ရဲဘော်တေး - သွေးညှီနံ့
ရဲဘော်တေး - သွေးညှီနံ့
(မိုးမခ) စက်တင်ဘာ ၂၇ ၊ ၂၀၂၃
ချေးနဲ့ခွေး၊ လာဘ်နဲ့တပ် တိုင်ပတ်နေပါတယ်ဆို ဟို မအလအောက်ဆွဲကတမျိုး။
အောက်ဆွဲ ဆိုတာ မအလကလေ သူတပ်က အနားမယူတာက တပ်မှာ စောက်သုံးကျတဲ့ကောင် မရှိလို့လို့ ပြောခံရတာကို မနာသလိုလို၊ မကြားသလိုလို အနာဂတ် ပျောက်သလိုလို ဒေါ်လာကောက်ရသလိုလို မထုံတက်သေး လုပ်နေတဲ့ကောင်လေ။
အဲ.. အောက်ဆွဲ ကိုးကွင်းသရေကြိုးက တကယ့် ဇောက်ထိုးမိုးမျှော် မတော်မတဲ့ ငစောင်းရွဲ့။ ငယ်ဘွကြည့်ပြန်တော့လဲ ကျပ်ပြည့်စရာ အကြောင်းမရှိ။ လူငယ်သဘာဝ ကိုယ်တိုင်ခရီယိတ် လုပ်နိုင်တာမှ မရှိခဲ့တာလေ။ မယားနဲ့သားကစ ကော်ပီ။ အာ့ကြောင့် တော်ကီတွေက ကြောင်ပျောက်တွေချည်းလွှတ်နေလို့ တပ်ထဲမှာ ဂရောင်ချောက်ချား စိုးစကားလို့တောင် ဟားနေကြသတဲ့။
ကြည့်၊ ပြောပုံက "စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှုတွေက စာမတတ်လို့ ဖြစ်တာ"တဲ့။ စကြဝဠာအခွီနော်၊ ခွက်တည်ကြီးနဲ့ ပြောတော့ အောက်ကလူတွေ သေးကြိတ်ထွက်ကြရဆိုဘဲ။ မင်းကြောင်လှိုင်ကို ချိုင်ပီး အဲ စောက်ပေါများတက်လာလို့ကတော့ တပြည်လုံး အသုံးလုံးသင်တန်းတွေ မိုးမွှန်သွားမယ်မှတ်။ သူ့တတနေတဲ့ မေရိုးတွေ သေခါနီးမှ ပြည်သူ့စစ်သင်တန်းမှာ ကကြီးရေပါ ကနေရအုံးမယ်။ ကြည့်တ။
အင်းလေ ပြောမယ့်သာ ပြောရတာ ဖြစ်လာမယ့်ရုပ်မရှိ။ မျက်နှာထားတင်းတာက မာကျောပြတ်သားလို့ မဟုတ်၊ သားနဲ့မယားကို ခရီယိတ် မလုပ်နိုင်ခဲ့တော့ သူများ မဟားရဲအောင် တမင်တင်းရင်း တင်းရင်းနဲ့ မျက်နှာကြောက တောခေါင်သွေ့ခြောက် ဆီပျောက်နေတာတဲ့။ ဒါရိုက်ကိုယ့်သားမယားမဟုတ်၊ တဆင့်ခံတွေဆိုတော့ မိသားစုဘဝ ချော့ရ မြှူရတာလဲ မလုပ်ခဲ့ရဘူးတော့ ပြုံးလဲ ဘီလူးသွားကို လဖြဲတည်းဆိုတာလို ဖြစ်နေတာတဲ့။ ဒင်းက နော်မယ်မဟုတ် ဆိုက်ကိုရုပ်။
သူ့စကားအတိုင်းဆို စာတတ်တာက သူတို့ သရေကြိုးနှစ်ကွင်းဘဲ ရှိမယ့်ပုံ။ ဟုသယ်လေ၊ တပ်မှာလဲ ဘယ်သူမှ သူတို့ကို မကြိုက်ဖူးလေ။ သူတို့ချင်းလဲ မညာတမ်းပြောစမ်းဆို ခက်အုံးမယ်။ ခြေနေအရ ဘရားသားဟုနေရတာ။ ခုဆို တိုင်းပြည်မှာ လူထောင်သောင်းချီရမ်းကားသတ်ဖြတ်၊ အိုးအိမ်တွေ မီးရှို့ ဖျက်ဆီးထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ဓားစာခံရှာနေရပြီလေ။ ပြီးတော့ တပ်တွင်းမုဆိုးမနဲ့ အဖမဲ့သား ရေခန်းငါးကလေးတွေ မရေမတွက်နိုင်အောင်လုပ်ထားတဲ့ တပ်သရောကြီးခိုင်းမှုကြီးအတွက်လဲ တရားခံလိုနေတယ်လေ။
ဒါကြောင့် တယောက်နဲ့ တယောက်၊ တဖွဲ့နဲ့တဖွဲ့ တပတ်စဉ်နဲ့ တပတ်စဉ် ကျားချောင်းချောင်းရင်း ထွက်ပေါက်ရှာနေကြတာ။ မရှာလို့လဲမရ မသာက တရက်ထက်တရက်တိုး တပ်ထဲမယ် ငိုချင်းမျိုးစုံနဲ့ ရက်လည်မပြတ်လို့ မုန့်ဟင်းခါးနံ့ရရင်ကို အော့ချင် အန်ချင် ဖြစ်နေကြဘီလေ။ အင်း ဓားစာခံရှာရင်း ရှာရင်း တောခွေးရိုင်းတွေလို ခဲမိတဲ့ကုပ် ဘယ်လောက်စုတ်စုတ်မလွှတ်တမ်း မသေမချင်းရမ်းခါ အချင်းချင်းကိုက်နေကြတာများ တောခွေးတွေ ပဒိုင်းသီး စားထားသလို ဂရားဂရားချည်း မာန်ဖီနေကြတော့တာရယ်။ ဖားပြီး စားမယ့်ကောင်တွေကလဲ ကတွတ်ပေါက်ကဗျိုင်းတွေလို အသာကောက်စားရတယ် ထင်ပြီး ဝင်လာတာ ပူကျက်နေမှ မီးခဲမျိုမိမှန်း၊ သောက်မိတဲ့ရေ အက်ဆစ်တွေမှန်းသိ မချိမဆံ့ တွန့်လိမ့်ဂန့်နေကြရဲ့။ ဒဗယ်အရူးကို လင်တော်မိကျတဲ့ခရိုနီတွေဟာ ခုတော့ ဆီမဆွတ်ပဲ ဗွတ်ခံနေရလို့ သူတို့ချင်းတောင် တယောက်အပေါက် တယောက်ကြည့်ပြီး ခရိုမဲတွေပါကွာ၊ မနီတော့ပါဘူး ပြောနေကြရပြီလေ။
စစ်ဗိုလ်ဥပဓိတွေသာ ကြည့်၊ ဖုတ်ကောင် မီးသင်းထားသလို ရုပ်ပုတ်ညစ်တွေ။ ဒီလူတွေဆီက ဘာအကောင်းများ မျှော်လင့်လို့ရမလဲ။ ဘာသာ သာသနာအတွက်လား။ လူမျိုးအတွက်လား။ နိုင်ငံအတွက်လား။ နောက်ဆုံး စစ်တပ်အတွက်လား။ သွားကြား သွေးစီးနေတဲ့ကောင်တွေဆီက သားရဲနံ့ကလွဲ ဘာရမှာလဲ။
သွေးညှီနံ့တွေက တတပ်လုံး ဖုံးနေပြီ။
သွေးညှီနံ့တွေက တလမ်းလုံး ဖုံးနေပြီ။
သွေးညှီနံ့တွေက တရွာလုံး ဖုံးနေပြီ။
သွေးညှီနံ့တွေက တရပ်လုံး ဖုံးနေပြီ။
သွေးညှီနံ့တွေက တမြို့လုံး ဖုံးနေပြီ။
သွေးညှီနံ့တွေက တနယ်လုံး ဖုံးနေပြီ။
သွေးညှီနံ့တွေက တပြည်လုံး ဖုံးနေပြီ။
သွေးညှီနံ့တွေက ဘာသာတိုင်း ဖုံးနေပြီ။
သွေးညှီနံ့တွေက လူမျိုးတိုင်း ဖုံးနေပြီ။