Breaking News

ကုလလူ့အခွင့်အရေး ကောင်စီရဲ့ နှစ်လည်အစည်းအဝေး နဲ့ မြန်မာ့အရေး


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၆ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၂၃


ကုလလူ့အခွင့်အရေး ကောင်စီရဲ့ နှစ်လည်အစည်းအဝေး နဲ့ မြန်မာ့အရေး 

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကောင်စီရဲ့  ၅၄ ကြိမ်မြောက် နှစ်လည်အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နဲ့ပတ်သက်လို့ ကုလ လူ့အခွင့်အရေး မဟာမင်းကြီး ဗော်ကာတပ်ခ်က အစီရင်ခံခဲ့ပြီး တိုက်တွန်းချက်အနေနဲ့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပြောင်းကိုင်တွယ်ဖို့ တိုက်တွန်းခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ 

SAC-M လို့ခေါ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ ယမန်နှစ် ဒီဇင်ဘာကတည်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ICC အနေနဲ့ အရေးယူဖို့ တိုက်တွန်းတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ အဲဒီတိုက်တွန်းချက်မှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို ICC က အရေးယူဖို့၊ ဒါမှသာ ကျူးလွန်မှုတွေ ရပ်တန့်သွားမယ်ဆိုတဲ့ သဘောမျိုး တိုက်တွန်းထားတာ ဖြစ်ပါတယ်။ 

ကုလလူ့အခွင့်အရေးဆိုင်ရာမင်းကြီးက မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေနဲ့ တင်ပြသွားပြီး မြန်မာစစ်ကောင်စီ အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလည်း လိုက်နာခြင်း မရှိဘူးလို့ ပြောဆိုသွားပါတယ်။ ဖမ်းဆီးမှုတွေ၊ သတ်ဖြတ်ခံရတဲ့ အရေအတွက်တွေ၊ အကျဥ်းနည်းလို့ ခေါ်ဆိုတဲ့ ရှေ့နေငှားရမ်း ခုခံကာကွယ်ခွင့်မရှိတဲ့ ရုံးထုတ်စစ်ဆေးမှု ပြုလုပ်တဲ့အချိန်မှာပဲ စစ်ခုံရုံးက အမိန့်ချမှတ်တဲ့ တရားစီရင်မှု စနစ်တွေ အကြောင်း၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတဲ့ အရေအတွက်တွေကို ကိုးကားပြီး အစီရင်ခံသွားတယ်လို့ သတင်းထဲ ဖေါ်ပြထားပါတယ်။ 

ဒီအချက်အလက်တွေဟာ သတင်းတွေထဲ သုတေသနလုပ် အချက်အလက်မှတ်တမ်းတင် ကောက်ယူတဲ့ အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေ မှာ ပါရှိပြီးသား ကိန်းဂဏန်းတွေ ဖြစ်လို့ အသစ်အဆန်းတော့မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။

ကုလလူ့အခွင့်အရေး မင်းကြီးတိုက်တွန်းသလို ICC အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက်တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူနိုင်မလားဆိုတဲ့ မေးခွန်းလည်း ရှိလာတာဖြစ်ပါတယ်။  မြန်မာနိုင်ငံဟာ ICC ရဲ့ သဘောတူညီမှုမှာ လက်မှတ်ထိုးထားခြင်း မရှိတဲ့ အတွက်လည်း မြန်မာနိုင်ငံက ကျူးလွန်မှုတွေ အတွက် ICC အနေနဲ့ စီရင်ပိုင်ခွင့် မရှိဘူးလို့ ယေဘုယျ အားဖြင့်နားလည်ကြပါတယ်။ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာလူမျိုးတွေကို သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးမှု နဲ့ နိုင်ငံက ထွက်ပြေးအောင် လုပ်ဆောင်မှုတွေနဲ့ ၂၀၁၉ ခုနှစ်က ICC ကို အရေးယူပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တောင်းဆိုခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ICC အဖွဲ့ဝင် နိုင်ငံဖြစ်လို့ အဖွဲ့ဝင်နိုင်ငံက သက်ရောက်မှုရှိနေတဲ့ အတွက် အကျုံးဝင်တယ်လို့ မှတ်ယူကြေပေမယ့် အဲဒီအချိန်ကာလက မြန်မာနိုင်ငံကို ဘာမှ မလုပ်ဆောင်နိုင်ခဲ့ကြတဲ့ သာဓကလည်း ရှိပါတယ်။ 

လတ်တလော နိုင်ငံတကာ အဖြစ်အပျက်တွေ မှာ ICC က ဖမ်းဝရန်း ထုတ်ခံရတဲ့ ခေါင်းဆောင် အဖြစ် ရုရှားသမ္မတပူတင် ကို သာဓက ထုတ်ပြနိုင်ပါတယ်။ ရုရှားနိုင်ငံဟာလည်း ICC စာချုပ်မှာ လက်မှတ်ထိုးထားခြင်း မရှိပေမယ့် ICCအဖွဲ့ဝင် ဖြစ်တဲ့ နိုင်ငံတနိုင်ငံကို သွားရောက်ခဲ့မယ်ဆိုရင် အဖွဲ့ဝင် နိုင်ငံအနေနဲ့ ပူတင်ကို ဖမ်းဆီးပြီး ICC ထံလွှဲပြောင်းပေးဖို့ ဝတ္တရားရှိတဲ့သဘောဖြစ်ပါတယ်။ မြန်မာနိုင်ငံကိစ္စမှာတော့ ICC အနေနဲ့ ကိုင်တွယ်ဆောင်ရွက်ခဲ့တယ်ဆိုရင် စစ်ခေါင်းဆောင်တွေ နိုင်ငံတကာကို သွားရောက်တဲ့အခါ ICC က ဝရန်းထုတ်ထားခဲ့ရင် ICC အဖွဲ့ဝင်နိုင်ငံ အနေနဲ့ ဖမ်းဆီးပြီး လွှဲပြောင်းပေးရမယ့် သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါက ICCက အရေးယူဆောင်ရွက်ခဲ့တယ်ဆိုခဲ့ရင် ဖြစ်လာနိုင်တဲ့ အခြေအနေကို တွက်ဆကြည့်တာသာ ဖြစ်ပါတယ်။ 

သတင်းဖော်ပြမှုတွေ အချက်အလက်တွေကို ပြန်လည်ရှာဖွေကြည့်တဲ့အခါ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာ ၂၀၂၁ ခုနှစ် ဇွန်လက အမျိုးသားညီညွတ်ရေး အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲ တခုမှာ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ စစ်ကောင်စီကို ICC မှာ တရားစွဲဆို အရေးယူဖို့ အထောက်အထားတွေ ပြင်ဆင်နေတဲ့အကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထား ၄ သိန်းခန့်စုဆောင်းထားပြီဖြစ်တဲ့အကြောင်းကို NUG ဝန်ကြီးတဦးဖြစ်တဲ့ ဒေါက်တာဆာဆာ က သတင်းမီဒီယာကို ပြောဆိုခဲ့ပါတယ်။ အဲဒီကာလနဲ့ နှိုင်းယှဥ်လိုက်ရင် အခုချိန်မှာ ကျူးလွန်မှု ကိန်းဂဏန်းတွေက ၄/၅ ဆမက ရှိလာနေတာလည်း ဖြစ်ပါတယ်။ 

ကုလ လုံခြုံရေးကောင်စီ၊ ICC စတဲ့ နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ ကြိုးပမ်းချက်တွေ တိုက်တွန်းချက်တွေက ကျင့်ဝတ်ပိုင်းဆိုင်ရာ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ အားပေး ထောက်ခံမှုတွေ အနေနဲ့ သဘောထားရင်တော့ တန်ဖိုးရှိတယ်လို့ ဆိုရမှာဖြစ်ပြီး အပြင်မှာ လက်တွေ့ဘဝမှာ ဖြစ်ပျက်နေတာတွေကို တားဆီးနိုင်ဖို့ လျော့ချနိုင်ဖို့ နည်းလမ်းတွေလည်း စဥ်းစားအဖြေရှာဖို့ လိုအပ်မှာဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ အစိုးရတရပ် ဆိုတဲ့ အနေအထားမျိုးကနေ ခုခံတိုက်ခိုက်မှုတွေကို တိုက်ခိုက်နေတာမျိုးထက် အနိုင်ရဖို့ အတွက်ဆို ဘာပဲ လုပ်ရလုပ်ရ လုပ်ခွင့်ပြုထားတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့၊ ရန်သူလို့မှတ်ယူတဲ့ ခုခံတိုက်ခိုက်သူတွေ နဲ့ အတူနေထိုင် လုပ်ကိုင်စားသောက်နေကြတဲ့ အရပ်သားပြည်သူတွေရဲ့ အသက်၊ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာ၊ လုယက်တာတွေ အားလုံး ခွင့်ပြုထားတဲ့ အခြေအနေ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကလည်း အရပ်သားတွေ ထိခိုက်သေဆုံးမှု၊ နေအိမ်တွေ ပျက်စီးဆုံးရှုံးမှု အများအပြားဖြစ်စေတဲ့ အကြောင်းအချက်တရပ် ဖြစ်လာနေတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီကို တော်လှန် တိုက်ခိုက်နေတဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ အနေနဲ့လည်း လက်နက်ကိုင်အဖွဲ့ ဖြစ်လာတဲ့ နောက် အဖွဲ့အချင်းချင်းအကြား ဖြစ်ပွားတဲ့ ပြဿနာ၊ ပဋိပက္ခ၊ လက်နက်ကိုင် အဖွဲ့နဲ့ ပြည်သူလူထုအကြားဖြစ်ပွားတဲ့ ပဋိပက္ခတွေမှာ အင်အားသုံး ဖြေရှင်းတာတွေ လက်နက်အားကိုး ဖြေရှင်းတဲ့ အဖြစ်အပျက်တွေလည်း အချိန်ကာလ ကြာလာသည်နှင့်အမျှ တစတစ ပေါ်ထွက်လာနေတာလည်း သတင်းဖော်ပြမှုတွေ အရကြားသိရတာ ဖြစ်ပါတယ်။ 

အချုပ်ဆိုရရင် ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့  နိုင်ငံတကာက စိတ်ဓာတ်ရေးရာအရ၊ ကျင့်ဝတ်ဆိုင်ရာ ရပ်တည်ထောက်ခံမှုတွေအရ အားပေးထောက်ခံမှုတွေ ရှိတာမှန်ပေမယ့် လက်တွေ့ ဖြစ်ပွားမှုတွေ လျော့ကျလာအောင် နည်းလမ်းရှာကြဖို့လည်း လိုအပ်တာ ဖြစ်ပါတယ်။ စစ်ရေးအရ စီမံခန့်ခွဲနေသူတွေ၊ အုပ်ချုပ်ရေးအရ တာဝန်ယူ ဆုံးဖြတ်နေကြတဲ့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ လက်နက်ကိုင်ထားခြင်းမရှိတဲ့ အရပ်သားတွေရဲ့ အသက်နဲ့ အိုးအိမ် ပိုင်ဆိုင်မှုတွေ ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် နည်းလမ်းရှာကြဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar