Breaking News

ကရင်နီပြည်နယ်က နယ်ခြားစောင့်တပ် တရားဝင်ဘက်ပြောင်းတဲ့ အဖြစ်အပျက်နဲ့ ရှေ့အလားအလာ

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၊ ၂၀၂၃


ကရင်နီပြည်နယ်က နယ်ခြားစောင့်တပ် တရားဝင်ဘက်ပြောင်းတဲ့ အဖြစ်အပျက်နဲ့ ရှေ့အလားအလာ  

အမည်အပြည့်အစုံ အနေနဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေး တပ်ဦး လို့ ခေါ်ဆိုပြီး အတိုကောက် ကလလတ လို့ အများသိရှိကြတဲ့ မကြာသေးမီ အချိန်ထိ နယ်ခြားစောင့်တပ် အဖြစ်နဲ့ စာရင်းသွင်းခံထားရတဲ့ လက်နက်ကိုင်အဖွဲ့ဟာ အခြားသော တော်လှန်ရေးလက်နက်ကိုင် အဖွဲ့များနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့ ရဲဘော် လောရင်းစိုး အမည်ခံထားတဲ့ ထုတ်ပြန်ချက်ထုတ်ပြီး အသိပေးကြေညာလိုက်ပါတယ်။ 

မကြာခင် ရက်ပိုင်းတွေမှာ ကရင်နီဒေသ မယ်စဲ့မြို့အနီးက စစ်ကောင်စီရဲ့ စစ်ခြေကုပ်စခန်းတွေ၊ ရဲစခန်း၊ အုပ်ချုပ်ရေးရုံးတွေကို ကလလတ နဲ့ အခြားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အချို့သတင်းတွေမှာ ကလလတ နယ်ခြားစောင့်တပ်ဖွဲ့ထဲက စစ်ကောင်စီတပ်အရာရှိတွေနဲ့  တပ်သားတွေကို ကလလတ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး လက်နက်ဖြုတ်သိမ်းကာ တပ်ရင်းအလိုက် တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ ဘက်ကိုပြောင်းခဲ့တာလို့ ရေးသားထားကြတာလည်း တွေ့ရှိရပြီး မယ်စဲ့ ဒေသတဝိုက်က စစ်ကောင်စီစခန်းကုန်း တချို့ သိမ်းခံလိုက်ရတာ၊ မယ်စဲ့မြို့မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တာတွေက အတည်ပြုနိုင်ပေမယ့် ဘယ်လိုဘယ်ပုံ ဖြစ်ပျက်ခဲ့သလဲဆိုတာ အသေးစိတ်တော့ မသိရှိကြရပါဘူး။ 

ကလလတ အဖွဲ့ဟာ ၁၉၇၈ ခုနှစ်မှာ ကေအန်ပီပီ အဖွဲ့ကနေခွဲထွက်ကာ ထူထောင်ခဲ့တဲ့ လက်ဝဲအယူဝါဒ ယိမ်းတဲ့အဖွဲ့အစည်းတခုအဖြစ် သိရှိကြတာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားတဲ့အချိန်အထိ မဟာမိတ် အဖွဲ့အဖြစ်ဆက်ဆံခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး ABSDF ပေါ်ထွက်လာပြီးနောက်ပိုင်းမှာလည်း ABSDF အဖွဲ့နဲ့ မဟာမိတ်အဖြစ် ဆက်ဆံဆောင်ရွက်ခဲ့တဲ့ သမိုင်းကြောင်းရှိပြီး ၁၉၉၄ ခုနှစ်မှာတော့ ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းတယ်လို့ ဆိုပြီးတက်လာတဲ့ စစ်အစိုးရနဲ့  အပစ်ရပ် သဘောတူညီချက် ရယူခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၄ မှာ စစ်အစိုးရနဲ့ အပစ်ရပ်ခဲ့တာ ကလလတ တခုထဲမဟုတ်ပဲ ကေအိုင်အေအဖွဲ့လည်း အဲဒီနှစ်မှာပဲ အပစ်ရပ် သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ ကလလတ အနေနဲ့ ၂၀၀၉/ ၂၀၁၀ ခုနှစ်အထိ အပစ်ရပ်သဘောတူညီမှု အတိုင်း ရပ်တည်လှုပ်ရှားခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ဖိအားပေးချိန်မှာ မူအရ လက်ခံခဲ့ပြီး အချို့သော တပ်ရင်းတပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့တာ ဖြစ်ပါတယ်။ ကလလတ အနေနဲ့ အဆိုပါကာလတွေမှာ ဒေသဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဥ်အောက်မှာ သယံဇာတထုတ်လုပ်တာ၊ ကုန်သွယ်ရေး စတဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပြီး ၂၀၁၀ နောက်ပိုင်းမှာတော့ နယ်ခြားစောင့်တပ် အဖွဲ့အသွင်ပြောင်းပြီးနောက် ဒေသလူထုရဲ့ နိုင်ငံရေးအရ ယုံကြည်ကိုးစားမှု အချို့ကိုဆုံးရှုံးခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

လက်နက်ကိုင် အင်အားထောင်ဂဏန်းလောက်ထိ ရှိတဲ့ ကလလတ အနေနဲ့ ၂၀၂၁ ခု စစ်အာဏာသိမ်းပြီးနောက် ကရင်နီဒေသမှာ ပေါ်ထွက်လာတဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေ တိုက်ခိုက်မှုတွေထဲ တိုက်ရိုက်ပါဝင်ခြင်း မရှိသော်လည်း စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး မြို့တွေ နယ်တွေက ခိုလှုံလာတဲ့ လူငယ်တွေကို လက်ခံထားပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပြီး မကြာသေးမီကာလတွေမှာတော့ ကရင်နီဒေသက လက်နက်ကိုင်တိုက်ပွဲတွေမှာ ကလလတ အနေနဲ့ မသိရအောင် ကူညီတိုက်ခိုက်တာတွေ လုပ်ဆောင်နေခဲ့တယ်လို့ သတင်းအချို့က ဖေါ်ပြကြပါတယ်။ ၂၀၂၃ ခုနှစ် ဇွန်လကျမှ လူသိရှင်ကြား တော်လှန်ရေး လက်နက်ကိုင်တွေနဲ့ ပူးပေါင်းတိုက်ခိုက်မယ်ဆိုတာ ကြေညာလိုက်ပြီး စစ်ကောင်စီတပ်က သူတွေပါဝင်ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ်ကို လုံးဝအသွင်ပြောင်းပြီး စည်းခြားလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ကလလတလို အခြေအနေ ဆင်တူတဲ့ ကယန်းပြည်သစ်ပါတီ လက်နက်ကိုင်အဖွဲ့လည်း ကရင်နီဒေသမှာရှိနေပြီး ကယန်းပြည်သစ်ပါတီလည်း ပြည်သူ့စစ် တနည်းအားဖြင့် နယ်ခြားစောင့်တပ် သဖွယ် အသွင်ပြောင်းပြီး ရပ်တည်ကြတဲ့ အဖွဲ့ဖြစ်ကာ ခုချိန်ထိ စစ်ကောင်စီကို တရားဝင် တိုက်ခိုက်တာတော့ မတွေ့ရသေးပါဘူး။ 

ခုရက်ပိုင်းအတွင်း ကလလတ အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို တချို့သော အကဲခတ်သူတွေက ဒီလို ကလလတ အနေနဲ့ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေကို တရားဝင် ထောက်ခံကြောင်း ကြေညာလိုက်ခြင်းဟာ ကရင်နီဒေသမှာ စစ်ရေးအရ စစ်ကောင်စီက မထိန်းချုပ်နိုင်တော့တဲ့ သဘောကြောင့် ချိန်ခွင်လျှာ သာတဲ့ဘက်ကို ပြောင်းလဲထောက်ခံလိုက်တာလို့ အကဲဖြတ်ချက်လည်း ရှိတာတွေ့ရသလို ၊ အချို့ကတော့ ကလလတ အနေနဲ့ စစ်အာဏာသိမ်းပြီးကတည်းက နောက်ကွယ်က ကူညီနေခဲ့တာ ဖြစ်ပြီးအခုလို သင့်တော်တဲ့ အချိန်ကာလကျမှ တရားဝင် ထုတ်ဖော်လိုက်တာလို့လည်း ယူဆကြပါတယ်။ 

ကရင်နီဒေသမှာ ရှိနေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအနက် ဆယ်စုနှစ်များစွာ နိုင်ငံရေး စစ်ရေးအစဥ်အလာရှိခဲ့ပြီး အင်အားအကြီးဆုံးလို့ ယူဆရတဲ့ KNPP/ KA , တဖန် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှ လူငယ်တွေနဲ့ ထပ်မံဖွဲ့စည်းခဲ့တဲ့ KNDF၊ ကလလတ၊ ကယန်းပြည်သစ်ပါတီ တို့အပြင် ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းငယ်တချို့  ရှိနေတာဖြစ်ပါတယ်။ ဒီလက်နက်ကိုင် အဖွဲ့တွေအချင်းချင်းအကြား ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာတော့ ဆက်လက် လေ့လာစောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar