံးစွဲခဲ့သူ အင်တဲလ်၏ နမူနာအတိုင်း ဖြစ်ပါသည်။ ပရိုဂရမ် အလုပ်လုပ်ပုံများမှာ ပိုမိုရှုပ်ထွေးလာသည်နှင့် အမျှ AI alogrithms များနှင့် ပိုမိုရှုက်ထွေးလာရန်ရှိနေသည်။  မိုက်ခရိုပရိုဆက်ဆာများနှင့် ဆော့ဝဲလ်ယား အလုပ်လုပ်ပုံတို့မှာ ခွဲမရလောက်အောင် ဖြစ်သွားပါလိမ့်မည်။

( ၃ )

4004 စီပီယူများက ကွန်ပျူတာများအတွက် တွက်နိုင်သော စွမ်းအားများကို ပေးပေရာ ကုမ္ပဏီပေါင်း များစွာက ဒေါ်လာငွေဘီလီယံပေါင်းများစွာ အကုန်အကျခံ၍ သုတေသနပြုလျက်ရှိပါသည်။ ထို့ပြင် ကွမ်တမ် နည်းစနစ်များကို သုံး၍ (Entanglement) တွက်ချက်သည့် ကိရိယာများပေါ်ပေါ ပေါ်ပေါက်လာနိုင်ပါသည်။ Quantun Computing စနစ်သည် တစတစ ဖွံ့ဖြိုးလာနေပါသည်။ Zero နှင့် One များအစား Q bit များပါ ဝင်လာပါသည်။  Neuromorphic Computing ခေါ် စနစ်တွင် ကွန်ပျူတာကို လူ့ဦးနှောက်ကဲ့သို့ တွေးခေါ် နိုင်စေရန် ကြိုးစားချက်များ ပါဝင်ပါသည်။ 

ကျွန်တော်တို့သည် အဘယ်မျှ လျှောက်ခဲ့ကြပြီးပြီ ဆိုသည်ကို လေ့လာနိုင်ပါသည်။ သို့သော် အဘယ်သို့ ဆက်၍ လျှောက်ကြရဦးမည် ဆိုသည်ကိုကား မှန်းဆ၍ မရနိုင်ပါ။ လောကသစ်ကြီးထဲသို့ ရောက်သွားမည် ဆိုလျင်လည်း ဘာမျှ အံ့သြစရာမရှိပါ။

ကိုသန်းလွင်

Ref: Internet




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar