Breaking News

ညိုထွန်းလူ _ ဖြေသိမ့်ရာ

Image - Credit
ဖြေသိမ့်ရာ
ညိုထွန်းလူ
(မိုးမခ) ဧပြီ ၉၊ ၂၀၂၃

မင်္ဂလာနံနက်ခင်းပါ။ မိုးကောင်းကင်သည်လင်းထိန်ဝင်းပလာသည်နှင့်အမျှ အမှောင်ထုသည်လည်း ပြိုကွဲလွင့်ပျယ်သွားခဲ့လေပြီ။ တစ်ညလုံးထင်ရာစိုင်းပြီးသောင်းကျန်းနေသော ခြင်တွေလည်း ဘယ်ဆီသို့ပြေးကြလေသည်မသိ။ 

အမှောင်နှင့်အလင်းသည် အားပြိုင်နေကြ၏။ လူတိုင်းလူတိုင်းအမှောင်ကိုသဘောမကျ အလင်းရောင်ကိုသာတမ်းတကြ၏။ ကျွနု်ပ်သည် ညအခါတွင် အိုက်လည်းအိုက် မှောင်လည်းမှောင် ခြင်‌တွေကလည်းကိုက်၊ လျှပ်
စစ်မီးကလည်းမလာသမို့ ယပ်တဖျတ်ဖျတ်ခပ်ရင်း မိုး မြန်မြန်လင်းဖို့ဆု တောင်းနေရ၏။ ဪ-သဟာ‌ကြောင့်မို့လည်း ကမ္ဘာဦးလူသားတွေက အလင်းရောင်ပေးသည့်နေနှင့်လကို အမြဲတောင့်တနေကြရှာသည်ပဲ။ 
အမှန်တော့ ကျွနု်ပ်သည်လည်း ကမ္ဘာဦးလူသားတွေနှင့်သိပ်မကွာ ယခုလို ပူအိုက်ပြီး လျှပ်စစ်မီးမလာသည့်ညအချိန်တွင် လရောင်ကို တမ်းတ
နေရ‌စမြဲ။ တစ်ခါတစ်ခါတော့ ငါက ကမ္ဘာဦးလူသားလား ၂၁ ရာစုလူသားလားဟု ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်ရင်း ဝေခွဲမရဖြစ်သွားရပြန်လေ၏။
ကျွနု်ပ်တို့နိုင်ငံ၏ ပုံတောင်ပုံညာဒေသတွင် လွန်ခဲ့သည့် နှစ်ပေါင်းသန်းလေးဆယ်လောက်က ကမ္ဘာဦးလူသားတွေ၏ မေးရိုးနှင့်အံသွားတွေ တွေ့ရှိခဲ့သည်ဟုဆို၏။ ထိုအခါ အံမယ်  လက်စသတ်တော့လူသားအစ ငါတို့
ဆီကပါကလားဟု ခပ်ကြောင်ကြောင်တွေးလိုက်ရင်းဇာတိဂုဏ် အမျိုးဂုဏ်တွေ ဒင်းကနဲထွက်ပေါ်၍သကာလ ရင်ကော့ချင်စိတ်တွေက မီးစမီးပွင့်တွေလို ဖွားခနဲ ဖွားခနဲ။
သည်တော့လည်း လျှပ်စစ်မီးရောင်တထိန်ထိန်ဖြင့် ဟန်ကြီးပန်ကြီးနိုင်လှသော ဟိုး ယူအက်စ်အေတို့ ယူကေတို့ ဩဇီတို့ ဂျပန်တို့ကလူတွေကို သနားလှ၏။
သူရို့ခမျာများ ကျွနု်ပ်တို့ထက် နှစ်သန်းပေါင်းများစွာကြာပြီးမှ လူဖြစ်နောက်ကျနေရရှာသည်ကို မသိရှာ။
မသိတော့တန်ဖိုးထားရကောင်းမှန်းမသိ။ တကယ်ဆိုလျှင်ကမ္ဘာဦးကာလက ငါတို့ရဲ့မူလပထမနှမ်းမနဲ အဲ-မှားသွားလို့ လူသားအမျိုးအနွယ်တွေဟာ မြန်မာနိုင်ငံမှာရှိနေပါကလားဟုတွေး၍ လာရောက်ဂါရဝပြုဖို့ မကောင်းပေလော။ 
အကယ်၍ သူတို့တစ်တွေမြန်မာနိုင်ငံသို့ရောက်လာကြသည် ဆိုပါအံ့။ နေ့လည်ခင်းအချိန် လေမတိုက် ပူလှောင်အိုက်စပ်နေ၍စွပ်ကျယ်လက်ပြတ်နှင့်ဒူးပေါ်ပေါင်ပေါ်ထိုင်ရင်းဖျတ်ဖျတ်လူးမတတ်ဖြစ်နေသည့် ကျွန်ုပ်ကိုတွေ့လိုက်လျှင်ဖြင့် ကိုယ့်နဖူးကိုယ်ရိုက်ပြီး အိုးမိုင်ဂေါ့ဒ်ဟု မြည်တမ်းကြမှာ ဧကံမလွဲချေ။ 
သည်မှာပင် ဓာတ်ပုံရိုက်၍ ဖေ့စ်ဘွတ်မှာမတင်ကြဖို့ သူတို့ကို တောင်းပန်ရပေတော့မည်။ ပုံမတော် ကျွနု်ပ်၏ ဓာတ်ပုံကြီးက ဖေ့စဘွတ်ပေါ် ရောက်သွားသည်နှင့် ကြည့်သူမြင်သူတိုင်း ကြည်ညိုလေးစားစိတ်တွေ ဒလဟော ထွက်ကုန်ပြီး ဖော်လိုဝါသန်းချီ ဖြစ်သွားလျှင် ခက်ရချည့်။ မနေတတ်မထိုင်တတ်ဖြစ်သွားမည်ကို စိုးထိတ်မိပါ၏။ အဟွတ်-ဟွတ် -ဟွတ်. . ။

အို-ချစ်လှစွာသောမိတ်ဆွေများခင်ဗျာ ကျွနု်ပ်ပြောတာကို အဟုတ်မှတ်ပြီးမယုံကြ‌စေလိုပါ။ တကယ်တော့ ကျွန်ုပ်သည်စိတ်ရှုပ်သည်နှင့် သို့ကလိုပဲ ပေါက်တတ်ကရတွေတွေးပြီး စိတ်သက်သာရာ ရကြောင်းကိုရှာတတ်၏။ ဤသည်ကားကျွနု်ပ်အတွက် စိတ်၏ဖြေသိမ့်ရာ သို့မဟုတ်ဖြေဆေးတစ်ခုဖြစ်ပေသည်။
                        -  - - - - -
နံနက်ခင်းသည် တိတ်ဆိတ်အေးချမ်း၏။ စိတ်အာရုံကိုကြည်လင်စေ၏။ လေညင်းကလေးသည် ပန်းရနံ့တို့ကိုသယ်ဆောင်လာ၏။ အဟောဝတ ကောင်းပေစွ။ ကျွန်ုပ်သည်နံနက်ခင်း၏အရသာကိုခံစား၍ အိမ်ဝင်းထဲမှာပဲ
လမ်းလျှောက်ရင်းနံနက်စာဘရိတ်ဖတ်စ်ကိုအုပ်ဖို့အတွက် ပဲပြုတ်သည်ကိုမျှော်၏။
အပြင်ထွက်ပြီးလမ်းမလျှောက်ရဲ။ အဆင်မသင့်လျှင် ခွေးဆွဲခံရမှာကြောက်၏။ ထို့ပြင် ထင်သလိုမောင်းနှင်နေကြသည့် ဆိုင်ကယ်တွေရဲ့အန္တရာယ်ကိုလည်း ထိတ်လန့်၏။ သူတို့က အရှိန်ပြင်းပြင်းနှင့် ကျုံးထည့်လိုက်လျှင်မချောင်။ လွန်ခဲ့သည့်ဆယ့်လေးငါးနှစ်တုန်းကတော့ သည်လိုဘယ်ဟုတ်ပါ့မတုန်း။ အသွားအလာနည်းသည်။ နံနက်ခင်းမှာ ချိုးကလေး
က တကူကူး ကူးလို့။ စိတ်နှလုံးအေးချမ်းပေစွ။ သာယာပေစွ။ ညရောက်သည်နှင့် ခပ်လှမ်းလှမ်းဆီမှ ဇီးကွက်အော်သံကြားရ၏။ 
ဇီးကွက်သည်လာဘ်ကောင်ဖြစ်၏။အိမ်ထဲသို့ ဇီးကွက်ရောက်လာလျှင် သေချာပေါက် ငွေဝင်ကိန်းကြုံတော့မည်။ ထို့ကြောင့်ကျွန်ုပ်သည်ကိုယ့်အိမ်ထဲသို့ ဇီးကွက်ရောက်လာမည့်အရေးကို မျှော်နေမိသည်။ ဇီးကွက်ရောက်လာလျှင် ပိုက်ဆံတွေပြုံအောဝင်ရချည်သေးဟု စိတ်ကူးယဉ်လိုက်၏။ ကံကြမ္မာဆိုတာပြော၍မရ။ သိန်းထောင်ချီပြီး ထီပေါက်သွားနိုင်သည်ကော။

သို့ဖြင့် ကျွန်ုပ်သည် ဘာအစွမ်းအစမျှမရှိ၍ ထီပေါက်မည့်အခွင့်အရေးကိုပဲ မျှော်နေခဲ့ရ၏။ ခက်တာက ကိုရွှေဇီးကွက်၏ ပရောဂျက်ထဲတွင် ကျွန်ုပ်၏အိမ်သို့ လာရောက်ဖို့ အစီအစဉ်ရေးဆွဲထားဟန်မတူ။
ယခုတော့ ကျွနု်ပ်တို့ရပ်ကွက်သည် မြို့ပြအသွင်ဆောင်နေပြီဖြစ်၍ ဇီးကွက်အော်သံ ချိုးကူသံတွေကို မကြားရတော့ပြီ။ သူတို့အစားခိုနှင့်စာကလေးတွေ ရောက်လာကြသည်။
ကျွနု်ပ်သည် သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုး၏။ ကျေးငှက်ကလေးတွေ၏ တီတီတျာတျာအသံကလေးတွေကိုလည်း အလွန်တရာမှသဘောကျ၏။ သို့ရာတွင် ချွင်းချက်အနေဖြင့် ခိုငှက်တွေကိုတော့ မချစ်မြတ်နိုးနိုင်။ နေပူပြင်း၍စိတ်ရှုပ်နေရချိန် သင်းတို့၏ညည်းသံကြီးက တော်တော်နားဒုက္ခပေး၏။ 
ကြွေပြားကပ်ထားသည့် အုပ်လှေကားထစ်ပေါ်သို့ အီအီးတွေပါချ၍ မကြာခဏဆေးကြောရှင်းလင်းရ၏။
အသိုက်လုပ်ထားသည့် တုတ်ခနောင်းတွေကလည်း အောက်သို့ လွင့်စင်ကျ၏။ အင်မတန်စိတ်ပျက်စရာကောင်းလှသည်။

မည်သို့ပင်ဖြစ်စေ နဘေးအိမ်တွေက သူတို့ကိုအစာကျွေးကြပြန်တော့လည်း အပြစ်မမြင်တော့ဘဲ စေတနာယိုဖိတ်ရပြန်သည်။ ငှက်တွေပဲလေ ဘာသိရှာမှာ တုန်းဟုတွေးရင်း သနားကရုဏာသက်မိလိုက်သည်။
နံနက်စာ ပဲပြုတ်နှင့်ထမင်းကို တွယ်ပြီးသည်နှင့် ခိုစာကြွေးခြင်းဖြင့် ကုသိုလ်ပြုရသည်။ မေတ္တာသဘောသည် ချက်ချင်းလက်ငင်းတုန့်ပြန်၏။ ကြည်နူးရ၏။ပျော်ရွှင်ချမ်းမြေ့ရ၏။
နေခြည်ဖြာသော မင်္ဂလာနံနက်ခင်း။ ကျွနု်ပ်နှင့်အသက်အရွယ်မတိမ်း မယိမ်း ဘိုးတော်တွေလည်း သူတို့အိမ်‌ရှေ့မှာထိုင်နေကြသည်ကို‌တွေ့ရသည်။ အထွေအထူးမရှိ အေးမြလန်းဆန်းသော နံနက်ခင်းကိုခံစား
နေကြခြင်းမျှသာ။

ကျွနု်ပ်သည် လမ်းလျှောက်ရင်းမေတ္တာစိတ်တွေ ပွားများနေစဉ် အိမ်ရှေ့ဆီက ဗူးဗရောအသံတွေကြားလိုက်ရသည်။ ဆိုင်ကယ်နှစ်စီးနှင့်လူငယ်လေးယောက်ကိုတွေ့ရသည်။ သူတို့ဆိုင်ကယ်ကိုရပ်တန့်လိုက်သည်။ ဘာလုပ်ကြမှာပါလိမ့်။ တွေး၍ မဆုံးခင်မှာ နှစ်ယောက်က ကတ္တရာလမ်းပေါ်သို့ ပိုက်ကွန်ကို ဖြန့်ခင်းလိုက်သည်။ တစ်ယောက်က စလွယ်သိုင်းထားသည့်လွယ်အိတ်ထဲကပြောင်းဖူးစေ့တွေကိုဖြန့်ကျဲလိုက်သည်။ ဟယ်ခနဲဖြစ်သွား၏။ 
ခိုတွေကိုပိုက်ကွန်နှင့် သိမ်းကြုံးဖမ်းဆီးတော့မည်ပဲ။ 
ခိုတွေကပြောင်းဖူးစေ့ကိုကြိုက်သည်။ တိုက်ခေါင်မိုးပေါ်မှ ပျံဝဲလာကြသည်။ လေးငါးမိနစ်လောက်ပဲကြာမည်။ ခိုတွေအစိတ်သုံးဆယ်လောက်ဖမ်းမိသွားသည်။ ကျွနု်ပ်တို့မနက်တိုင်းအစာကျွေးနေကြသည့်ခိုတွေ ပါ သွားပြီ။

ကျွနု်ပ်သည်နံနက်စာပွဲတော်တည်ရင်း ကသိကအောင့်ဖြစ်နေမိသည်။ ငါတော်တော်ညံ့သည်။ တကယ်ဆိုလျှင် ကိုယ့်အိမ်ရှေ့မှာဖြစ်သွားသည်မို့ တားမြစ်ဖို့ကောင်း၏။ သည့်နောက် အို ငါကသူတို့လုပ်တာကို ဝင်ရောက်ပြောလိုက်ပါပြီတဲ့ သူတို့ကငါ့ကိုရန်ငြိုးထားရင် ဘယ့်နှယ်လုပ်မလဲဟု တွေးပြီး တွန့်ခနဲဖြစ်သွားပြန်၏။ တဖန် ဘာမျှဝင်ရောက်မပြောသည့် အိမ်နီးချင်းအချို့ကိုလည်း မကျေမချမ်းဖြစ်သွားရပြန်၏။ 
သူတို့လည်း ခိုတွေကိုမနက်တိုင်းအစာကျွေးနေတာပဲလေ ပြောဆိုတား မြစ်သင့်တာပေါ့ဟု မှတ်ချက်ပြု၍ ညံ့ဖျင်းသည့်ကိုယ့်ကိစွထဲသို့အမှုတွဲ၍ ဆွဲထည့်လိုက်မိပြန်သည်။
ကျွနု်ပ်သည် မတရားတာကိုမကြိုက်ပါ။ မကောင်းမှုကိုလည်းမပြုမိအောင်ရှောင်ကြဉ်သည်။ သို့သော်လည်း ဤမျှနှင့်လုံလောက်ပါ၏လော။ ကိုယ့်မျက်စေ့ရှေ့မှာ မကောင်းမှုကိုမြင်တွေ့ပါလျက် ဝင်ရောက်မတားမြစ်သင့်ဘူးလော။ ထိုအခါစိတ်မလုံမလဲဖြစ်သွားရသည်။ 
အိမ်ဝင်းတခါးကိုဖွင့်ပြီး စတီးဇလုံထဲက ထမင်းစေ့တွေကိုကျဲပက်လိုက်သည်။ ခိုတွေပျံဝဲလာကြပြန်ပြီ။ ယခင်ကလိုတစ်အုပ်တစ်မကြီးမတွေ့ရတော့။ အစာကောက်နေကြသည့်ခိုတွေကိုငေးမောရင်း သဗ္ဗေသတ္တာ ကမ္မသကာပါပဲလေဟု တိုးတိုးလေးရေရွတ်၍ စိတ်ကိုဖြေသိမ့်လိုက်ရသည်။ သည်တော့မှ အနည်းငယ်စိတ်သက်သာရာရသွား၏။ ဟမလေး တော်ပါသေးရဲ့။

ညိုထွန်းလူ
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar