Breaking News

တော်လှန်ရေးနေ့ နဲ့ စစ်တပ်ရဲ့ နိုင်ငံရေး အစဥ်အလာ

မြန်မာနွေဦး ခရိုနီကယ် - မတ် ၂၇ မြင်ကွင်း

(မိုးမခ) မတ် ၂၈၊ ၂၀၂၃


တော်လှန်ရေးနေ့ နဲ့ စစ်တပ်ရဲ့ နိုင်ငံရေး အစဥ်အလာ

၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ဟာ ၇၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်ပါတယ်။ သို့ပေမယ့် ဆယ်စုနှစ် အတန်ကြာမှာ ဖက်ဆစ်တော်လှန်ရေးနေ့ဟာ တပ်မတော်နေ့ အဖြစ်အမည်ပြောင်းလိုက်ပြီး မြန်မာ့ကာကွယ်ရေးတပ် BDA ရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်က မြန်မာစစ်တပ်သမိုင်းကို အမွှမ်းတင်တဲ့ တပ်မတော်နေ့အဖြစ် အနှစ်သာရအားဖြင့်ပါ ပြောင်းလဲသွားအောင် မဆလ အစိုးရလက်ထက် ဆိုရှယ်လစ်ပါတီ အသွင်ယူထားတဲ့ စစ်အာဏာရှင် လက်ထက်မှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

ဖက်ဆစ်စနစ်လို့ ဆိုတဲ့အခါ စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ အနှစ်သာရဘက်ကို ဇောင်းပေးထားတဲ့ မျိုးချစ်ဝါဒတို့ကိုပေါင်းစပ်ထားတဲ့ နိုင်ငံရေးစနစ်ကို ဆိုလိုတာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်မတိုင်ခင်၊ ဂျာမဏီ၊ ဂျပန်နဲ့ အီတလီတို့မှာ ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လွတ်လပ်ရေး လိုချင်တဲ့ သခင်အမည်ခံယူထားကြတဲ့ ဒို့ဗမာအစည်းအရုံးဝင် လူငယ်တွေက အဲဒီအချိန်ကာလမှာ ကိုလိုနီအင်္ဂလိပ်ကို တိုက်ခိုက်မောင်းထုတ်ဖို့ ဖက်ဆစ်စနစ်နဲ့ အရှေ့အာရှကို သိမ်းယူ ကိုလိုနီလုပ်ဖို့ တာစူနေတဲ့ ဂျပန်စစ်တပ်က အဆက်အသွယ်တွေနဲ့ ချိတ်ဆက်ကာ စစ်ပညာသင်ယူခဲ့ကြပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံထဲ ဂျပန်စစ်တပ်ကြီးနဲ့အတူ ဝင်ရောက်လာပြီး ဖက်ဆစ်ဂျပန်တွေက နှစ်နဲ့ချီမြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲလိုအုပ်ချုပ်နေတဲ့ ဖက်ဆစ်စနစ်အောက်က ဂျပန်စစ်တပ်ကို တော်လှန်ဖို့ရာ ၁၉၄၅ ခု မတ်လ ၂၇ ရက်နေ့မှာ ဖက်ဆစ်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ပြီး ဖက်ဆစ်ဂျပန်တပ်တွေကို မြန်မာဘီဒီအေ တပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒါကြောင့် မတ်လ ၂၇ ရက်နေ့တိုင်း ဖက်ဆစ် တော်လှန်ရေးနေ့ အဖြစ် အခမ်းအနားကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် ဗိုလ်နေဝင်းဦးဆောင်တဲ့ မဆလ အစိုးရလက်ထက်မှာ ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့ အဖြစ် နာမည်ပြောင်းခဲ့ကြပြီး သမိုင်းကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ 

အခုနောက်ပိုင်း စစ်အာဏာသိမ်းပြီးအုပ်ချုပ်တဲ့ အစိုးရတွေလက်ထက်မှာတော့ မတ်လ ၂၇ ရက်နေ့ဟာ တပ်ရဲ့ အစဥ်အလာကို အချက်အလက်မှားတွေ၊ ရှုထောင့်မှားတွေနဲ့ ချီးမွမ်း ဂုဏ်ပြုကြတဲ့နေ့ တနေ့ဖြစ်လာပါတယ်။ ၁၉၄၅ခုနှစ် ဖက်ဆစ်ဆန့်ကျင်ရေးကာလ ရရှိခဲ့တဲ့ အမျိုးသား ညီညွတ်ရေး အစဥ်အလာတွေကို ဖုံးကွယ်ထားခဲ့ပြီး၊ တိုင်းရင်းသားလက်နက်ကိုင် ၊ နိုင်ငံရေးအယူဝါဒကွဲတဲ့ ဗကပ လက်နက်ကိုင်တွေနဲ့ ဆယ်စုနှစ်တွေ ချီတိုက်ခိုက်ခဲ့တဲ့ ပြည်တွင်းစစ်တိုက်ပွဲတွေကို အမွှမ်းတင်ချီးမြှောက်ပြောဆိုကြကာ စစ်ဝါဒ၊ စစ်တပ်သည်သာ ပဓါန ဆိုတဲ့ ရှုထောင့် နိုင်ငံရေးအတွေးအခေါ်ကို ပုံဖေါ်ဝါဒဖြန့်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၄၅ခုနှစ် ဖက်ဆစ်ဝါဒကို တွန်းလှန်မှု မတိုင်ခင်မှာ ထိုစဥ်က နိုင်ငံရေး အယူဝါဒအရ ဦးဆောင်အတွေးအခေါ်ရှိခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗမာ့ကာကွယ်ရေးတပ်ထဲက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဖက်ဆစ်ဆန့်ကျင်ရေး ဦးဆောင်မှု တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ကြပြီး ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲတွေမှာ တပ်ခေါင်းဆောင်နဲ့ နိုင်ငံရေးမှူးတွေကို တန်းတူ ဆုံးဖြတ် ပိုင်ခွင့်ရှိ တာဝန်ယူမှုရှိတဲ့ ဖွဲ့စည်းပုံနဲ့ ဖက်ဆစ်တော်လှန်ရေးကို လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ခုနောက်ပိုင်းမှာတော့ မတ်လ ၂၇ ရက်နေ့ဟာ တပ်မတော်နေ့အဖြစ် နာမည်ပြောင်းရုံတင်မကပဲ ပြည်တွင်းစစ်မှာ တိုက်ခိုက်နိုင်ခဲ့တဲ့သူတွေကို ဆုတံဆိပ်တွေချီးမြှင့်ပြီး မြန်မာတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား သွေးကွဲစေခဲ့တဲ့ အစဥ်အလာတွေ ရှိခဲ့တဲ့ နေ့တနေ့သာ ဖြစ်လာခဲ့တာပါ။

ယနေ့လို ၇၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့မတိုင်မီမှာလည်း တပ်ချုပ် မင်းအောင်လှိုင်က  စစ်တပ်ထဲက အငြိမ်းစားယူသွားကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို ပြန်လည်ဖိတ်ကြားထားပြီး အဲဒီအငြိမ်းစား ဗိုလ်ချုပ်ကြီးတွေ၊ ဒုဗိုလ်ချုပ်ကြီးတွေနဲ့ ဗိုလ်ချုပ်တွေကို ဖိတ်ကြားပြီး မင်းအောင်လှိုင်က ဂါရဝပြုတာ ကန်တော့တာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ နဂိုက အစဥ်အလာမကောင်းခဲ့တဲ့ စစ်တပ်က အခု စစ်အာဏာသိမ်းပြီးနောက်မှာ ကျယ်ကျယ်ပြန့်ပြန့် လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်မှုတွေ ခံနေရချိန်၊ အရင်ကထက်ပိုပြီး လူထုရဲ့ မုန်းတီးမှုတွေကို ခံနေရချိန်၊ စစ်ရာဇဝတ်မှုတွေပိုပြီး ကျူးလွန်လာချိန်မှာ အရင်အငြိမ်းစားယူခဲ့ကြတဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ ထောက်ခံမှုကိုပါ ရရှိအောင် လက်ရှိ စစ်တပ်ခေါင်းဆောင်က ကြိုးစားခဲ့တဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။ 

၁၉၄၁ ဒီဇင်ဘာလ ဗမာ့လွတ်လပ်ရေးတပ်မတော် စတင်ထူထောင်ခဲ့ကြတဲ့ နောက်ပိုင်း နှစ်ပေါင်း ၈၀ ကျော်ကာလမှာ အခုအချိန်လောက် မြန်မာစစ်တပ်ရဲ့ နာမည်နဲ့ ဂုဏ်သတင်းကျဆင်းခဲ့တာ မရှိဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်အခါမှာ ကျင်းပတဲ့ တပ်မတော်နေ့ဟာ တကယ်တော့ ဖက်ဆစ်ဆန့်ကျင်ရေး အစဥ်အလာတွေကို ဖုံးကွယ်ပြီး စစ်ဝါဒကို အမွှမ်းတင်တဲ့ အထိမ်းအမှတ်နေ့ သမိုင်းကို နားလည်မှုလွဲမှားအောင် လုပ်ဆောင်တဲ့နေ့တနေ့၊ ကျဆင်းနေတဲ့ လူထုထောက်ခံမှုနဲ့ ဂုဏ်သတင်းကို အယူအဆအမှား နည်းလမ်းအမှားတွေနဲ့ မြှင့်တင်ဖို့ကြိုးစားတဲ့ နေ့တနေ့သာဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar