ဘိုလ်တောကျော် - ရှင်ကြီးဂေါတမတရားဟောအပိတ်ခံလိုက်ရခြင်း ( တောင်ဆော်မြောက်ဆော်ဘိုလ်တောကျော် (၃) )
တောင်ဆော်မြောက်ဆော်ဘိုလ်တောကျော်(၃)
ရှင်ကြီးဂေါတမတရားဟောအပိတ်ခံလိုက်ရခြင်း
ဘိုလ်တောကျော်
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၃
“ဘုရားရှိခိုပါ၏ တရားရှိခို့ပါ၏။ ရတနာနှစ်ပါးအားရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏။ ” လို့ အသံကျယ်ကျယ်နဲ့ အာဂုံရွတ် ကန်တော့ပန်းဆင်နေတုန်း ...
“ ဟေး ဘိုလ်တောကျော်..တောကျော် ” ဆိုတဲ့ငှက်ဆိုးထိုးသံကြီး ထွက်ပေါ်လာတယ်။ ဒါသူကြီးသာဝရဲ့အသံပဲ။
“ ဘာလဲဗျ နိဝရဏသူကြီး ” လို့ဆိုတော့ သူကြီးသာဝလည်း အံအားသင့်တဲ့မျက်နှာနဲ့ ...
“ဘာလဲကွ နိဝရဏသူကြီးဆိုတာဘယ်သူ့ကိုခေါ်တာလဲ”
“ဟဲဟဲယောင်သွားလိုပါဗျာ။ ကုသိုလ်တရားလေးလုပ်မယ်ကြံတိုင်း အဖျက်အဆီးအနှောင့်အယှက်ဖြစ်တဲ့ နိဝရဏတွေပေါ်လာတာကိုစဉ်းစားမိရင်းနဲ့ ယောင်ပြီး နိဝရဏသူကြီးခေါ်မိတာပါ။ ကဲဘာကိစ္စလဲပြော”
“မင်းအခုဘာလုပ်နေတုန်း”
‘ဘာလုပ်ရမှာလဲဗျ။ ရတနာနှစ်ပါးကို ကန်တော့နေတာလေ။
“မင်းဟာကလည်း ရတနာသုံးပါးလုပ်စမ်းပါဟ၊ ဘယ်ကလာနှစ်ပါးရမလဲ။ ငါပြောတာက ဘာအလုပ်အကိုင်တွေလုပ်နေလဲလို့မေးတာကွ”
“ ကျုပ်မှာရတနာ ၂ ပါးပဲရှိတာ သူကြီးသိသားနဲ့။ ကျန်တပါးက သူကြီးတို့ စွန့်ကျဲပေးကမ်းမယ့် အာသံနကံ လာဘ်လာဘမျှော်ပြီး အာစိန္နကံ ဒကာတွေကို ပစ်ပယ်လိုက်ကတည်းက ကျုပ်မှာရတနာ ၂ ပါးပဲကျန်တော့သဗျာ။ တပါးက ခင်ဗျားတို့ယူသွားပြီလေ။ “အလုပ်အကိုင်လား။ သူကြီးလည်းသိရဲ့နဲ့ဗျာ။ သူကြီးအာဏာလုပြီးကတည်းက ကျုပ်အလုပ်ပြုတ်သွားတော့ ရှိတာလေးထုခွဲရောင်ချစားနေရသပ။ အခုတော့ ထုစရာလည်း ကုန်ပြီ”
“မင်းက ဘုဂလန့်သမားဆိုတော့ ငါဖက်ပြိုင်မပြောတော့ဘူး။ ငါအခုလာတာက ငါမင်းကိုအလုပ်ပေးမလို့။ တိုတိုပဲ ငါပြောမယ်။ ဒီနေ့ငါတို့ရုံးမှာလာသမျှလူတွေမှတ်ပုံတင်ပြီး ထောက်ခံချက်လက်မှတ်ထုတ်ပေးရမဲ့အလုပ်ပဲ။ မင်းမတတ်နိုင်တဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေဆိုရင် ငါ့အခန်းဆီပို့လိုက် ငါရှင်းမယ်။ ဒါပဲ စကားမရှည်နဲ့ အခုမနက် ၉ နာရီထိုးတာနဲ့ ငါရုံးလာခဲ့ပေတော့။ ဒါပဲငါသွားပြီ ” ဆိုပြီး ရာဇသံပေးကာထွက်သွားတဲ့ သူကြီးသာဝရဲ့ကျောပြင်ကိုကြည့်ရင်း ဘိုလ်တောကျော်သက်ပြင်းတချက် ခပ်သွက်သွက်ချလိုက်တယ်။
မနက် ၉ နာရီမထိုးခင်ရုံးဘက်ထွက်လာခဲ့တယ်။ ရုံးလမ်းမကစပြီး စောင်တွေခေါင်းအုံးတွေနဲ့တန်းစီအိပ်နေကြတာ။ ‘ပတ်စပို့’ လျှောက်လွှာတင်ဖို့စောင့်နေကြတဲ့လူတန်းကြီးလိုပါပဲကလား” လို့မှတ်ချက်ပြုရင်း အဲ့ဒီလူတွေကိုကွေရှောင်ကျော်လွှားလို့ ရုံးခန်းပေါက်ရောက်ပေါ့။
ရုံးထဲမှာတော့ မဟော်ဂနီရောင်စားပွဲပေါ်မှာ “ မှတ်ပုံတင်စာရေးကြီးဘိုလ်တောကျော် ” ဆိုတဲ့ နာမည်စာတန်းကလည်း ခန့်ထည်လိုက်ပါဘိ။ ဘိုလ်တောကျော်ဘဝင်ခိုက်သွားတယ်။ အချိန်ကျတာနဲ့ နာမည်ခေါ်ပေးမယ့် ရှေဖတ်စာရေးကလည်း အသင့်။ ဘိုလ်တောကျော် လှမ်းကြည့်ပြီး ...
“ကဲရှေ့ဖတ်စာရေးကြီးရေနာမည်စခေါ်တော့” ဆိုတော့ စာရေးလေးပြောင်ကြီးကနာမည်ခေါ်ပြီး တယောက်ပြီးတယောက် သွင်းပေးနေတယ်။
ပထမဦဆုံးဝင်လာတာက တိုက်ပုံကိုကြယ်သီးအစေ့တပ်ထားပါလား။ လူပုံကလည်း ကပိုကယိုနဲ့ ပုဆိုးကလည်း ဒူးခေါင်းလောက်ထိတိုနံ့နံ့။ ဟိုက်..ဒူးပေါ်ပေါင်ပေါ် တင်ပြင်ခွေထိုင်တတ်တဲ့ဘိုးမင်းခေါင်ဖြစ်နေပါလား။
သူ့နောက်ကမုတ်ဆိတ်ဖြူရှည်ရှည်နဲ့ ဖော့လုံးဆောင်းထားသူက ဘိုးဘိုးအောင်ထင်ပ။ စိတ်ပုတီးလည်း ကိုင်ထားရဲ့။
ဒီလိုနဲ့ ဘိုးတော်တွေ ပြီးတော့ ဘုန်းကြီးတွေ၊ နတ်ခေါင်းစွဲတွေ၊ သူရဲခေါင်းစွဲတွေ။ အစုံစုံပါပဲ။ ဖျာလိပ်နတ်ပါမကျန် ရှေဖြစ်ဟောခွင့် မှတ်ပုံလာတင်ကြရှာတာ။ ဘိုလ်တောကျော်လည်း ကရုဏာထားပြီး မှတ်ပုံတင်ပေး လိုက်ပါတယ်။ ခေတ်ကာလဆိုးထဲမှာ လူလိမ်လူဆိုးတွေ ခရိုနီအငယ်စားတွေကအစ လုပ်ငန်းကိုင်ငန်းခက်ပေသကိုး။ ဒီတော့လည်း စာနာထောက် ထားစိတ်နဲ့ မှတ်ပုံတင်ပေးလိုက်တာပေါ့။
သူတို့ပြီးတော့ ဗေဒင်ဆရာတွေအလှည့်ရောက်ပြီ။ ပထမဆုံးဝင်လာတာက ကိုအောင်ထွန်းခေါ် ဆရာမင်းသိင်္ခပါလား။ သူခေါ်လာတယ်ထင်ရဲ့၊ မိုးတားဆရာကြီး ဦးထွန်းရှိန်နဲ့ ဆန်းကျမ်းဆရာကြီး ဇေယျသိဒ္ဓိဆရာကြီးဦးစိုးမြင့်တို့လည်း တမလွန်ကနေ ကြွလာပြီး သူ့ရို့တပည့်များကိုယ်စားမှတ်ပုံလာတင်ကြရှာတယ်။ အလဲ့.. အယူတော်မင်္ဂလာဦးနိုးရောပါလား။ သင်္ကန်းဘိုသီဖတ်သီနဲ့ ခင်ကြီးဖျော်လည်း ပါသကိုး။ ဟာ မိုးလေဝသအဟောဆရာကြီ းဦးထွန်းလွင်ရောပါလားဟ။ သူလည်း ၂၄ နာရီကြိုဟောပေတာကိုး။
နောက်ထပ်ရောက်လာတာက သစ်ခေါက်ဆိုး သင်္ကန်းဆင်ပြီး ဒေါက်ချာကြီးနဲ့က မှန်းစမ်း။ ဘယ်သူပါလိမ့်။ ဘိုလ်တောကျော်မတွေ့ဘူးသူဆိုတော့ နာမည်မေးရပြီ။
“ကျန်ုပ်ကား ကာဠဒေဝီလ ရသေ့ဖြစ်တော့သကိုး”
အရှင်ဘုရားဘာကိစ္စကြွလာခဲ့သလဲ။ မှတ်ပုံတင်ဖို့တော့မဟုတ်တန်ရာပါဘူး။ အလိုရှိရာမြွက်ကြားတော်မူပါဘုရား” လို့ လျောက်ထားတော့ ...
“အကျွနု်ပ်သည်လည်း သိဒ္ဓတ္ထဖွားစဉ်က ဘုရင်သုဒ္ဓေါဒနကို ‘ဒကာတော်မင်းကြီးသား၌ ဖြစ်ထိုက်သောအန္တရာယ် စိုးစဉ်းမျှမရှိ။ ဧကန်စင်စစ် ဘုရားဖြစ်လတ္တံ့။ သူမှန်ပေသည်” လို့ဟောမိတဲ့အပြင် သုဒ္ဓေါဒနက ‘ဘယ်အရွယ်မှာဘုရားဖြစ်မလဲလို့ ထပ်ဆင့်မေးတော့ ကျွန်ုပ်ကလည်း ၃၅ နှစ်အရွယ်မှာဖြစ်မယ်လို့ ရှေ့ဖြစ်ဟောမိတာကြောင့် အခုအကြားအမြင်ဟော ခွင့်မှတ်ပုံလာတင်တာကွယ်ရို့ ” ဆိုတော့ ဘိုလ်တောကျော်လည်း အမြန်ဆုံးတံဆိတ်ထုလို့ ဟောခွင့်လိုင်စင် ထုတ်ပေးလိုက်ရသပေါ့၊
လာပြန်ပြီ နောက်တယောက်။
“ပြာရကေ..ပြာရကေ’ ဆိုတဲ့ သီချင်းသံပြိုင်ဆိုပြီး ဝတ်ဖြူစင်ကြယ်နဲ့ ပုဏ္ဏားခုနစ်ယောက်။ ရာမ၊ ဓဇ၊ လက္ခဏ၊ ဇောတိမန္တ၊ ယည၊ သုဗောဓနဲ့သုရာမတဲ့။ လာရင်းကိစ္စမေးတော့ “ငါတို့ လက်နှစ်ချောင်းထောင်ပြီး ‘အရှင့်သားတော်မြတ်သည် ကျွန်းလေးရပ်မည်ကိုလှည့်လည်ပိုင်နင်းသောစကြာမင်းသော်လည်းဖြစ်လတ္တံ့။ လူတွင်ထင်ရှားဘုရားသော်လည်းဖြစ်လတ္တံ့’ လို့ ဟောကြားမိခဲ့လို့ အခုလိုလာရောင်ပြီးဟောပြောခွင့်ပြုလက် မှတ်တောင်ခံရတာပါ” တဲ့။
ဘိုလ်တောကျော်လည်း ထုံးစံအတိုင်းဆောင်ရွက်ရပြီပေါ့။
ဘိုလ်တောကျော်အညောင်တချက်ဆန့်ပြီးသန်းဝေချိန်မှာ “ပျော်မှု..ပျော်မှု၊ မျှော်ကြည့်ရှု၍၊ ရတုကောင်းစွာ၊ ဤခါကား..၊ သာသည့်..ညှင်းညှင်း၊ မြောက်လေ..ကြွင်းနှင့်၊ ဆီးနှင်းမကုန်..၊ ပူ..ဟုမသည်း၊ ပျံ့ပျံ့ဖြည်းသား၊ တိမ်မဲမဆိုင်..၊ မြည်အိုင်ရိုက်ကြူး..၊ မင်းလွင်မြူးသား၊ နွေဦးသနစ်၊ အခါဖြစ်၍ ” ဆိုတဲ့ အသံဩဩကြီးနဲ့ ဂါထာ ၆၀ ပျို့ကို ဆွဲဆွဲငင်ငင်ရွတ်ဆိုပြီးဝင်လာတာ ကာလုဒါယီထင်ရဲ့။ သေသေချာချာကြည့်တော့မှ ဘယ်ဟုတ်လိမ့်တုန်း ..
“ဟာ အရှင်ကကောဏ္ဍညပါလား။ လာရင်းစကား မြွက်ဟတော်မူပါဘုရား” လို့လျောက်ထားလိုက်တော့ ...
“ အိန်း.. ငါလည်း သိဒတ္ထကို ‘သုံးဆယ့်တစ်ဘုံဝယ် တစုံတယောက်သောသူမျှအတုမရှိ၊ အသဒိသအစစ်၊ ဓမ္မရာဇ်ထွတ်ထား၊ ဘုရားဧကန်ဖြစ်ပါလိမ့်မည်။ ဤလူ့ဘောင်တွင် တည်အံ့သောငှာ မဟုတ်ပါ’ လို့ လက်ညှိုးတချောင်းတည်းထောင်ထောင်လို့ အတတ်ဟောခဲ့တာကြောင့် ရှေ့ဖြစ်အကြားအမြင်ဟောခွင့်လိုင်စင်တောင်းခံရန်လာခဲ့ ခြင်းသာဖြစ်သကွဲ့”လို့ဆိုတာနဲ့ ဘိုတောကျော်လည်းအသော့နှင်ကာ မှတ်ပုံတင်ပေးလိုက်ရပြန်သပေါ့။
အဲလူလည်းစဲပြီ။ မီးကလည်းပျက်။ ပူအိုက်လွန်းလှတာကြောင့် သားမြီး ယပ်ကိုတဖျပ်ဖျပ်ခတ်လို့ ဘိုလ်တောကျော်အနားယူမယ်ပြင်နေတုန်းရုတ်တရက် ရုံးတော်ကြီးတခုလုံး လင်းထိန်လို့။ မျက်လုံးပါပြာသွားတယ်။ စိမ်း၊ ဝါ ၊ ဖြူ၊ အရောင်စုံတောက်ပလို့။ ကွန့်မြူးရောင်ခြည်တို့ဖြန့်ကျက်နေပုံများငြိမ်းအေးခြင်းသုခရှိပါဘိလို့ ခံစားနေဆဲ ...
“ ငါကား တထာဂတတည်း” တဲ့။ ဘိုလ်တောကျော်လည်း ချက်ချင်းကုလားထိုင်ပေါ်ကဆင်းပြီး လက်အုပ်လေးချီပြီးသကာလ ...
“သုံးလောကထွတ်ထား အရှင်သူမြတ်ကြီးဘုရား ညီတော်အာနန္ဒာကိုစေလွှတ်ရင်လည်း ရသားနဲ့ ကိုယ်တော်တိုင်ကြွလာရင်းကိစ္စကို မုခတော်မှ ဖွင့်လှစ်မြွက်ကြား ဆုံးမတော် မူပါဘုရား” လို့လျှောက်ထားပန်ထွာပြုလိုက်ရသပ။
“ငါ၏ချစ်သားအမောင်တောကျော်...။ ငါသည်ကား စန္ဒမုခိဘီလူးမကို ဤပြည်၌ ဘုရင်းသုံးဆက်တိုင်တိုင် ဖြစ်ချိမ့်မည်လို့ ဗျာဒိတ်ပေးတော်မူခဲ့ဖူးပြီတမုံ့။ ထို့ပြင်တဝ ငါ၏သာသနာ ၅၀၀၀ တည်လိမ့်မည်လို့ ရှေ့ကိုနှစ်ပေါင်းငါးထောင်ကျော် ဟောတော်မူခဲ့သည်။ ထိုမှတဖန် ကောသလမင်းကြီးအား သူ့အိပ်မက် ၁၆ ချက်ကို ရှေ့ ဖြစ်သဘော ဟောကြားတော်မူခဲ့သည်တမုံ့။ ဤသည်၏အဖြစ်ကြောင့် အကြားအမြင်မှတ်ပုံတင်ရန် ကြွလာခြင်းဖြစ်သကွဲ့” ဆိုတော့ ဘိုလ်တောကျော်လည် းရှင်တော်မြတ်ဘုရားအား သူမဆုံးဖြတ်နိုင်တာကြောင့် သူကြီးဦးသာဝအခန်းစေလွှတ်ပြီး မှတ်ပုံတင်လက်မှတ် အထိုးခိုင်းခွင့်ပေးလိုက်တယ်။
တထာဂတ အရှင်သူကြီးသာဝပြန်လည်ထွက်တော်မူလာတော့ မျက်လွှာချငြိမ်ဆိတ်လို့ ဣန္ဒြေ သိမ်းဆည်းထားတာတွေ့တာနဲ့ အခြေနေလျှောက်ထားမေးမြန်းတော့မှ ...
“ချစ်သားမောင်တောကျော်။ ငါအားမြန်းဘိရုမာသံဃာအဖွဲ့ဖြစ်တဲ့ (မဘသ) အရှင်အဝိဇ္ဇာဏိဿရ၊ အဝိဇ္ဇာကိန္ဒတို့ဂိုဏ်းက ကန့်ကွက်စာတင်သတဲ့ကွယ်ရို့။ အကြောင်းကား ငါဘုရားသည် တချိန်သောအခါက “ငါ၏ သာသနာတော်ကို ငါ့သားတော်များပင် ဖျက်ဆီးလတ္တံ့ ” လို့ ကြိုတင်အဟောရှိတော်မူတာကြောင့် ထေရဝါဒသာသနာတော်ကို မယုံကြည်ရာရောက်တဲ့အတွက် သံဃမဟာနာယက ခုံံရုံးတော်မှာ ဝိနိစ္စယတင်ပြီးမှ ခွင့်ပြုနိုင်မယ်ဆိုတယ်။ ဒါကြောင့် ငါဘုရားလုပြည်မှာမဟောမပြောတော့ပဲအခုမယ်တော်မိနတ်သားကိုပဲဟောဖို့ တာဝတိံတာသို့ ကြွပြီ။ ဒကာတော်ငြိမ်းချမ်းသာယာရှိပါစေသောဝ်...’ လို့ ဆုပေးမေတ္တာပို့ကာ ဈာန်ဖြင့်ကြွသွားတော်မူလေပြီ။
ဘိုလ်တောကျော်လည်း “ ဟာ ဒီလိုသာဆိုရင်ဖြင့် လောကမှာဓမ္မ ပျောက်ဆုံးပေတော့မည်ပဲ ” လို့ မြည်တမ်းရင်း ...
လူကိုလူချင်း မီးရှို့သတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေ။
တဘောင်စနည်း အရပ်ထဲ ဆဲခြင်းဆိုခြင်း ကင်းရှင်းကြပါစေ။
အတိတ်နိမိတ် ရှေ့ဖြစ်ဟောရင်း မှတ်ပုံတင်ခြင်း ကင်းရှင်းကြပါစေ။
မိစ္ဆာအချင်းချင်း အသင်းအပင်းကွဲရင်း သေပါစေ .. ဟူ၍ မေတ္တာပို့အမျှဝေလိုက်ရပေတော့သတည်း။
ဘိုလ်တောကျော်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar