Breaking News

ကုန်ဈေးနှုန်းနဲ့ စစ်ဘေးဒဏ် ခံစားနေကြရတဲ့ မြန်မာပြည်သူတွေရဲ့ ဘဝ


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၄ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၅၊ ၂၀၂၃


ကုန်ဈေးနှုန်းနဲ့ စစ်ဘေးဒဏ် ခံစားနေကြရတဲ့ မြန်မာပြည်သူတွေရဲ့ ဘဝ

စစ်အာဏာသိမ်းပြီးနောက်မှာ ငွေတန်ဖိုးကျဆင်းမှုက ၈လ၊ ဆယ်လ ဝန်းကျင်မှာ တရစ်တက်လာတဲ့ သဘောမျိုး ဖြစ်ပွားလေ့ရှိပြီး စစ်အာဏာမသိမ်းခင်ကာလနဲ့ နှိုင်းယှဥ်လိုက်ရင် အခုလက်ရှိ မြန်မာကျပ်ငွေ တန်ဖိုးက ၂ ဆကျော်တက်ခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ စစ်အာဏာ မသိမ်းမီကာလက အမေရိကန် ၁ ဒေါ်လာကို မြန်မာ ကျပ် ၁၇၀၀၊ ၁၈၀၀ ဝန်းကျင်ရှိခဲ့ရာက အခုလတ်တလော ငွေလဲနှုန်းဟာ ၁ ဒေါ်လာကို ၃၄၀၀၊ ၃၅၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ ယမန်နှစ် ၂၀၂၂ ခုနှစ် ဧပြီလ မှာ တရစ်တက်သလို အဲဒီနောက် သြဂုတ်လ ဝန်းကျင်မှာ ကျပ် ၃၀၀၀ နီးပါးကို ရောက်ပြီး အနည်းငယ်ပြန်လျော့ကျသွားချိန်မှာ ၂၈၀၀ ကျပ် ဝန်းကျင်မှာ လအတန်ကြာ ရှိနေခဲ့ရာက မကြာသေးမီက ကျပ် ၂ သောင်းတန် ထုတ်ဝေမယ်ဆိုတဲ့ သတင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နောက်ထပ် ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုဖြစ်တဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေကြေး ဝန်ဆောင်မှုဘဏ် ၂ ဘဏ်ကို ကန့်သတ်တဲ့ ပိတ်ဆို့မှု ထွက်လာပြီးနောက် ကျပ် ၃၀၀၀ ကျော်ကို မြန်မြန်ဆန်ဆန် ရောက်ရှိလာတာ ဖြစ်ပါတယ်။ 

မြန်မာငွေတန်ဖိုးကျရခြင်း အကြောင်းအရင်းကို ဘယ် အဖွဲ့အစည်း စီးပွားရေး ကျွမ်းကျင်သူကမှ ယတိပြတ် ကောက်ချက်မချနိုင်ပေမယ့် တန်ဖိုးရုတ်တရက် ထိုးကျတဲ့ အခြေအနေတွေနဲ့ အဆိုပါ အဖြစ်အပျက်တွေ မဖြစ်ပွားမီ မူဝါဒဆိုင်ရာ ဆုံးဖြတ်မှုတွေ၊ ထုတ်ပြန်တဲ့ အမိန့်တွေ၊ ပိတ်ဆို့မှုတွေနဲ့ ယှဥ်တွဲ လေ့လာကြည့်ရင် ဘာအချက်တွေကြောင့်ဆိုတာ ယေဘုယျအားဖြင့် ကောက်ချက်ဆွဲနိုင်တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီ အာဏာသိမ်းခါစမှာ အင်တာနက်ဖြတ်တောက်မှုတွေ၊ ဘဏ်ထဲက ငွေကြေးတွေကို ထုတ်ကြဖို့ လှုံ့ဆော်မှု၊ စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက် နိုင်ငံတကာအစိုးရနဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အကူအညီလျော့ချမှု၊ ဖြတ်တောက်မှုနဲ့ ပိတ်ဆို့မှုတွေ နောက်ဆက်တွဲ ပါလာမယ့် အလားအလာတွေ စုပေါင်းကာ ကျပ်ငွေတန်ဖိုးမတည်မငြိမ်ဖြစ်ပြီး နိုင်ငံခြားငွေ စုဆောင်းတာ၊ ဘဏ်စာရင်းထဲက ငွေနဲ့ ငွေစက္ကူတို့ရဲ့ တန်ဖိုးကွာခြားမှုတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီကာလက ပထမဆုံး အကျိုးသက်ရောက်မှုအနေနဲ့ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက်မှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတကာက စွမ်းအင်ဆိုင်ရာ ကုမ္ပဏီကြီးတွေ၊ တယ်လီကွန်း လုပ်ငန်းတွေ မြန်မာနိုင်ငံက ထွက်ခွာကြခြင်း အကြောင်းကလည်း မြန်မာ့ငွေကြေးအပေါ် ယုံကြည်မှုလျော့ကျလာပြီး ငွေတန်ဖိုးကျဆင်းတဲ့ ဖြစ်စဥ်ကို မီးလောင်ရာလေပင့် ဖြစ်စေတဲ့ အကြောင်းအချက်တွေ ဖြစ်လာပြန်ပါတယ်။ 

၂၀၂၂ ခုနှစ် အစပိုင်း ဧပြီလမှာတော့ စစ်ကောင်စီအနေနဲ့ သီရိလင်္ကာနိုင်ငံမှာ ဖြစ်ပွားတဲ့ နိုင်ငံခြားငွေ အကြပ်အတည်း ကြောင့် နိုင်ငံရေး အုံကြွမှုဖြစ်ပွားတဲ့ ဖြစ်ရပ်ကို ကြည့်ပြီး ပြည်တွင်းကို နိုင်ငံခြားငွေပိုမို ဝင်ရောက်လာဖို့ နည်းလမ်းအမျိုးမျိုးစဥ်းစား အကြံထုတ်ကာ ဗဟိုဘဏ်က နိုင်ငံခြားငွေ ဆိုင်ရာမူဝါဒနဲ့ အမိန့်တွေကို ဆက်တိုက်ဆိုသလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေကြေး များများရဖို့ ပို့ကုန်က ရလာတဲ့ ငွေကြေးတွေကို ရာခိုင်နှုန်း ဘယ်ရွေ့ဘယ်မျှကို ၂၄ နာရီအတွင်း မြန်မာကျပ်ငွေ အဖြစ်ပြောင်းလဲဖို့ အမိန့်တွေ ညွှန်ကြားချက်တွေ ၂၀၂၂ ခုနှစ် ဧပြီလ ဝန်းကျင်က စလို့ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ အဲဒီလို နိုင်ငံခြားငွေ အသည်းအသန် လိုအပ်နေချိန်မှာပဲ တဖက်မှာလည်း လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ဖွံဖြိုးရေး ဆိုင်ရာ ပြည်တွင်းနဲ့ နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေရဲ့ အတွက် ဝင်ရောက်လာတဲ့ ငွေကြေးတွေကိုတော့ တင်းတင်းကြပ်ကြပ် စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ်လဆန်းကစလို့ နိုင်ငံတကာ နဲ့ ပြည်တွင်းအန်ဂျီအိုတွေ အနေနဲ့ အစိုးရဝန်ကြီးဌာနတခုခုနဲ့ ပူးပေါင်းဆောင်ရွက်မှု MoU မရှိခဲ့ရင် နိုင်ငံခြားငွေ လက်ခံလို့မရအောင် အမိန့်ထုတ်ပြန်တားမြစ်ခဲ့ပါတယ်။ ဒီလို အမိန့်ထုတ်ပြန်ချက်နဲ့ တားမြစ်ချက်တွေကြောင့်လည်း မြန်မာကျပ်ငွေ ပိုမိုတန်ဖိုးလျော့ကျခဲ့ရ ပြန်တာဖြစ်ပါတယ်။

 ဒီလိုအဖြစ်အပျက်တွေက သွင်းကုန်ထုတ်ကုန် စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံတကာ၊ပြည်တွင်း အန်ဂျီအိုတွေကိုသာ ထိခိုက်တာမဟုတ်ပဲ နိုင်ငံခြားငွေ လဲနှုန်းတွေမြင့်တက်ပြီး ပြည်တွင်းမှာ ကုန်စျေးနှုန်းတွေ တခုပြီးတခု မြင့်တက်တဲ့ အကျိုးဆက်ကို ဖြစ်ပွားစေတာ ဖြစ်ပါတယ်။ ဒေါ်လာစျေးတက်တဲ့အခါ ချက်ခြင်း သက်ရောက်တဲ့ ကုန်ပစ္စည်းက လောင်စာဆီဖြစ်ပြီး ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဆေးဝါး နဲ့ ပြည်ပကတင်သွင်းရတဲ့ လူသုံးကုန်ပစ္စည်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်တဲ့ မြေသြဇာ စသဖြင့် လူတွေရဲ့နေ့စဥ်ဘဝမှာ သုံးစွဲနေတဲ့ ဆီမြန်မြန်ဆန်ဆန် သက်ရောက်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။ ယူကရိန်း-ရုရှား စစ်ပွဲဖြစ်ပွားမှုရဲ့ ဂယက်၊ လောင်စာဆီစျေးမြင့်တက်မှု၊ ရိက္ခာ၊ စားသုံးဆီဈေး မြင့်တက်မှုတွေကလည်း မြန်မာနိုင်ငံကို အနည်းနဲ့အများ သက်ရောက်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ 

အထက်မှာ ပြောခဲ့သလို ကျပ်ငွေတန်ဖိုးကျရင်ခြင်းနဲ့ ဆက်နွယ်နေတဲ့ အကြောင်းအချက်တွေ အဖြစ်အပျက်တွေနဲ့အတူ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တဲ့ လက်နက်ကိုင် တိုက်ပွဲတွေ၊ စစ်မက်ဖြစ်ပွားရာ ပြည်နယ်နဲ့ တိုင်းတွေကို ဆက်သွယ်ထားတဲ့ ကားလမ်း ရေလမ်းတွေမှာ ဖြတ်တောက်မှု၊ ပိတ်ဆို့မှု၊ ဂိတ်ကြေး၊ ဆက်ကြေးလို့ ခေါ်ဆိုကြတဲ့ အခွန်အကောက်တွေ မကြုံဖူးလောက်အောင် မြင့်တက်များပြားလာတာတွေကြောင့် ပဋိပက္ခဧရိယာ၊ အဲဒီဧရိယာနဲ့ ဆက်စပ်နေတဲ့ ဒေသတွေက ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားကြရတဲ့ ဒေသတွေလို့ ဆိုရမှာဖြစ်ပါတယ်။ သာဓက တခုအနေနဲ့ ပြရမယ်ဆိုရင် ချင်းပြည်နယ်ရဲ့ တောင်ဘက်က မြို့နယ်လိုဖြစ်နေတဲ့ ပလက်ဝ မြို့နယ်ဆိုရင် ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ဖြတ်ကာ ဆက်သွယ်ထားတဲ့ ရေကြောင်းလမ်းကသာလျင် ရိက္ခာတွေ သယ်ဆောင်နိုင်ပြီး စစ်အာဏာ မသိမ်းမီကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် တိုက်ပွဲတွေကို အကြောင်းပြုပြီး စစ်ကောင်စီဘက်က ရိက္ခာသယ်ယူမှုကို ကန့်သတ်ထားတာကြောင့် ဆန်တအိတ်ကို တသိန်းကျော်ပေးဝယ်ရတဲ့ အဖြစ်က ခုမှ ဖြစ်ပွားတာမဟုတ်ပါဘူး၊ နကိုက ဖွံ့ဖြိုးမှုနောက်ကျတဲ့ ဒေသ၊ ဝင်ငွေနိမ့်ကျနေရတဲ့ အခြေအနေမှာ ပိတ်ဆို့မှုကြောင့် လောင်စာဆီ နဲ့ ဆန်၊ ဆေးဝါးတို့ကို စျေးနှုန်းကြီးမြင့်စွာ ဝယ်ယူနေရတဲ့ ဒေသခံတွေရဲ့ ဘဝက မြန်မာနိုင်ငံရဲ့  အခြားသောဒေသတွေထက်ကို ခက်ခဲတာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာတော့ ပလက်ဝ လိုအခြေအနေမျိုးကို ကရင်နီပြည်နယ်မှာသော်လည်းကောင်း၊ စစ်ကိုင်းတိုင်းထဲမှာသော်လည်းကောင်း ကြုံလာကြရတာ ဖြစ်ပါတယ်။ ကုန်းတွင်းပိတ်နေတဲ့ ဒေသတွေ အဖို့ ရိက္ခာ၊ လောင်စာနဲ့ ဆေးဝါးတို့ကို လက်နက်ကိုင် တပ်တွေကြီးစိုးထားကြရာ ဒေသတွေက ဖြတ်ပြီးသယ်ဆောင်ရာမှာ မတန်တဆ အခွန်အကောက်တွေက ပိုကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပြီး ဝယ်ယူစားသုံးနိုင်တဲ့ အင်အားကို ပိုမိုယုတ်လျော့စေတာ ဖြစ်ပါတယ်။ ဆန်စပါး ပေါများတဲ့ စစ်ကိုင်းတိုင်းလိုမျိုးမှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အရင်လို ဆန်စပါး ကောင်းကောင်းမွန်မွန် မစိုက်ပျိုးနိုင်ကြတော့ပဲ၊ ရှိတဲ့ ရိက္ခာတွေကိုလည်း စစ်ကောင်စီစစ်ကြောင်းတွေ ဝင်လာချိန်မှာ မီးရှို့ဖျက်ဆီးခြင်းခံကြရတာလည်း ဖြစ်ပါတယ်။ ဒီလို အခြေအအနေတွေ ပိတ်ဆို့မှုတွေ၊ ကုန်စျေးနှန်း မြင့်တက်မှုတွေက ဆက်လက်ဖြစ်ပေါ်နေဦးမယ့် အနေအထားဖြစ်ပြီး အခုနှစ်မိုးရာသီ ရေကြီးမှုတွေက ရိက္ခာစိုက်ပျိုးထုတ်လုပ်မှု အထူးသဖြင့် ဆန်စပါး စိုက်ပျိုးမှုကို ထိခိုက်မယ့် အလားအလာတွေ တွေ့မြင်နေကြရတာပါ။ လာမယ့် နှစ်မှာ ဆန်စပါး ထုတ်လုပ်မှုလျော့ကျတာကြောင့် ဆန်စပါးတွေ စျေးထပ်မံမြင့်တက်နိုင်ချေ ၊ ကျပ်ငွေ တန်ဖိုးကျမှုကြောင့် လက်ထဲက ငွေကြေးက ဝယ်နိုင်တဲ့ ပမာဏလျော့ကျသွားတာတွေနဲ့  မြန်မာနိုင်ငံက အောက်ဆုံးအလွှာက လူထုအနေနဲ့ ဒုက္ခတွေကို ခါးစည်းခံစားကြရဦးမယ့် အနေအထားမျိုး ဖြစ်လာနေတာ စိတ်မကောင်းစွာနဲ့ တွေ့ကြုံနေကြရတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar