အာဆီယံအတွက် စိန်ခေါ်မှုကြီးမားတဲ့ ပြဿနာဖြစ်နေတဲ့ မြန်မာနိုင်ငံလက်နက်ကိုင် ပဋိပက္ခ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၈ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၉၊ ၂၀၂၃
အာဆီယံအတွက် စိန်ခေါ်မှုကြီးမားတဲ့ ပြဿနာဖြစ်နေတဲ့ မြန်မာနိုင်ငံလက်နက်ကိုင် ပဋိပက္ခ
အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ၇ လတာအတွင်း စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ မြန်မာနိုင်ငံ လက်နက်ကိုင် ပဋိပက္ခ၊ အကြမ်းဖက်မှုတွေကို အဖြေရှာဖို့အတွက် အစည်းအဝေးနဲ့ ဆက်သွယ်တွေ့ဆုံမှု အကြိမ်ပေါင်း ၁၁၀ လုပ်ဆောင်ခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်တနို မာဆူဒီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဆီယံ အလှည့်ကျတာဝန်ယူရတဲ့ တနှစ်တာရဲ့ ထက်ဝက်ကာလ အနည်းငယ်ကျော်လွန်လာချိန်မှာ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ၄င်းတို့ဘယ်လောက် ဆောင်ရွက်ထားပြီးပြီလဲ ဆိုတာ နိုင်ငံတကာက သိရှိအောင် ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဆွေးနွေးမှုတွေရဲ့ ရလဒ် နဲ့ ထူးခြားမှုတွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် အခုလိုဆွေးနွေးမှုတွေဟာ အကြမ်းဖက်မှုတွေ လျှော့ချရေးအတွက် အရေးပါတဲ့ ဆွေးနွေးမှုတွေဖြစ်ပြီး ရေရှည်တည်တံ့မှုရှိတဲ့ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းတဲ့ နည်းလမ်းတခုသာ ဖြစ်တယ်ဆိုတဲ့ ယေဘုယျဆန်တဲ့ သံတမန်စကားလုံးမျိုးနဲ့ ထုတ်ဖော်ပြောဆိုတာတော့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ ဒီ့ပြင် ရေရည်တည်တံ့တဲ့ ငြိမ်းချမ်းရေး လိုလားရင်တွေ့ဆုံဆွေးနွေးမှုသည်သာ တခုထည်းသော အဖြေဖြစ်လို့ အခြားနိုင်ငံတွေလည်း အဲဒီနည်းလမ်းကို ဝိုင်းဝန်းအားပေးကြဖို့လည်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။
အခုလို ဆွေးနွေးမှုတွေ အကြိမ်ရေ ၁၁၀ အနက် အချို့သောအရေအတွက်တွေက စစ်ကောင်စီဘက်က ကိုယ်စားလှယ်၊ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့ ပါဝင်တယ်လို့လည်း ထုတ်ဖေါ်ပြောဆိုထားတာတွေ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံမှာ သြဇာကြီးတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ဒေသတွင်းမှာလည်း လူဦးရေ၊ စီးပွားရေးအင်အား၊ တချိန်က စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့ရာက ဒီမိုကရေစီ စနစ်ကို အသွင်ကူးပြောင်းခဲ့တဲ့ နိုင်ငံလည်း ဖြစ်လို့ မြန်မာ့အရေး ဖြေရှင်းမှုမှာ သူ့ရဲ့သြဇာ၊ အတွေ့အကြုံတွေကို အကျိုးရှိစွာအသုံးချနိုင်မယ်လို့ မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း တဖက်မှာ မြန်မာ့နိုင်ငံရေးပြဿနာမှာ ပါဝင်ပတ်သက်နေကြတဲ့ အဖွဲ့အစည်းတွေ တနည်းအားဖြင့် ကာယကံရှင်တွေက သာ ပြဿနာပြေလည်ရေးကို အဆုံးအဖြတ်ပေးနိုင်သူတွေ ဖြစ်တယ်ဆိုတာလည်း တခါတရံမှာ အရိပ်အမြွက်ပြောဆိုထားတာတွေ ရှိပါတယ်။ ယခင်နှစ် အလှည့်ကျ ဥက္ကဌ အဖြစ်တာဝန်ယူခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်ကလည်း အလားတူ အဓိပ္ပါယ်သက်ရောက်တဲ့ စကားလုံးမျိုး ပြောဆိုခဲ့ဖူးပါတယ်။
အာဆီယံအဖွဲ့ဟာ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်း သံတမန်ရေးရာကိစ္စ၊ ဖွံ့ဖြိုးရေး နဲ့ အင်အားကြီးနိုင်ငံတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတွေမှာ အသုံးချခံရတာမျိုး မဖြစ်အောင် ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်တဲ့ အသက်ဝင်ပြီး စွမ်းဆောင်နိုင်စွမ်းမှာ နာမည်ကောင်းရထားတဲ့ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေရဲ့ အစုအဖွဲ့တခုဖြစ်ပါတယ်။ ဆယ်စုနှစ် အတော်အတန် သက်တမ်းရှိလာတဲ့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ လက်နက်ကိုင် ပဋိပက္ခ၊ အကြမ်းဖက်မှုတွေ တဟုန်ထိုးမြင့်တက်လာနေတဲ့ အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ ရှေ့မတိုးနိုင်တဲ့ အနေအထားတွေနဲ့ ရင်ဆိုင်နေရတဲ့ အနေအထားရှိနေတာလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး ၂ လခန့်အတွင်း အာဆီယံရဲ့ အစည်းအဝေးကို အာဏာသိမ်းခေါင်းဆောင် ကိုယ်တိုင်တက်ရောက်လာချိန်မှာ အာဆီယံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်ကိုယ်တိုင် ခေါင်းညိတ်ခဲ့ပေမယ့် အာဆီယံမူ ၅ ချက်ကို ခုချိန်ထိ အကောင်အထည်မဖော်နိုင်ခြင်းက တဖက်မှာ အာဆီယံအတွက် နာမည်ပျက်စရာ အခြေအနေမျိုး ဆိုက်ရောက်နေတာ ဖြစ်ပါတယ်။
NUG, NUCC, CRPH စတဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး နိုင်ငံရေး အင်အားစုတွေကတော့ အာဆီယံအနေနဲ့ စစ်ကောင်စီအစိုးရကို ဒိထက်ပိုပြင်းထန်တဲ့ ပိတ်ဆို့မှု၊ ဖယ်ကြဥ်မှု၊ ကန့်သတ်မှုတွေ လုပ်ဆောင်စေလိုတာ ဖြစ်ပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ စစ်အာဏာသိမ်းပြီး တရားဝင် အစိုးရဖြစ်အောင် လုပ်ဆောင်ကာ အစိုးရဖြစ်နေတဲ့ ထိုင်းနိုင်ငံလိုနိုင်ငံမျိုး၊ ဒီမိုကရေစီစနစ်ထက် အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုစနစ်မျိုးနဲ့ အုပ်ချုပ်တဲ့ စင်္ကာပူလို နိုင်ငံ၊ တပါတီစနစ်နဲ့ အုပ်ချုပ်တဲ့ ဗီယက်နမ်၊ လာအို၊ ရွေးကောက်ပွဲ စနစ်ရှိပေမယ့် အတိုက်အခံတွေကို မရှင်သန်နိုင်အောင် နှိပ်ကွပ်လေ့ရှိတဲ့ ကမ္ဘောဒီးယားတို့လို နိုင်ငံတွေပါဝင်နေတာ ဖြစ်လို့ အာဆီယံအဖွဲ့ထံမှ ဒီထက်ပိုပြင်းထန်တဲ့ ဆောင်ရွက်ချက်မျိုး ပေါ်ထွက်လာစရာ မရှိတဲ့သဘောလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ အာဆီယံ အနေနဲ့ အခုလို နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းကို ပါဝင်ဖြေရှင်းရတဲ့ သာဓကမျိုး မရှိခဲ့ပါဘူး။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနက် အခုလောက် လက်နက်ကိုင် ပဋိပက္ခပြင်းထန်တဲ့ နိုင်ငံ၊ ပြည်တွင်းစစ်သဖွယ် တိုက်ခိုက်နေကြတဲ့ နိုင်ငံမျိုး မရှိခဲ့ပဲ၊ ရွေးကောက်ပွဲပြဿနာ၊ စစ်တပ်အာဏာသိမ်းမှု ပြဿနာတွေ နိုင်ငံအလိုက်ရှိကြပေမယ့် ဒေသတွင်းကို ဒုက္ခသည်တွေ ဝင်ရောက်ရလောက်တဲ့ အခြေအနေမျိုးမရှိခဲ့ကြလို့ မြန်မာ့ပြဿနာက အကြီးမားဆုံး အကြပ်အတည်းလို့ ဆိုလို့ရမယ့် အနေအထားဖြစ်ပါတယ်။
လက်ရှိ အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဒဏ်ခတ်တဲ့အနေနဲ့ မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ဖို့အထိ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းအချို့က တိုက်တွန်းခဲ့ကြပေမယ့် အာဆီယံအဖွဲ့ကတော့ အဲဒီနည်းလမ်းကို ခုချိန်ထိ ရွေးချယ်ခြင်းမရှိပါဘူး။
အာဏာရယူထားတဲ့ စစ်ကောင်စီကို မလိုလားပေမယ့် နိုင်ငံအနေနဲ့ လက်ခံထားတဲ့ ရည်ရွယ်ချက်လား သို့မဟုတ် ဆက်သွယ်ရေး လမ်းကြောင်းတွေအားလုံး ဖြတ်တောက်လိုက်ခြင်းက သိမ်းသွင်းပြောဆိုဖို့ အခွင့်အလမ်းအားလုံး ပိတ်လိုက်သလို ဖြစ်သွားစေနိုင်တာကြောင့်လားတော့ မသိပေမယ့် အာဆီယံက ဒဏ်ခတ်မှုတဝက်နဲ့ မြန်မာစစ်ကောင်စီကို စည်းရုံးပြောဆိုနိုင်ဖို့ မျှော်လင့်ထားတဲ့ စဥ်းစားမှုမျိုးလားဆိုတာတော့ တိတိပပ မသိရှိနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar