လှကျော်ဇော - တရုတ်ရဲ့ ကမ္ဘာ့တပ်ပေါင်းစုပေါ်လစီသစ် (၁၄)
လှကျော်ဇော - တရုတ်ရဲ့ ကမ္ဘာ့တပ်ပေါင်းစုပေါ်လစီသစ် (၁၄)
ထိုင်ဝမ်အရေး ဖြေရှင်းနည်းများ
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၂၃
တရုတ်ပြည်မကြီးက ၁၉၈၇ ခုနှစ် နွေဦးပွဲတော်မှာ လာဖြေဖျော်တဲ့ထိုင်ဝမ်အဆိုတော်ဖေ့ရှန် ပေါက်သွားပြီးနောက် ပြည်မကြီးမှာ ဖေ့ရှန်ရောဂါထသလို၊ ထိုင်ဝမ်မှာလည်း ပြည်မကြီးရောဂါထပါတော့တယ်။
ပထမတော့ဖေ့ရှန်လို အနုပညာအသိုင်းအ၀န်းကပညာရှင်များပေါ့။ အဆိုတော်တွေ၊ ရုပ်ရှင်လောကကလူတွေ စသဖြင့်။ ဒီလိုနဲ့ ထိုင်ဝမ်အဆိုတော်တွေရဲ့ဖြေဖျော်ပွဲတွေ၊ ထိုင်ဝမ်က ရုပ်ရှင်မင်းသားမင်းသမီးတွေနဲ့ ပြည်မကြီးကလူတွေပေါင်းရိုက်တဲ့ ရုပ်ရှင်ကားတွေပြည်မကြီးမှာ အတော်ခေတ်စားလာပါတယ်။ ဒီတော့ ပြည်မကြီးကိုလာရောက်လာတဲ့ ထိုင်ဝမ်အနုပညာသည်များကလည်း ၀င်ငွေတွေအတော်ကောင်းလာပါတယ်။
နောက်တဆင့် ပြည်မကြီးဘက်ကလည်း အဲဒီကာလက ရင်းနှီးမြှုပ်နှံမှုတွေဝင်လာရေးအကြီးအကျယ်အားပေးနေတဲ့အချိန်ဖြစ်လေတော့ ထိုင်ဝမ်က သူဌေးတွေ ငွေထုပ်ပိုက်ဝင်လာပြီး နေရာအများအပြားမှာ ရင်းနှီးမြှုပ်နှံပါတော့တယ်။ ဒီလိုနဲ့ ရှံဟဲလို တရုတ်မြို့ကြီး အတော်များများမှာ ထိုင်ဝမ်တဦးတည်း (သို့မဟုတ်) ထိုင်ဝမ်နဲ့ပူးတွဲလုပ်ဆောင်တဲ့ စီးပွားရေးလုပ်ငန်းများကြီးများ အလျှိုအလျှိုပေါ်ပေါက်လာပြီး ထိုင်ဝမ်သားများ သိန်းချီနေတဲ့ရပ်ကွက်တွေလည်းပေါ်လာပါတယ်။
(နန်ကင်းမြို့က ဆွန်ယက်ဆင်ဂူဗိမာန်)
ဒီနောက်တော့ ထိုင်ဝမ်က နိုင်ငံရေးသမားများအလှည့်။ ၂၀၀၅ ခုနှစ်မှာ ကူမင်တန်ပါတီရဲ့ဥက္ကဋ္ဌ လျန်ချန်ရောက်လာရာမှာ အဲဒီကာလ တရုတ်သမ္မတ ဟူချင်ထောင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ လျန်ချန်ကနန်ကင်းမှာရှိတဲ့ (ကူမင်တန်ပါတီတည်ထောင်ပြီး ခေတ်သစ်တရုတ်ပြည်ရဲ့သမ္မတ) ဆွန်ယက်ဆင်ရဲ့ သင်္ချိုင်းဂူဗိမာန်ကို သွားကန်တော့ပါတယ်။ ဒီဗိမာန်ကို အလွန်ဂရုစိုက်ထိန်းသိမ်းထားတာတွေ့တဲ့အခါ သူအလွန်စိတ်လှုပ်ရှားမိတယ်။ ပြည်မကြီးကလူများကိုလည်း အလွန်ကျေးဇူးတင်တယ်လို့ ထိုင်ဝမ်ပြန်ရောက်တဲ့အခါအစည်းအဝေးတိုင်းမှ ာပြန်ပြောတယ်လို့ သိရတယ်။ ဒါ့အပြင် သူ့ကိုလည်းသူမွေးရပ်မြေက သူ့အဖိုးအဖွားတွေရဲ့ သင်္ချိုင်းကိုသွားကန်တော့တဲ့အခါ အဲဒီအရပ်သားများက အကိုကြီးလျန်ချန် ပြန်လာတာကိုကြိုဆိုတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ကြိုဆိုခဲ့ကြတာကိုလည်း သူကမျက်ရည်ကျမတတ် ခံစားချက်ကောင်းလှချည့်ဖြစ်သွားပါတယ်။ ဒီလိုနဲ့ သူက ပြည်မကြီးကို အခေါက်ခေါက်လာဖြစ်သွားပါတယ်။ ကူမင်တန်ပါတီက တခြားခေါင်းဆောင်များရော၊ တခြားပါတီငယ်များက ခေါင်းဆောင်များရော၊ လာလိုက်ကြတာ ပြည်မကြီးဘက်ကလည်း ဘယ်သူလာလာ၊ အရေးတယူဂရုတစိုက်ကြိုဆိုနှုတ်ဆက် နေရာပေး ဆက်ဆံခဲ့တာချည်းပါပဲ။ ပြည်မကြီးမှာနေထိုင်နေကြတဲ့ထိုင်ဝမ်သားများကိုလည်း အတော်အရေးပေးပါတယ်။
အခုနောက်ဆုံး သြဂုတ်လအတွင်းက အလည်အပတ်ရောက်လာတဲ့ ထိုင်ဝမ်ကျွန်းရဲ့မြို့တော် တိုင်ပေရဲ့ မြို့တော်ဝန်ရဲ့ ခရီးကိုပဲကြည့်ပါ။ ရှံဟဲနဲ့ တိုင်ပေ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကြီးကို လာတက်တာပါ။ သူက ကူမင်တန်ပါတီရဲ့ တက်သစ်စ ခေါင်းဆောင်လေးပါ။ တရုတ်ပြည်မှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ အာဏာရှင် ချန်ကေရှိတ်ရဲ့ မြစ်ပါ။ ဒါပေမဲ့ ချန်ကေရှိတ်မျိုးဆက်တွေက တရုတ်တပြည်တည်းရှိတဲ့ မူကိုလက်ခံပြီး ထိုင်ဝမ်လွတ်လပ်ရေးကိုမထောက်ခံပါဘူး။ ဒါတွေကြောင့်ပဲ တရုတ်ပြည်သူတွေက ချန်ကေရှိတ်ကိုဘယ်လိုမုန်းမုန်း ဒီတချက်တည်းနဲ့ ကျန်တာတွေခွင့်လွှတ်ပြီး သူ့မျိုးဆက်ကိုကြိုဆိုခဲ့တာပါ။ အဲဒီမြို့တော်ဝန်လေး ထိုင်ဝမ်ပြန်ခါနီး ရှံဟဲညဈေးတန်းကိုအလည်သွားတဲ့ဗွီဒီယိုခွေလေး သတင်းကွန်ရက်မှာတက်လာတော့ တရုတ်လူမျိုးတွေရဲ့ ရင့်ကျက်တဲ့မျိုးချစ်ပြည်ချစ်စိတ်ကို သတိထားမိတယ်။ မြို့တော်ဝန်လေးကို ထိုင်ဝမ်ကလာတဲ့ ချန်ကေရှိတ်ရဲ့ မြစ်ဖြစ်တယ်ဆိုတာကိုသိသွားတဲ့ ရှံဟဲဈေးတန်းကဈေးရောင်းသူများဟာ ပြည်မကြီးကိုလာလည်ပတ်လို့ကြိုဆိုကြောင်း၊ ကျေးဇူးတင်ကြောင်းတွေ တယောက်တပေါက် ဝိုင်းပြောပြီးလက်ဆောင်တွေ (စားစရာအမျိုးမျိုး) ဝိုင်းပေးကြပါတယ်။ မြို့တော်ဝန်လေးကလည်း တလုပ်တဆုပ်ယူစားရင်းက သူ့ကို ဒီလိုဖော်ဖော်ရွေရွေ ချစ်ချစ်ခင်ခင်ကြိုဆိုလို့ ဝမ်းသာကြောင်း၊ သူတို့ ထိုင်ဝမ်ကိုလာလည်ဖို့ဖိတ်ခေါ်ကြောင်း၊ သူတို့တိုင်ပေက ညဈေးတန်းကလည်း ရှံဟဲညဈေးတန်းလိုပဲ၊ စားဖွယ်၊ သောက်ဖွယ်တွေစုံလင်ကြောင်း၊ လာမြည်းစမ်းကြည့်ပါဆိုပြီး ရယ်ရယ်မောမောနဲ့ ထိုင်ဝမ်အတွက် (Promotion) ရောင်းအားမြှင့်တင်ပေးသွားပါသေးတယ်။ နှစ်ရှည်လများကွဲကွာနေတဲ့ ဆွေတွေမျိုးတွေပြန်ဆုံတွေ့ရသလိုမျိုး တကယ့်ကြည်နူးစရာမြင်ကွင်းပါ။
ဒါ့အပြင် ဟိုဘက် -ဒီဘက် တက္ကသိုလ်အသီးသီးက ပညာသင် ဆုတွေပေးလွှတ်နေတာတွေလည်း ရှိပါတယ်။ ဒါတွေကတော့ တရုတ်ပြည်မကြီးဘက်က ထိုင်ဝမ်သားများအပေါ်ကျင့်သုံးနေတဲ့ ပါဝါအပျော့ အမျိုးမျိုးပါ။ တရုတ်ပြည်မကြီးအနေနဲ့ ဒီလိုတဘက်တည်းလုပ်နေတာတော့မဟုတ်ပါဘူး။
စစ်ရေးစစ်ရာဘက်ကလည်း ဘက်စုံကမလစ်ဟင်းအောင် ပြင်ဆင်ထားတာပါ။ အခုအချိန်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ရေတပ်ဟာ ဘယ်အန္တရာယ်ကိုမဆို ရင်ဆိုင်နိုင်တဲ့အင်အားရှိနေရုံသာမက သူတို့ရဲ့စစ်ရေးအင်အားကိုလည်း အကြောင်းတိုက်ဆိုင်လာတိုင်း ထုတ်ဖော်ပြသနေတာပါ။ ဥပမာအားဖြင့် အမေရိကန်က အဆင့်မြင့်အရာရှိကြီးများ (ပြည်မကြီးကသတိပေးထားလျက်က) ထိုင်ဝမ်လာလည်ရင်ဖြစ်ဖြစ်၊ ထိုင်ဝမ်က လက်ရှိ (ထိုင်ဝမ်လွတ်လပ်ရေးကိုလိုလားတဲ့) ပါတီခေါင်းဆောင်များ ခရီးသွားဟန်လွှဲဆိုပြီး အမေရိကန်ကိုဝင်ရင်ဖြစ်ဖြစ်၊ အဲသလိုကာလမျိုးမှာ တရုတ်ကစစ်လေ့ကျင့်ရေးတွေ ထိုင်ဝမ်ရေလက်ကြားမှာ လုပ်ဆောင်တတ်ပါတယ်။ အခုနောက်ဆုံးလုပ်တဲ့ စစ်လေ့ကျင့်ခန်းကတော့ ကျွန်းတကျွန်းက လေကြောင်းလမ်းများကိုချုပ်ကိုင်ထားပြီး တရုတ်လုပ် ကုန်းသွားရေသွားတင့်ကားများ (Amphibious-tank) နဲ့ လျှပ်တပြက် ဝင်သိမ်းတဲ့လေ့ကျင့်ခန်းများအပြင် ထိုင်၀မ်ကျွန်းအပေါ်ကဖြတ်ပြီး အရှေ့ဘက်ကမ်းအထိရောက်တဲ့ ဒုံးပျံများကို စမ်းသပ်ပစ်လွှတ်ပြခဲ့ပါတယ်။
(တရုတ်ရဲ့အမြင်က ထိုင်ဝမ်ကျွန်းအနေနဲ့ မိမိတဦးတည်းအရည်အချင်းနဲ့တော့ ထိုင်ဝမ်လွတ်လပ်ရေးမကြေညာရဲလောက်ဘူး။ အမေရိကန်တို့ ဂျပန်တို့က ကူညီမှလုပ်ရဲမှာ။ သူတို့အကူအညီကလည်းလာရင် အရှေ့ဘက်ကမ်းကပဲလာနိုင်မှာ။ ဒါကြောင့် တရုတ်မှာ အဲလောက်လက်လှမ်းမီတဲ့ လက်နက်တွေရှိနေပြီဆိုတာ ထုတ်ပြလိုက်တာပဲ။)
ဒါကြောင့်ပဲ တရုတ်ပြည်ဘက်က ဒီလိုစစ်ရေးလေ့ကျင့်ရေးများဟာ စစ်ပွဲကို တားဆီးတဲ့လေ့ကျင့်ရေး (pre-emptive) လို့ ဆိုကြဟန်ရှိပါတယ်။ ဒါပေမဲ့ တရုတ်ပြည်မကြီးဘက်ကတော့ ထိုင်ဝမ်ရေလက်ကြား (၂) ဘက် (ပြည်မကြီးနဲ့ ထိုင်ဝမ်ကျွန်း) က တရုတ်လူမျိုးတွေဟာ ညီအကိုမောင်နှမတွေသာဖြစ်တယ်။ ဒီနှစ်ဘက်ကြားမှ ာငြိမ်းချမ်းစွာပေါင်းစည်းဖို့ပဲ လိုလားတယ်။ ဒီလိုငြိမ်းချမ်းစွာပေါင်းစည်းနိုင်မယ့် မျှော်လင့်ချက် ၁ (ရာနှုန်း) လောက်ပဲရှိရင်တောင် ဒီနည်းလမ်းပဲဆက်ကြိုးစားမှာပါလို့ ထိုင်ဝမ်ကအလည်လာရောက်တဲ့သူတွေကို ကတိပေးထားပါတယ်။
အခု စက်တင်ဘာ (၁၂) ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီနဲ့ အစိုးရရုံးတို့က ပူးတွဲထုတ်တဲ့ ကြော်ငြာစာမှာ တရုတ်အရှေ့ပိုင်းက ဖူကျင့်ပြည်နယ်ကို ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်အကြား ဖွံ့ဖြိုးတိုးတက်ရေး ကိုပူးပေါင်းလုပ်ဆောင်တဲ့ သရုပ်ပြ ပြည်နယ် (Demonstration Zone) အဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။ အဲဒီစာတမ်းမှာ ဖော်ပြထားတဲ့ ဖူကျင့်ပြည်နယ် ဘက်စုံကမူဝါဒအားလုံးဟာ သူတို့နဲ့ ရေလက်ကြားလေးပဲခြားထားတဲ့ ထိုင်ဝမ်ကျွန်းရဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်စပ်လုပ်ဆောင်ရေးအတွက် ရည်ညွှန်းထားပါတယ်။
ဘက်စုံလို့ဆိုရာမှာ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေး လူမှုရေးလုပ်ငန်းများ၊ ခရီးသွားလာရေး၊ အဆင့်မြင့်နည်းပညာ စတာတွေအပြင် အခြေခံအဆောက်အအုံတည်ဆောက်ရေးများလည်းပါပါတယ်။ ဥပမာအားဖြင့် အမြန်ရထားလမ်း (ပေကျင်းနဲ့ ထိုင်ဝမ်အကြား)၂၀၃၅ မှာပြီးစီးရေး။ လေယာဉ်ကွင်းများဆောက်ရေး ... စသဖြင့်။
ဒါတွေအားလုံးဟာ ပြည်မကြီးအနေနဲ့ ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးအတွက် စိတ်စေတနာအပြည့်နဲ့ ကြိုးစားလုပ်ဆောင်နေတာကိုပြသတာပါလို့လည်း အဲဒီစာတမ်းမှာဆိုထားပါတယ်။
စက်တင်ဘာ (၂၃) ရက်နေ့က ပြည်မကြီးက ဟန်ကျိုးမြို့မှာကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ တရုတ် - ထိုင်ဝမ် ဆိုတဲ့ အလံကိုင်ပြီး ထိုင်ဝမ်အားကစားသမားများ ကွင်းထဲဝင်လာချိန်မှာ လူ (၈၀၀၀၀) ဆန့် အားကစားရုံကြီးထဲက လူတွေ တခဲနက် လက်ခုပ်တီး အုတ်အော်သောင်းတင်းကြိုဆိုခဲ့ကြပါတယ်။ ဒီလိုနည်းလမ်းလေးတွေနဲ့ ရေလက်ကြားနှစ်ဘက်က တရုတ်လူမျိုးတွေ ချစ်ကြည်ရေးတွေ၊ ယုံကြည်မှုတွေ၊ နားလည်မှုတွေ တည်ဆောက်နေကြပါတယ်။
လှကျော်ဇော
၂၆-၉-၂၀၂၃။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar