မုံရွာ အကျဥ်းထောင်မှ ထောင်ပြောင်းသည့်ယာဥ်တန်း မိုင်းခွဲခံရပြီး နိုင်ငံရေး အကျဥ်းသား ၁ ဦးနဲ့ ယာဥ်မောင်း သေဆုံး၊ တရစပ် ကျဆင်းနေတဲ့ မြန်မာကျပ်ငွေတန်ဖိုး
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၆ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၁၇၊ ၂၀၂၃
မုံရွာ အကျဥ်းထောင်မှ ထောင်ပြောင်းသည့်ယာဥ်တန်း မိုင်းခွဲခံရပြီး နိုင်ငံရေး အကျဥ်းသား ၁ ဦးနဲ့ ယာဥ်မောင်း သေဆုံး၊ တရစပ် ကျဆင်းနေတဲ့ မြန်မာကျပ်ငွေတန်ဖိုး
သြဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက မုံရွာအကျဥ်းထောင်ကနေ မန္တလေးထောင်နဲ့ မြင်းခြံထောင်တို့ဆီကို ထောင်ပြောင်းပို့ဆောင်တဲ့ ယာဥ်တန်း မုံရွာ-မန္တလေးကားလမ်းမှာ မိုင်းခွဲခံရပြီး ယာဥ်မောင်းဖြစ်သူနဲ့ ယာဥ်ပေါ်ပါတဲ့ နိုင်ငံရေးပုဒ်မနဲ့ ပြစ်ဒဏ်ချခံထားရသူ တဦးသေဆုံးကာ တဦးက ပြင်းထန်စွာဒဏ်ရာရသွားတယ်လို့ သတင်းတွေ ဖေါ်ပြထားကြပါတယ်။
သေဆုံးသွားတဲ့ နိုင်ငံရေး အကျဥ်းသားကတော့ ဒေါက်တာ ဇော်ထွယ်အောင်ဆိုသူဖြစ်ပြီး စစ်ကောင်စီက ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှာ ဖမ်းဆီးကာ ပြစ်ဒဏ်ချမှတ်ခံထားရသူ ဖြစ်တယ်လို့ဆိုပါတယ်။ ဒေါက်တာ ဇော်ထွယ်အောင်ဟာ စစ်ဘေးရှောင်တွေကို လှည့်လည်ဆေးကုသပေးခဲ့သူ တဦးဖြစ်ပြီး PDF တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ စစ်ကောင်စီက ဖမ်းဆီးကာ ထောင်ဒဏ် ၁၀ နှစ်ပြစ်ဒဏ်ချမှတ်ခံထားရသူ ဖြစ်ပါတယ်။
အခုလို ထောင်ပြောင်းယာဥ်တန်း မိုင်းခွဲခံရမှုမှာ ဒေါက်တာ ဇော်ထွယ်အောင်က ဖြစ်ပွားရာနေရာတင် သေဆုံးသွားပြီး သူ့နဲ့ တွဲလျှက် ခြေကျင်းခတ်ခံထားရတဲ့ အခြား နိုင်ငံရေး အကျဥ်းသားဖြစ်သူ ကိုအာကာငြိမ်းချမ်းကတော့ ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ထောင်ပြောင်း အကျဥ်းသားတွေကို ရဲကားလို အချုပ်ကားမျိုးနဲ့ ပြောင်းရွှေ့တာမဟုတ်ပဲ၊ သံပြားတွေနဲ့ ကာရံထားတဲ့ ထရပ်ကားမျိုးနဲ့ ပြောင်းရွှေ့တာ ဖြစ်တယ်လို့သိရပြီး အဲဒီကားတွေက အကျဥ်းဦးစီးပိုင်ကားတွေလား သို့မဟုတ် အရပ်ဘက်ကကားတွေကို အခကြေးငွေနဲ့ ငှားရမ်းအသုံးပြုတာလား ဆိုတာတော့ အသေးစိတ် မသိရှိရပါဘူး။
အခုလို ဖြစ်ပွားမှုနဲ့ပတ်သက်လို့ မုံရွာ-မန္တလေး လမ်းပိုင်းမှာ လှုပ်ရှားနေတဲ့ PDF အဖွဲ့တွေအနက် ဘယ်အဖွဲ့က လုပ်ဆောင်တာလည်း ဆိုတာတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးဘူးလို့ သတင်းတွေအရ သိရပါတယ်။ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနနဲ့ ဆက်စပ်တဲ့ ပတ်သက်တဲ့ ယာဥ်တန်းဖြစ်လို့ ဘယ်သူဘယ်ဝါ ပါလာတာ မသိရှိပဲ မိုင်းခွဲခဲ့တာလား ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒီဖြစ်ရပ်ဟာ ရန်ကုန်မြို့ အင်းစိန်ထောင် ထောင်ဝင်စာ ပစ္စည်းပို့တဲ့ ကောင်တာမှာ ဗုံးခွဲခဲ့တဲ့ ဖြစ်ရပ်မျိုးနဲ့ အလားသဏ္ဍာန်တူပြီး ထိခိုက်သေဆုံးရသူတွေဟာ စစ်ကောင်စီဆန့်ကျင်ရေး ဘက်က နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရသူတွေ ဖြစ်ပြီး မိမိတို့ဘက်က သူတွေကို ထိခိုက်အောင် လုပ်ကြံတိုက်ခိုက်တဲ့ ရလဒ်မျိုးကို မရည်ရွယ်ပဲ ရောက်ရှိသွားတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကနေ ကောက်ချက်ချနိုင်တဲ့ အချက်တချက်က စစ်ကိုင်းတိုင်းလို ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး လက်နက်ကိုင် လှုပ်ရှားမှု တနည်းအားဖြင့် ယေဘုယျအမည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေအကြားမှာ တခုတည်းသော အမိန့်ပေးစနစ် မရှိသလို၊ အရေအတွက်များစွာသော အဖွဲ့အစည်းတွေအကြား ဆက်သွယ်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတွေ အားနည်းနေတဲ့ အချက်ဖြစ်ပါတယ်။ ကျေးရွာအလိုက် ကာကွယ်ရေး အဖွဲ့တွေ ရှိကြသလို၊ ဒေသအလိုက် ဖွဲ့တဲ့ NUG လက်အောက်ခံ မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့၊ NUG လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ စသည်ဖြင့် မတူတဲ့ သဘောဝ ရှိကြတဲ့ လက်နက်ကိုင်အဖွဲ့အမျိုးမျိုး ရှိကြပြီး တဖွဲ့နဲ့ တဖွဲ့အကြား ဆက်ဆံရေးကောင်းတဲ့ အဖွဲ့တွေ ရှိသလို ဆက်ဆံရေး မကောင်းတဲ့ အပြန်အလှန် သတင်းအချက်အလက် ဖလှယ်မှု လုံးဝ မရှိကြတာမျိုးလည်း ရှိနေတဲ့ သဘောမျိုးတွေ့နေရတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်း မြောက်ပိုင်းက လက်နက်ကိုင် လှုပ်ရှားမှုတွေက နယ်မြေကျယ်ပြန့်တာ၊ စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်နိုင်တာ၊ စစ်ကောင်စီတပ်တွေက နယ်မြေတွေ မစိုးမိုးနိုင်အောင် လုပ်ဆောင်နိုင်တာတွေ ရှိနေတာ အမှန်ပဲ ဖြစ်ပါတယ်။ တဖက်မှာလည်း အကွဲကွဲအပြားပြား ဖြစ်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေအောက်မှာ နေထိုင်ကြရတဲ့ ပြည်သူလူထု အနေနဲ့ တသမတ်တည်း မရှိတဲ့ အုပ်ချုပ်ရေးမျိုး၊ အဘက်ဘက် အဖွဲ့အစည်းအမျိုးမျိုးက ကောက်ခံကြတဲ့ အခွန်အကောက်တွေကို ပေးဆောင်ကာ အသက်ရှင်လှုပ်ရှားနေကြရတဲ့ အခက်အခဲတွေ ရှိနေကြတဲ့ သဘောမျိုးလည်း တွေ့ရ ကြားသိနေရတာ ဖြစ်ပါတယ်။ စစ်ကောင်စီ ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ တသမတ်ထည်း ရှိတဲ့ အုပ်ချုပ်ရေး စနစ်လိုမျိုး၊ နိုင်ငံရေးအရ စုစည်းမှု တခုက အရေးတကြီး လိုအပ်နေပြီလို့ ထင်မြင်မိပါတော့တယ်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ Radio NUG တာဝန်ခံနဲ့ အင်တာဗျုးတခု ပဏာမပြင်ဆင်နေစဉ် ပြောဆိုချက်တခုအရ - ပြောက်ကျားစစ်မှာ မြေပြင်က အထွေထွေသော LDF တွေ အရေးပါသလို၊ နောင်တဆင့် မဟာဗျူဟာထိုးစစ်တွေမှာ အဖွဲ့တွေ တခုချင်းစီ လုပ်နိုင်ကြမှာ မဟုတ်ကြောင်း၊ ထုအင်အားတည်ဆောက်ကြနေတဲ့ဆီမှာ LDF တွေလည်း ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်နေကြောင်း၊ MoD ၏ PDF အဖြစ် ရပ်တည်နေလျှင် MoD၏ Chain of Command အတိုင်း သွားကြပြီး သီးခြားအဖွဲ့များကိုယ်တိုင်မှာလည်း သူတို့၏ အဖွဲ့တွင်း CoC ကို ပိုကောင်းအောင်လုပ်ဖို့ တိုက်တွန်းကြောင်း မှတ်ချက်ပေးပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနဲ့ အခြား ဒေသခံများဆက်ဆံရေး ဝေဖန်ပြောဆိုကြတာနဲ့ ပတ်သက်ပြီးတော့ မိတ်ဖက်ပဋိပက္ခ လို့ သူက သုံးနှုန်းပါတယ်။ မိတ်ဆွေများ မဟာမိတ်များ အချင်းချင်းဆက်ဆံရေးမှာ မီးထိုးသူတွေကို သတိထားရမယ်လို့ သူက သုံးသပ်ကြောင်း သိရပါတယ်။
ဒီနေ့အဖို့ အခြားသတင်း အကြောင်းအရာ တခုကတော့ မြန်မာကျပ်ငွေ တန်ဖိုးဆက်လက်ကျဆင်းနေဆဲ ဖြစ်ပြီး အမေရိကန် ဒေါ်လာနဲ့ လဲလှယ်နှုန်းက တဒေါ်လာ ကျပ် ၃၇၀၀ လောက်ထိ မြင့်တက်နေသလို ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းကလည်း ထိုင်းတဘတ်ကို မြန်မာငွေ ၁၀၁.၅ ကျပ်လောက်အထိ ရောက်ရှိလာနေတဲ့ သတင်းပဲ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ကျပ် ၂ သောင်းတန် ထုတ်ဝေမယ့် သတင်း၊ အမေရိကန် ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးပိတ်ဆို့မှု နောက်တရစ် ထပ်တိုးလိုက်တဲ့ လုပ်ဆောင်မှုဖြစ်တဲ့ စစ်ကောင်စီ ရဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်ကို ပိတ်ဆို့မှု အကြောင်း ၂ ချက်က မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းဖို့ တွန်းအားပေးခဲ့ပြီး ခုသီတင်းပတ်တွေမှာ ဆက်တိုက်ဆိုသလို မြန်မာငွေ တန်ဖိုးကျဆင်းလာ နေတာဖြစ်ပါတယ်။ အခုဖြစ်ပေါ်နေတဲ့ ဈေးနှုန်းကတော့ တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှန်းမဟုတ်ဘူးလို့ ဈေးကွက်ကို နားလည်သူ၊ စီးပွားရေး လုပ်ငန်းရှင်တွေက ယူဆကြပေမယ့် စစ်ကောင်စီ အစိုးရရဲ့ မူဝါဒဆိုင်ရာ ကပြောင်းကပြန် နိုင်တာတွေကို စီးပွားရေးအရ ယုံကြည်မှု ကျဆင်းခြင်းက ကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းစေဖို့ မီးလောင်ရာ လေပင့်ဖြစ်စေတာလို့ ယူဆကြတာ ဖြစ်ပါတယ်။
စီးပွားရေး ကျဆင်းမှုတွေနဲ့ ငွေကြေးဖောင်းပွမှုတွေ ၊ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ၊ ကုန်စည်စီးဆင်းမှု ကန့်သတ်ချက်တွေ ပိုများပြားလာတာ၊ လုံခြုံရေး အခြေအနေမကောင်းမွန်ခြင်းကြောင့် ဆုံးရှုံးနိုင်ခြေမြင့်တက်မှုနဲ့ အတူ ကုန်စျေးနှုန်းမြင့်တက်လာတာတွေက မြန်မာပြည်သူတွေ ခါးစည်းခံနေကြရတဲ့ အခြေအနေလည်း ဖြစ်နေပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar