တရားဥပဒေ စိုးမိုးမှုမရှိတဲ့ ဒေသက အွန်လိုင်း လိမ်လည်မှုလုပ်ငန်းတွေ၊ ဖာပွန်ခရိုင်ထဲက စာသင်ကျောင်းတွေ လေကြောင်းက တိုက်ခိုက်ခံရ၊
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၀ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၃
တရားဥပဒေ စိုးမိုးမှုမရှိတဲ့ ဒေသက အွန်လိုင်း လိမ်လည်မှုလုပ်ငန်းတွေ၊ ဖာပွန်ခရိုင်ထဲက စာသင်ကျောင်းတွေ လေကြောင်းက တိုက်ခိုက်ခံရ၊
အင်တာနက် အွန်လိုင်းပေါ်ကနေ ဖျားယောင်းတာ၊ မြူဆွယ်တာ၊ ငွေကြေးလိမ်လည်တာ၊ ဘဏ်စာရင်းတွေ၊ ငွေပေးချေရေးအကောင့်တွေကို ဖောက်ထွင်းတာတွေနဲ့ လူကုန်ကူးတာ၊ ခေတ်သစ် ကျေးကျွန်အဖြစ် ပိတ်လှောင်ထားပြီး ရိုက်နှက်နှိပ်စက်ကာ ခိုင်းစေတဲ့အထိ လုပ်ဆောင်လာတာတွေဟာ အရင်ကတော့ သတင်းတွေထဲမှာသာ ကြားသိရပြီး မြန်မာနိုင်ငံနဲ့ သိပ်ပြီးမဆက်စပ်သလို ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၃/၄ နှစ်တာ ကာလအတွင်း တဖြည်းဖြည်းမြန်မာနိုင်ငံရဲ့ လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်စပ်ဒေသတွေလို၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်နေကြတဲ့ ဒေသတွေမှာ တဖြည်းဖြည်း ဝင်ရောက် လုပ်ကိုင်လာနေရင်းနဲ့ မကြာခင်ကာလတွေက စလို့ ရန်ကုန်မြို့လို နေရာမျိုးတွေမှာတောင် ရုံးခန်းတွေငှားရမ်းပြီး လုပ်ကိုင်လာကြတဲ့ အခြေအနေမျိုးရောက်ရှိလာတာတွေ့နေရ ပါပြီ။
ယခင်က တရုတ်နိုင်ငံနယ်စပ်၊ ကိုးကန့်လို ဒေသ၊ ကရင်ပြည်နယ်က ရွှေကုက္ကို လို ငြိမ်းချမ်းရေး အဖွဲ့လို့ဆိုတဲ့ စစ်တပ်နဲ့ အဆင်ပြေတဲ့ လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လုပ်ကိုင်ကြပေမယ့် ကိုဗစ် ၁၉ ကူးစက်မှု ကပ်ဘေးဖြစ်ပွားပြီးနောက်နဲ့ စစ်အာဏာသိမ်းမှုအပြီးမှာတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာကြရာကနေ ကရင်ပြည်နယ်မှာ အများအပြားပေါ်ထွက်လာသလို၊ မကြာခင်ကာလတွေမှာ ရန်ကုန်မြို့လယ်က ရုံးခန်းတွေငှားရမ်းတဲ့ ကွန်ဒိုအဆောက်အဦတွေလို နေရာမျိုးမှာ တခုမက လုပ်ကိုင်နေကြတဲ့ အကြောင်းမကြာခင်က RFA မြန်မာပိုင်း သတင်းဌာနက ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။
ယခင်စစ်အစိုးရလက်ထက် နယ်ခြားစောင့်တပ်အဖြစ်ဖွဲ့စည်းခဲ့တဲ့ DKBA ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုတဝိုက် သောင်းရင်းမြစ်နဘေးမှာ ကာစီနို ကစားဝိုင်းတွေ၊ အကောက်ခွန်လွတ် ယမကာ၊ စီးကရက်နဲ့ နိုင်ငံတကာ အမှတ်တံဆိပ်ပစ္စည်းတွေ ရောင်းချတဲ့ ကုန်တိုက်လိုမျိုး၊ နိုင်ငံခြားဘီယာအမျိုးမျိုးကို ချက်လုပ်ပြီး သောက်သုံးနိုင်တဲ့ ဘီယာဆိုင်တွေနဲ့ ထိုင်းနိုင်ငံမှာ ခွင့်မပြုထားတဲ့ ကာစီနို လောင်းကစားဝိုင်းတွေကို မြန်မာနိုင်ငံမြေပေါ်မှာ ဖွင့်လှစ်ထားတာ စစ်အာဏာမသိမ်းမီ အရင် ဆဘ်စုနှစ်တခုနီးပါးဝန်းကျင်ကတည်းက ဖြစ်ပါတယ်။ ဟောင်ကောင် အနီးက မကာအိုကျွန်းလို လောင်းကစား လုပ်နိုင်တဲ့ နေရာတခုကို လက်နက်ကိုင် တပ်တွေကို အခွန်အကောက်ပေး အကာအကွယ်ရယူပြီး လုပ်ကိုင်ခဲ့ကြတဲ့ နယ်မြေက ကိုဗစ် ၁၉ ကူးစက်ကပ်ဘေး ဖြစ်ပွားပြီးနောက်မှာ စီးပွားရေးလုပ်ငန်းပြောင်းပြီး အွန်လိုင်းက လိမ်လည်တဲ့ လုပ်ငန်းတွေကို ဦးတည်သွားတဲ့ သဘောတွေ့ရတာ ဖြစ်ပါတယ်။
တရားဥပဒေ စိုးမိုးမှုမရှိခြင်းက မူးယစ်ဆေး၊ လောင်းကစား၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ ကျွန်ပြုမှု စတာတွေကို ဖြစ်ပေါ်စေပြီး ဒီလို အွန်လိုင်းပေါ်မှ တဆင့်လိမ်လည်တာ လူကုန်ကူးတာတွေက မြန်မာနိုင်ငံရဲ့ ဒေသအများအပြားမှာ တဖြည်းဖြည်းဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ကိုင်လာရာမှာ မြန်မာနိုင်ငံသားတွေ နဲ့ အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံတွေက နိုင်ငံအများ အပြားက နိုင်ငံသားတွေ သားကောင်အဖြစ် လှည့်စားခေါ်ယူခံကြရပြီး မြန်မာနိုင်ငံ နယ်စပ် မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုဒေသမှာ တဖွဲဖွဲလာရောက်ပြီး ပိတ်လှောင်ခံ၊ ခြိမ်းခြောက်ခံကြရကာ နောက်ဆုံး သက်ဆိုင်ရာနိုင်ငံက သံရုံးတွေက ဝင်ရောက်ကူညီ ကယ်ထုတ်ကြရတဲ့ အဖြစ်အပျက်တွေက ခုနှစ်ပိုင်းမှာ တခုပြီးတခု သတင်းထဲပါရှိနေတာ ဖြစ်ပါတယ်။
ဒီပြဿနာက မြန်မာနိုင်ငံ တနိုင်ငံထဲရဲ့ ပြဿနာမဟုတ်တော့ပဲ ဒေသတွင်း ပြဿနာအဖြစ် ရောက်ရှိလာရာက တရုတ်နိုင်ငံက စစ်ကောင်စီကို အရေးယူဖို့ ပူးပေါင်းဆောင်ရွက်ဖို့ တရားဝင်ဖိအားပေးလာသလို၊ ဝ ပြည်လို ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ တိုင်းရင်းသားဒေသ၊ မိုင်းလား စတဲ့ တရုတ်နိုင်ငံက သြဇာရှိတဲ့ တိုင်းရင်းသားဒေသတွေမှာ အခြေစိုက်လုပ်ကိုင်နေကြတဲ့ အွန်လိုင်းရာဇဝတ်မှု လုပ်ငန်းတွေကို ဖမ်းဆီးဖို့ ဖိအားပေး ခဲ့တဲ့ သဘောလို့ မှန်းဆရပြီးအခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေ ဖြစ်တဲ့ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ အွန်လိုင်းက တဆင့်ငွေကြေးလိမ်လည်တဲ့ ရာဇဝတ်မှုမှာ လုပ်ကိုင်နေကြသူ တရုတ်နိုင်ငံသား ထောင်ဂဏန်းအထိ ဖမ်းဆီးပြီး တရုတ်နိုင်ငံကို ပြန်လွှဲပြောင်းခဲ့တဲ့ သတင်းတွေ တွေ့လာရပါတယ်။ ဒီသတင်းတွေကို လေ့လာကြည့်ရင် အခုဖြစ်ရပ်တွေက ရေထဲမှာပေါ်နေတဲ့ ရေခဲတုံးရဲ့ အစိတ်အပိုင်းတချို့သာ ဖြစ်ပြီး မြုပ်နေတဲ့ အပိုင်းတွေရှိနေဦးမယ်လို့ ယူဆရပါတယ်။ ရန်ကုန်မြို့မှာ လုပ်ကိုင်နေကြတဲ့ အွန်လိုင်းပေါ်က ရာဇဝတ်ဂိုဏ်းတွေကို ဖေါ်ထုတ်ခြင်း မပြုနိုင်သေးပါဘူး။ အခုလို အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ မြန်မာနိုင်ငံကို အခြေစိုက်ရာနေရာ အဖြစ်ရွေးချယ်ရခြင်း အကြောင်းကတော့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေပြီး အစိုးရလို့ဆိုတဲ့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေး လက်နက်ကိုင် ခုခံတိုက်ခိုက်သူတွေကိုသာ နှိမ်နှင်းဖို့ အာရုံစိုက်နေပြီး အခြားသော ရာဇဝတ်မှုခင်းတွေကို နှိမ်နှင်းနိုင်ခြင်းမရှိတဲ့အချက်ကို ဒီလို ရာဇဝတ်ဂိုဏ်းတွေက အားသာအချက်အဖြစ် ရှုမြင်ကာ ရွေးချယ်ကြတယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသော သတင်းအကြောင်းအရာ တရပ်ကတော့ ဖာပွန်ခရိုင်ထဲ စာသင်ကျောင်းတချို့ တိုက်ခိုက်ခံရပြီး အဖြစ်အပျက်တရပ်မှာတော့ ကျောင်းဆရာ ၁ ဦးနဲ့ ကျောင်းသား ၃ ဦးသေဆုံးခဲ့ရပြီး အခြားသော စာသင်ကျောင်း ၁၀ ကျောင်းလောက်ပိတ်ထားရတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ ခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ အခြေစိုက်စခန်း တခုဖြစ်တဲ့ ခေးပူ တပ်စခန်းကို KNU/KNLA က တိုက်ခိုက်ခဲ့ပြီးနောက် အခုလို ကျေးရွာတွေ၊ လူနေအိမ်နဲ့ စာသင်ကျောင်းတွေကိုပါ စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေကို လေကြောင်းက တိုက်ခိုက်တာဟာ အခုဖြစ်ရပ်မှ မဟုတ်ပဲ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နဲ့ အခြားသောဒေသတွေမှာလည်း မကြာခဏဖြစ်ပွားခဲ့တာ ဖြစ်ပြီး ယမန်နှစ်က ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ အဖြစ်က ရက်စက်တဲ့ တိုက်ခိုက်မှုအဖြစ် မှတ်တမ်းတင်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ကမ္ဘာမှာ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရဆုံး နိုင်ငံ ၃ နိုင်ငံထဲမှာ မြန်မာနိုင်ငံကလည်း တနိုင်ငံအဖြစ် ပါဝင်နေပြီး အခြားသော ၂ နိုင်ငံက ယူကရိန်းနဲ့ ဘူကီနာဖာဆိုနိုင်ငံတို့ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု နောက်မှာ စာသင်ကျောင်းတွေမှာ စစ်ကောင်စီတပ်တွေက စခန်းချတာ နေရာယူတာတွေရှိသလို စစ်ကောင်စီတပ်တွေ စခန်းချတဲ့ စာသင်ကျောင်းတွေကို PDF တွေက တိုက်ခိုက်မှုအချို့လည်း ရှိပြီး အများစုကတော့ ကျေးရွာတွေက စာသင်ကျောင်းတွေမှာ လူစုဝေးတာမျိုးကို စစ်ကောင်စီဘက်က တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar