မြန်မာစစ်ကောင်စီကို ICC လွှဲဖို့ ကုလ လူ့အခွင့်အရေးမင်းကြီးက တိုက်တွန်း၊ အရာတော် ငွေတွင်းရွာက အရပ်သား ၁၅ ဦး သေဆုံးမှု၊
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၆ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၃
မြန်မာစစ်ကောင်စီကို ICC လွှဲဖို့ ကုလ လူ့အခွင့်အရေးမင်းကြီးက တိုက်တွန်း၊ အရာတော် ငွေတွင်းရွာက အရပ်သား ၁၅ ဦး သေဆုံးမှု၊
ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မင်းကြီးဖြစ်သူ ဗော်လ်ကာတပ်ခ်က မြန်မာစစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC ကိုလွှဲပေးဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ကြောင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖမ်းဆီးခံရပြီးနောက် အသက်ဆုံးရှုံးမှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာ၊ စီးပွားရေး ကျဆင်းမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု အကျိုးဆက်၊ စစ်ဘေးဒုက္ခသည်တွေ လျင်မြန်စွာတိုးပွားလာနေတာ၊ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည်တွေ စတဲ့ သယံဇာတ ပျက်စီးဆုံးရှုံးမှုတွေကို ရည်ညွှန်းပြောဆိုပြီး လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာစစ်ကောင်စီကို ICC ကိုလွှဲအပ်ဖို့ တိုက်တွန်းလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။
အကယ်၍ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာစစ်ကောင်စီ ခေါင်းဆောင်တွေကို ICC ကိုလွှဲအပ်ခဲ့တယ်ဆိုခဲ့ရင်တောင် ICC အဖွဲ့ဝင် မဟုတ်တဲ့ မြန်မာနိုင်ငံက စစ်ကောင်စီခေါင်းဆောင်တွေကို ဘယ်လိုအရေးယူမလဲ ဆိုတာတော့ မေးခွန်းတွေ အများအပြားရှိနေတဲ့ ကိစ္စရပ်သဖွယ်ဖြစ်ပါတယ်။
ပထမအဆင့်အနေနဲ့ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာစစ်ကောင်စီ ခေါင်းဆောင်တွေကို အရေးယူမယ့် ကိစ္စရပ်ကို ICC ကိုလွှဲအပ်ပေးနိုင်ခြေ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီမှာ ရုရှားနဲ့ တရုတ်နိုင်ငံတို့က အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဗီတိုအာဏာလည်း သုံးပိုင်ခွင့်ရှိနေတာကြောင့် မြန်မာစစ်ကောင်စီ ခေါင်းဆောင်တွေကို အဲဒီလို လွှဲအပ်ဖို့က အလားအလာမရှိသလောက်လို့ ဆိုရမယ့် သဘောဖြစ်ပါတယ်။ ခုနှစ် မတ်လမှာ ICC က ရုရှားသမ္မတ ပူတင်ကို ဖမ်းဝရမ်း ထုတ်ဆင့်ခဲ့ပေမယ့် ပူတင်ကို ခုချိန်ထိ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိပါဘူး။ ပူတင် သွားရောက်တဲ့နိုင်ငံတနိုင်ငံအနေနဲ့ ICC အဖွဲ့ဝင်ဖြစ်ခဲ့ရင် ICC က အလိုရှိနေတဲ့ သူကို ဖမ်းဆီးပို့ဆောင်ပေးဖို့ ဝတ္တရားရှိတဲ့ သဘောဖြစ်ပေမယ့် အချို့သော အဖွဲ့ဝင်နိုင်ငံတွေက သံတမန်ကင်းလွတ်ခွင့်အကြောင်းပြပြီး ဖမ်းဆီးခြင်းမပြုတဲ့ သာဓကတွေလည်း ရှိနေတာကြောင့် အဆိုပါ အိမ်ရှင်နိုင်ငံရဲ့ အဆုံးအဖြတ်သာ သက်ရောက်ပါတယ်။
၂၀၁၈ ခုနှစ် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုလို့ ဆိုကာ အိုင်စီစီမှာ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ တိုက်တွန်းမှုတွေရှိခဲ့ဖူးပြီး ထိုစဥ်က အစိုးရအဖွဲ့ကို ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီပါတီက အဆိုပါ တိုက်တွန်းချက်တွေကို ပယ်ချခဲ့ဖူးတာလည်း ဖြစ်ပါတယ်။
ပထမဦးစွာအနေနဲ့ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီဟာ နိုင်ငံတကာအရေးကိစ္စတွေမှာ လုပ်ပိုင်ခွင့်အကန့်အသတ်နဲ့ သြဇာ ကျဆင်းနေတာ ဆယ်စုနှစ်နဲ့ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံအရေး ကိစ္စမှာသာမဟုတ်ပဲ အခြားသော နိုင်ငံတကာအရေးကိစ္စတွေမှာပါ ကုလသမဂ္ဂ အနေနဲ့ သြဇာသုံးပြီး လိုက်နာသင့်တဲ့ အချက်တွေကို လိုက်နာအောင်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တနိုင်ငံနဲ့တနိုင်ငံအကြား ဖြစ်ပွားတဲ့ ပဋိပက္ခ၊ ကျူးကျော်မှု စတာတွေကို ကြားဝင် ဖြေရှင်းနိုင်ခြင်းမရှိတဲ့ အနေအထားဖြစ်ပါတယ်။
လုံခြုံရေးကောင်စီဝင် နိုင်ငံကြီးတွေအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ၊ အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာ အခင်းအကျင်း စတာတွေကိုသာ အရေးတကြီးထားကြတာဖြစ်လို့ နိုင်ငံတနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေပေမယ့်လည်း ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာနဲ့ တိုက်ရိုက် မသက်ဆိုင်၊ အကျိုးစီးပွားချင်း ချိတ်ဆက်မနေရင် အရေးတယူမပြုကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
အင်အားကြီးနိုင်ငံတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမှာ အခင်းအကျင်းမှာ ယူကရိန်း ကျူးကျော်ခံရတဲ့ အရေးကိစ္စ၊ ထိုင်ဝမ် ရေလက်ကြားမှာ တရုတ်လေယာဥ်တွေရဲ့ ခြိမ်းခြောက်ပျံသန်းမှု စတဲ့ ကိစ္စရပ်မျိုးမှာ အရေးတယူကိုင်တွယ် ဆောင်ရွက်ကြပေမယ့် အဆိုပါ အရေးကိစ္စမျိုး ကမ္ဘာ့မဟာဗျူဟာ နိုင်ငံရေးပထဝီအရ အရေးမကြီးတဲ့နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေကို အရေးတယူ မပြုနိုင်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ တိတိပပ ပြောရရင် အင်အားကြီးနိုင်ငံတွေအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတွေကိုသာ ဦးစားပေးပြီး လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားတွေအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုလို စံ၊ တန်ဖိုးဆိုင်ရာကိစ္စရပ်တွေက အထက်က ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ ကိစ္စတွေလို အရေးမကြီးတော့တဲ့ သဘောမျိုး ယူဆကြတာ၊ အခြေအနေပေါ်မူတည်ပြီး ကုလသမဂ္ဂကို လွှမ်းမိုးတာ၊ အရေးမထားတာတွေကြောင့်လည်း ကမ္ဘာ့အရေးကိစ္စတွေမှာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က စာရွက်ပေါ်က ဆုံးဖြတ်ချက်ထက် မပိုတဲ့အနေအထားမျိုး တစတစ ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။
ယခင်နှစ်ကလည်း မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် တရပ် ချမှတ်ခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်ပါ တိုက်တွန်းချက်တွေကို အကောင်အထည်ဖော်အောင် ဖိအားပေးနိုင်တဲ့ ထိထိရောက်ရောက် လုပ်နိုင်တဲ့ စနစ်၊ အခြေခံမရှိတာကြောင့် ဒီဆုံးဖြတ်ချက်က သက်ရောက်မှု ကြီးကြီးမားမား မရှိခဲ့တာဖြစ်ပါတယ်။
ဒီအချက်အလက်တွေ သာဓကတွေကို ကြည့်ချင်းအားဖြင့် မြန်မာ့အရေး၊ မြန်မာစစ်ခေါင်းဆောင်တွေကို ICC ကိုလွှဲအပ်ဖို့ အလားအလာက ဖြစ်နိုင်ခြေ အလားအလာနည်းတဲ့ သဘောလည်း ဖြစ်ပါတယ်။ မြန်မာ့အရေးမှာ ဒီလိုဆုံးဖြတ်ချက်တွေ၊ တိုက်တွန်းချက်တွေထက် လက်တွေ့မှာ ဖြစ်နိုင်တဲ့ ရလဒ်ထွက်နိုင်တဲ့ ဒေသတွင်း နိုင်ငံတွေကို ပြောဆိုစည်းရုံးမှု လက်တွေ့ကျတဲ့ လုပ်ဆောင်ချက် ဖြစ်နိုင်ချေရှိတဲ့ လုပ်ဆောင်တိုက်တွန်းချက်တွေက ပိုမိုအရေးပါတယ်လို့ ထင်မြင်မိပါတယ်။
ဒီနေ့ အဖို့အခြားသတင်းအကြောင်းအရာ တခုကတော့ မကြာသေးခင် ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ အရာတော်မြို့နယ် ငွေတွင်းရွာကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတာ လက်လုပ်လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အဆိုပါကျေးရွာက ကျေးရွာသူ ကျေးရွာသား ၁၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ဒီသတင်းအကြောင်းအရာကို စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရန်တွေက ပထမဆုံး ထုတ်ဖေါ်ရေးသားခဲ့ကြပြီး အခြားသတင်းဌာနတွေက ဖေါ်ပြတာ မတွေ့ကြရပဲ ဇူလိုင် ၆ ရက်နေ့မှာ အေအက်ဖ်ပီရဲ့ သတင်းကို ကိုးကားပြီး ဗွီအိုအေ သတင်းဌာနက ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။ အေအက်ဖ်ပီ သတင်းထဲမှာတော့ PDF အဖွဲ့ရဲ့ ပြောဆိုချက်ကို ကိုးကားထားပြီး PDF အဖွဲ့ကတော့ အဆိုပါကျေးရွာက သေဆုံးသူတွေက ပြည်သူ့စစ်တွေလို့ ယေဘုယျသဘော ခြုံငုံပြီးပြောဆိုထားပြီး ဘယ်လိုတာဝန်ယူထားကြတာ၊ ကျားမ၊ ကလေးသူငယ်တွေ ပါ မပါ၊ ဒဏ်ရာရသူ ၇ ဦးအထဲ ဘုန်းတော်ကြီး ၃ ပါးပါဝင်တာတဲ့ အကြောင်းတွေတော့ ပြောဆိုထားတာ မတွေ့ရပါဘူး။
စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီရဲ့ သတ်ဖြတ်ခံရမှုတွေကို လက်တုံ့ပြန် လက်စားချေကြရာမှာ အရပ်သား၊ ပျူစောထီး စတဲ့ စွပ်စွဲမှုတွေနဲ့ သတ်ဖြတ်မှုတွေ အခါအားလျော်စွာ ဖြစ်ပွားလေ့ရှိပါတယ်။ ဒီအရေအတွက်တွေက စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုတွေနဲ့ အရေအတွက်ချင်း နှိုင်းယှဥ်စရာ မဟုတ်ပေမယ့် ဒေသခံတွေအချင်းချင်းကြားထဲ တဖက်နဲ့ တဖက် ထောက်ခံသူအချင်းချင်း လက်စားချေကြတဲ့ အသွင်ဆောင်လာမှာ၊ စစ်ရေးကျင့်ဝတ်တွေကို တိကျစွာမလိုက်နာနိုင်တော့ပဲ တုံ့ပြန်လက်စားချေမှုတွေ၊ မိသားစုအလိုက် သတ်ဖြတ်မှုတွေ၊ စစ်ရေးနဲ့ ဆက်နွယ်တဲ့ ရာဇဝတ်မှုတွေ ဖြစ်လာမယ့်အန္တရာယ်လည်း ရှိနေပြီး သတင်းမီဒီယာတွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွတ်လပ်စွာ ဖေါ်ပြရဲဖို့ ဖေါ်ပြနိုင်ကြဖို့လည်း အရေးကြီးလာတယ်လို့ ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar