Breaking News

ကိုအောင်မှိုင်း - စစ်နိုင်ရေးတရားများကို ချဥ်းကပ်ခြင်း (အပိုင်း ၃)

ကိုအောင်မှိုင်း - စစ်နိုင်ရေးတရားများကို ချဥ်းကပ်ခြင်း (အပိုင်း ၃)

(မိုးမခ) မတ် ၂၈ ၊ ၂၀၂၃


တန်ပြန်ပြောက်ကျားစစ်ဆင်ရေးရဲ့ အဓိကရည်ရွယ်ချက်က ပြောက်ကျားတပ်ဖွဲ့တွေရဲ့ စစ်ဆင်မှုတွေကို သမားရိုးကျ စစ်သေနင်္ဂဗျူဟာအဆင့်သို့ ကူးပြောင်းမတက်လှမ်းနိုင်ဖို့ ဟန့်တားရန် ကြိုးပမ်းခြင်းပဲ ဖြစ်ပါတယ်။ 

ဆိုလိုတာက စုဖွဲ့ မှု အင်အား၊ လက်နက်၊ စစ်ဗျူဟာ စတဲ့ စစ်သေနင်္ဂဗျူဟာ အခင်းအကျင်းသို့ မတက်လှမ်းနိုင်ရန် တားဆီးချေမှုန်းရန်ပင် ဖြစ်ပါတယ်။

ထိုနည်းတူစွာပင် ပြောက်ကျားစစ်၏ အရေးအကြီးဆုံးဖြစ်တဲ့ ပြောက်ကျားစစ်က သမားရိုးကျစစ်သို့ ကူးပြောင်းရန် အချိန်ရွေးချယ်ရခြင်းပင် ဖြစ်ပါတယ်။ 

အခြေခံဒေသတွေကို အတော်အသင့် တည်ထောင်ပြီးပြီဆိုလျှင်၊ ပြောက်ကျားအခြေခံဒေသတွေကို အတော်အသင့် တည်ထောင်ပြီးပြီဆိုလျှင်၊ လူထုက ပြောက်ကျားတပ်ဖွဲ့များကို အပြည့်အဝ ပူးပေါင်းထောက်ခံလာပြီဆိုလျှင်၊ ရန်သူစစ်တပ်အနေဖြင့် စစ်ဆင်ရေးများ လုပ်နိုင်သည့်အခြေအနေ အားနည်းလာပြီဆိုလျှင်၊ ချက်ချင်း သမားရိုးကျစစ်ကို ပြောင်းလဲကျင့်သုံးရမှာဖြစ်ပါတယ်။ 

အဓိက သတိပြုရမည့်အချက်မှာ ဒေသတခုချင်း ဖြစ်စေ၊ တနိုင်ငံလုံးအတွက် ဖြစ်စေ သမားရိုးကျစစ်ကို ပြောင်းလဲကျင့်သုံးရန်မှာ ရန်ငါ အခြေအနေ မဟာမိတ်အခြေအနေ လူထုအခြေအနေက အရေးတကြီး ထည့်တွက်ရမယ့် အချက်တွေ ဖြစ်ပါတယ်။

ပြောက်ကျားစစ်သေနင်္ဂဗျူဟာ ဆိုတာ ရေရှည်စစ်ကို အခြေခံတဲ့စစ်ဗျူဟာတရပ် ဖြစ်ပေမဲ့ စစ်ပွဲများ အလွန်ကြာမြှင့်စွာ အချိန်ဆွဲထားမယ်ဆိုရင် နှစ်ဖက်တိုက်ခိုက်မှုများကြောင့် သေကျေ ဒဏ်ရာရမှုများ၊ စီးပွာရေး နဲ့ လူမှုရေး ထိခိုက်မှုများ၊ အများအပြားရှိလာပြီး တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ဘက်အသီးသီးကို တိုက်ရိုက်ထိခိုက်လာလေ့ရှိပါတယ်။ ကျဆုံးနိုင်ငံတခု ဖြစ်သွားနိုင်တဲ့အထိ စစ်ဘေးစစ်ဒဏ်တွေကို နောက်မျိူးဆက်တခုထိပါ ရိုက်ခတ် ခံစားကြရလေ့ရှိပါတယ်။

ဒါကြောင့် ပြောက်ကျားတပ်ဖွဲ့တွေဟာ လှုပ်ရှားစစ်နဲ့ နေရာယူစစ်ကို မဖြစ်မနေ တက်လှမ်းကြရလေ့ရှိပါတယ်။ 

ပြောက်ကျားစစ်ကနေ အမြဲတမ်းတပ်တွေ ထူထောင်ပြီးသမားရိုးကျစစ်ကို လှည့်ပြောင်းဖို့ အချိန်ကာလကိုတော့ စစ်ကို ဦးစီးဦးဆောင်သူတွေအနေနဲ့ အခြေအနေ အချိန်အခါ အချက်အလက်တို့ကို အခိုင်အမာ တွက်ချက်စဥ်းစားကြရလေ့ရှိပါတယ်။ ပြောက်ကျားစစ်ရဲ့ အရေးအကြီးဆုံးအချက်ကပြောက်ကျားစစ်က သမားရိုးကျစစ်ကို ကူးပြောင်းဖို့ အချိန်ရွေးချယ်ခြင်း ဖြစ်ပါတယ်။

ပြောက်ကျားစစ်မဟာဗျူဟာအရ ကာလသုံးမျိုး အယူအဆကို လက်တွေ့ လက်ခံကျင့်သုံးကြတာ တွေ့ရလေ့ရှိပါတယ်။ 

ပြောက်ကျားတွေဟာ စစ်မဟာဗျူဟာအရ ခံစစ်ကာလ Phase of Strategic Defence ၊ စစ်မဟာဗျူဟာအရ မျှခြေကာလ (စင်ပြိုင်ကာလ ) Phase of Equilibrium နဲ့ စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကြီးကာလ Phase of Strategic Offensive ဆိုပြီး သတ်မှတ် တိုက်ပွဲဝင်လေ့ရှိတာကို နိုင်ငံတကာတော်လှန်ရေးတွေမှာ တွေ့ရလေ့ရှိပါတယ်။ တန်ပြန်ပြောက်ကျားစစ်ဆင်နွဲကြတဲ့ နေရာမှာလည်း ဒီကာလသုံးမျိုး အယူအဆပေါ် မူတည်ပြီး စစ်ဆင်ရေးနည်းနာတွေ ရှာဖွေ ကျင့်သုံးလေ့ရှိတာ တွေ့ရမှာဖြစ်ပါတယ်။

တန်ပြန်ပြောက်ကျားစစ်ဆင်မှုတွေကို ခံစစ်ကာလ Phase of Strategic မှာ အများအားဖြင့်ဆောင်ရွက်ကြရလေ့ရှိပါတယ်။ ဆိုလိုတာက ဒီကာလမှာ ပြောက်ကျားတပ်ဖွဲ့တွေဟာ မွေးကင်းစကလေး သာသာရှိသေးတဲ့အတွက် အညွန့်အဖူးဘဝမှာ အလွယ်တကူ ချေဖျက်နိုင်လေ့ရှိပါတယ်။ 

သို့သော် စစ်မဟာဗျူဟာအရ မျှခြေကာလ (စင်ပြိုင်)ကာလ Phase of Equilibrium ကို ပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ စစ်မဟာဗျူဟာအရ တိုးတက်ပြောင်းလဲလာပြီ ဆိုရင်တော့ ချေဖျက်နိုင်ဖို့ လုံးဝမရနိုင်တော့ပါ။ ဒုတိယကာလမှာပြောက်ကျားတပ်ဖွဲ့တွေဟာ လူထုထောက်ခံမှု အပြည့်အဝရရှိနေတဲ့ကာလလည်း ဖြစ်လေ့ရှိပါတယ်။

ဒီအချိန်မှာ လေကြောင်းကူ လက်နက်ကြီးကူများနဲ့ စစ်ကြောင်းများ ဖွဲ့စည်းပြီး ကွက်ပြည့်နင်းတာတို့ စစ်ကြောင်းတွေနဲ့ တပြိုင်နက် ချေမှုန်းရေးလုပ်တာတို့ စတဲ့ ဗျူဟာတွေကို ကျင့်သုံးတာ တွေ့ရလေ့ရှိ ပါတယ်။ 

အဓိကရည်ရွယ်ချက် သုံးခုကို တွေ့ရပါတယ်။ တစ်က- ဌာနချုပ်တွေကို ကာကွယ်ရန်၊ နှစ်က- ပြောက်ကျားတပ်ဖွဲ့တွေရဲ့ ထိုးစစ်ရှိန်ကိုလျှော့ချဖို့နဲ့ တတိယက ပြောက်ကျားတပ်ဖွဲ့တွေကို လူထုနဲ့ အဆက်ဖြတ်ရန်တို့ပဲ ဖြစ်ပါတယ်။ 

များသောအားဖြင့် ဒီစစ်ဆင်ရေးတွေဟာ အင်မတန် ရက်စက် ယုတ်မာ ကောက်ကျစ်လေ့ရှိကြပါတယ်။ တွေ့သမျှလူတွေကို သတ်တာ၊ မုဒိမ်းကျင့်တာ၊ ဓားပြတိုက်တာကအစ ရွာတွေမီးရှို့၊ လူထုစားမယ့် ရိက္ခာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်လေ့ရှိပါတယ်။

ပြောက်ကျားတပ်ဖွဲ့တွေကလည်း ဒီမျှခြေကာ (စင်ပြိုင်ကာလ )မှာပဲ စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကြီးဆင်နွဲဖို့၊  တနည်းပြောရရင် အဆုံးသတ်တိုက်ပွဲဆင်နွှဲဖို့ အကြိုတန်ပြန်ထိုးစစ်ကာလတခုကို ဖြတ်သန်းပြီး ထိုးစစ်ကြီးကို ပြင်ဆင်ကြတာ တွေ့ရပါတယ်။

ဒီနေရာမှာ များသောအားဖြင့် မျှခြေကာလ ( စင်ပြိုင်ကာလ) ကို ရောက်ပြီဆိုရင် လေကြောင်းကူတွေ လက်နက်ကြီးတွေနဲ့ ကွက်ပြည့်နင်းတာတို့ စစ်ကြောင်းတွေနဲ့ တပြိုင်နက် ချေမှုန်းတာတို့က အလုပ်မဖြစ်တာ များပါတယ်။ ဘာကြောင့်လဲဆိုတော့ လူထုက ပြောက်ကျားတပ်ဖွဲ့နဲ့ တသားတည်းဖြစ်နေမယ်ဆိုရင် စစ်ကြောင်းတွေဟာ ဖရိုဖရဲ ပျက်စီးသွားလေ့ရှိပါတယ်။ 

ပြောက်ကျားတပ်ဖွဲ့တွေရဲ့ စုပေါင်းချေမှုန်းမှုကို အပြင်းအထန်ခံရလေ့ရှိပြီး တပ်တွင်း မတည်မငြိမ်ဖြစ်မှုတွေ၊ တပ်တွင်းအာခံမှုတွေ တပ်ပြေးတွေ တဖက်ကို ကူးပြောင်းမှုတွေ အများအပြား ဖြစ်ပေါ်လေ့ရှိပါတယ်။

ပြောက်ကျားတပ်ဖွဲ့တွေဟာ ဒီအခွင့်အရေးတွေကို မိမိရရ ဆုပ်ကိုင်ပြီး စုစည်းညီညွတ်စွာ နေရာအနှံ့ ထိုးစစ်တွေ ထိထိရောက်ရောက် ထိုးနိုင်မယ်ဆိုရင် ဆက်တိုက်ချေမှုန်းမှုတွေကိုအခိုင်အမာဆောင်ရွက်နိုင်ပြီး မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကြီးကို စတင်ဖို့ အခြေအနေကောင်းတွေ ပေါ်လာနိုင်တဲ့ အနေအထားထိအောင် ရောက်ရှိသွားနိုင်မှာ ဖြစ်ပါတယ်။ 

ကျနော် ဆိုလိုချင်တာက လူထုကို ရက်ရက်စက်စက် သတ်ဖြတ် ရွာတွေ မီးရှို့ ၊ မိန်ကလေးတွေကို မုဒိမ်းကျင့် ဓားပြတိုက် ဆိုတဲ့လုပ်ရပ်တွေက လူထု ကြောက်လန့်သွားအောင် လူထု စားစရာမရှိရင် တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်အောင် စစ်ကြောင်းတွေ ထိုးတဲ့အတွက် ပြောက်ကျားတွေရဲ့ ထိုးစစ်အရှိန်လျော့သွားအောင် လက်နက်ကျည် စတဲ့ စစ်အသုံးအဆောင်တွေ ရှားပါးသွားအောင် လူ့အသက်တွေနဲ့ ကစားကြတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တွေဟာ အောက်ခြေစစ်သားတွေကို ထိုးကျွေးပြီး လုပ်ရတဲ့ စစ်ဆင်ရေးတွေ ဖြစ်တာကြောင့် စစ်တပ်ထဲမှာရှိတဲ့ အရာရှိ အရာခံ အကြပ်တပ်သားတွေဟာ သောက်သောက်လဲ သေကျေဒဏ်ရာတွေရကြတာ မျက်မြင်ပဲ ဖြစ်မှာပါ။ 

သေချာတာက ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ စစ်ထဲဝင်တာ မဟုတ်တဲ့သူတွေကတော့ လက်ရှိ တိရစ္ဆာန်သာသာ စစ်တပ်က အလုံးအရင်း စွန့်ခွာ ထွက်ပြေးကြမှာကလည်း မကြာခင်ကာလမှာ ထင်ထင်ရှားရှား ပေါ်ပေါ်လွင်လွင် ဖြစ်လာတော့မှာပါ။

ဘာလို့ပြောနိုင်သလိုဆိုရင် ဓားပြတိုက်တဲ့ စစ်တပ်က ဓားပြတိုက်လို့ ရွှေ ငွေ ရတနာတွေ ရကြတယ်။ ဓားပြမတိုက်တဲ့ စစ်သားတွေပါ ဓားပြတွေလို့ ပြောတာ ခံနေရတယ်။ မုဒိမ်းကျင့်တဲ့သူတွေက မုဒိမ်းကျင့်ကြတယ်။ မုဒိမ်းမကျင့်တဲ့သူတွေပါ မုဒိမ်းကောင်တွေလို့ ပြောတာ ခံနေကြရတယ်။ ရွာတွေ မီးရှို့၊ လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့သူတွေက သတ်ဖြတ်ကြတယ်။ ဒါပေမဲ့ လူထုကတော့ စစ်သားမြင်တာနဲ့ ရာဇဝတ်ကောင်တွေလို့ သတ်မှတ်ကြတယ်။ 

ဗီယက်နမ်စစ်မှာ တောင်ဗီယက်နမ် လေယာဥ်မှူးတွေ အကုန်ထွက်ပြေးကြလို့ လေယာဥ်ပေါင်းရာချီပြီး ဗီယက်ကောင်းတွေက ရရှိခဲ့ကြတယ်လို့ လေ့လာဖူးပါတယ်။

တကယ်တော့ စစ်ပွဲတပွဲ အနိုင်ရဖို့ဆိုတာ လေယဥ်တွေ လက်နက်ကြီးတွေမဟုတ်ဘဲ လူထုကသာ အဆုံးအဖြတ်ပေးတာဖြစ်ကြောင်း သမိုင်းက သက်သေပြခဲ့ပြီးလည်း ဖြစ်ပါတယ်။


ကိုအောင်မှိုင်း

(ကိုးကား။ ။စစ်ပညာဂျာနယ်များ၊ပြောက်ကျားစစ်ဆိုင်ရာ စာအုပ်စာတမ်းများ၊ မြေပြင်တိုက်ပွဲ နိဂုံးချုပ်)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar