Breaking News

လေခဏီ - ရဲဘော်တို့သည် စကြဝဠာဘုရင်နဲ့ ဘုရားလောင်းများ ဖြစ်ကြသည်

Photo : Siegfried Modola, The Globe and Mail, article-myanmar-civil-war-karenni-army-photos

လေခဏီ - ရဲဘော်တို့သည် စကြဝဠာဘုရင်နဲ့ ဘုရားလောင်းများ ဖြစ်ကြသည်

(မိုးမခ) စက်တင်ဘာ ၁၂ ၊ ၂၀၂၃


(ရဲဘော် = ကျား၊ မ နှစ်ဦးဆိုင်နာမ်)

ကနေ့ တော်လှန်ရေးမှာ ကျား၊ မ ကဏ္ဍ ပျောက်သလောက်ပဲ။ အကုန်လုံး ကိုယ်တတ်နိုင်ရာက ပါဝင်နေကြတယ်။

ဒါကလည်း တော်လှန်ရေးရဲ့အနှစ်သာရတခုဘဲ။ စကစတောင် အမျိုးသမီးစစ်သည်တော်တွေ တလတွန်း ခေါ်နေတာကြည့်။

ကျား၊ မ ခွဲခြားတဲ့ပြသနာက ဘာသာရေးက လာသလိုလို ပြောကြတယ်။ တကယ်တော့ ဘာသာရေးမပေါ်ခင်ကထဲက စတဲ့အစဉ်အလာလို့ ဆိုရမယ်။ လူ့သမိုင်းခေတ်ဦးကတည်းက နေနေ ငါလုပ်လိုက်မယ်၊ မင်း ဘေးဖယ်ဆိုတဲ့ ငနဲတွေက စခဲ့ပုံပါပဲ။

တကယ်တော့ ဘာသာရေးရဲ့ မူလအစက ဘာမှ မခွဲခြားဘူးရယ်။

ဗုဒ္ဓဘာသာမှာတော့ သုဝဏ္ဏသာမဇာတ်ဟာ အလွန်လေ့လာသင့်တဲ့ဟာ။ ကျား၊ မ အရည်အသွေးတူကြောင်းပြတဲ့ ဇာတ်မဟာဘဲ။ နောက် ဗုဒ္ဓခေတ်မှာ ရဟန်းများနဲ့တန်းတူ ရဟန်းမတွေ ပေါ်လာတယ်။ လိုအပ်ချက်အရ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အကန့်အသတ်တချို့ရှိပေမယ့် ဉာဏ်ပိုင်းဆိုင်ရာမှာတော့ သစ္စာလေးပါးသိမြင်မှုမှာ ဉာဏ်စဉ်တူကြပါတယ်။ အမျိုးသမီးမို့ ဘယ်ဉာဏ်မရဘူးဆိုတာ ပြောမထားပါဘူး။ ရဟန္တာဖြစ်တာ တူကြတယ်။ ဉာဏ်သာသူ အရင်ရောက်ပဲ။ အဲဒီကိစ္စမှာ ဝါကြီးဝါငယ်တောင် မရှိပါဘူး။

အဲဒီဇာတ်ရဲ့ ဇာတ်ကောင်နှစ်ယောက် ဒုကုလနဲ့ ပါရိကာဟာ အရည်အသွေး ချွတ်စွပ်တူကြတယ်။ ဘယ်လောက်တောင်တူလဲဆို သူတို့နှစ်ယောက်လုံးအတွက် ဝေါဟာရတောင် အတူတူပဲ ဘုရားက သုံးခဲ့တယ်။ ဒွေမဟာပုရိသာတဲ့။ 

သုဝဏ္ဏသာမဇာတ်မှာ ဒုကုလနဲ့ ပါရိကာ နှစ်ယောက်လုံးကို ဒွေမဟာပုရိသလို့ သုံးတယ်။ အဲဒါကို ရှေးဆရာတော်ကြီးတပါးက ယောက်ျားမြတ်နှစ်ယောက်တို့သည်လို့ ဘာသာပြန်တယ်။ အဲဒီတော့ ယောက်ျားဆိုတဲ့ မြန်မာဝေါဟာရဟာ မူလက အထီးသက်သက်ကို ဆိုလိုဟန်မတူဘူး။ အမအတွက်ပါ တွဲသုံးထားပုံထောက်တော့။ ဒွေမဟာပုရိသ = ယောက်ျားမြတ်နှစ်ယောက်လို့ တိုက်ရိုက်ဘာသာပြန်ပုံထောက်တော့ ပုရိသရဲ့အဓိပ္ပာယ်ရင်းအတိုင်း စိတ်နေမြင့်မားသူ၊ အရည်အသွေးပြည့်ဝသူလို့ ဆိုလိုတယ် ထင်ရတာပဲ။ ဒုကုလနဲ့ ပါရိကာက အရည်အသွေးတူကိုး။ အရည်အသွေးဆိုတာက စိတ်နေမြင့်မားတာကို ပြောတာပါ။ ခန္ဓာသန်စွမ်းမှုကို မဆိုလိုပါဘူး။ ဒါပေလို့ အဲဒီဇာတ်မှာတော့ ကျင်လည်ရှင်သန်ပုံတူတော့ ခန္ဓာသန်စွမ်းမှုလည်း တူပုံပါဘဲ။ စိတ်နေမြင့်မားတယ်ဆိုတာ အများကို ကယ်တင်နိုင်တဲ့ဘုရားနဲ့ အများကောင်းကျိုးဆောင်နိုင်တဲ့ စကြဝတေးမင်းဖြစ်အောင် ကြံဆောင်လုပ်ကိုင်တာကို ဆိုလိုတာပါ။ စိတ်နေမွန်မြတ် အရည်အသွေးပြည့်တယ်ဆိုတာက အများရဲ့လိုအင် ကိုယ့်လိုအင်ကို ပြည့်အောင်ဖြည့်တာကို ပြောတာပါ။ ဒါဟာ ပုရိသရဲ့ တကယ့်အဓိပ္ပာယ်တွေပါပဲ။ အဲဒီစိတ်မွန်နဲ့ အရည်အသွေးပြည့်မီမှုအတွက် ပုရိသလို့သုံးတာဆိုရင် ဘုရားလောင်းတို့ စကြဝတေးလောင်းတို့ ရှိရမယ့် အရည်အသွေးတရပ်ဖြစ်တဲ့ ပုရိသဖြစ်ခြင်းဆိုတာဟာ ကျားဆိုင်၊ မ ဆိုင် ဖြစ်သွားတယ်။ ပုရိသဟာ ခုနကအဓိပ္ပာယ်အပြင် လူ၊ သတ္တဝါ၊ မဟာဗြဟ္မာလို့လည်း သုံးတာကိုး။ ဘုရားဖြစ်ခြင်း မဖြစ်ခြင်းကလည်း ဉာဏ်ကိစ္စသက်သက်၊ ကြံဆောင်လုပ်ကိုင်နိုင်စွမ်းသက်သက်၊ သူတပါးဒုက္ခကို ကယ်တင်နိုင်မှုသက်သက်၊ လူ့အဖွဲ့အစည်းရဲ့ပြဿနာကို ဖြေရှင်းဖို့သက်သက်ဆိုတော့ အမျိုးသမီးတွေလည်း ဘုရားဖြစ်နိုင်တာပေါ့လေ။ အဲဒါကြောင့် မြန်မာစကားပုံကလည်း ခပ်ရဲရဲပြောခဲ့တာဘဲ။ ကြိုးစားက ဘုရားဖြစ်နိုင်တယ်ပေါ့။ ကျားရယ်၊ မရယ် မခွဲပါဘူး။ 

ခန္ဓာကိုယ်အားကလည်း ပုမ္ဘာဝရုပ်က တဖက်သတ်သာတယ်လို့ ယူဆလို့ မရပြန်ဘူး။ လူဖြစ်ခြင်းမှာ ဣတ္ထိဘာဝရုပ်(အမသွင်ပြင်)နဲ့  ပုမ္ဘာဝရုပ်(အထီးသွင်ပြင်) တခုခုပါရမယ်မဟုတ်လား။ လူတကိုယ်မှာ နှစ်ရုပ်ပါလို့တော့ မရ။ အဲဒါကြောင့် အထီးက အမထက် ထူးတယ်လို့ ပြောမရသလို အမက အထီးထက် ထူးချင်လို့လဲ မရတော့ဘူးပေါ့။ အားနည်းချက် အားသာချက်ကိုယ်စီနဲ့ပေါ့။ သဘာဝကလည်း အဲနှစ်ခုပေါင်းမှ အသစ်တခု ပြန်ဖြစ်လို့ရတာကိုး။ ဘယ်တခုက ဘယ်တခုထက် ပိုတယ်ရယ်လို့ မရှိဘူးပလေ။ တကယ်တော့ ပုရိသရဲ့ မူလအနက်ဟာ သတ္တဝါ၊ လူ လို့ဆိုလိုတာကိုး။ အထီးပိုင်သက်သက် မဟုတ်ဖူးပလေ။ ယောက်ျားဆိုတဲ့ မြန်မာဝေါဟာရရင်းမြစ်တော့ မသိတော့ ကျားဆိုင် မဆိုင်လားဆိုတာ မကွဲဘူးပေါ့။ ဒါပေလို့ ရှေးဆရာတော်ကြီးက ဒုကုလနဲ့ ပါရိကာကို ယောက်ျားမြတ်နှစ်ယောက်လို့ သုံးသွားတာကို ကြည့်ရင်တော့ ပုရိသ ပါဠိပုဒ်လိုပဲ အထီးဆိုင်နာမ်သက်သက် မဟုတ်တာ သေချာသလောက်ပါပဲ။ အဲဒီစကားကို ကျားပိုင်လုပ်လိုက်တာကြောင့်ရော၊ မအတွက် ဝေါဟာရသက်သက် လုပ်လိုက်တာကြောင့်ရော မြန်မာလူ့အဖွဲ့အစည်းမှာလည်း ကျား၊ မ ခွဲတာ အားကောင်းလာဟန်တူပါရဲ့။ သူဆိုတဲ့ နာမ်စားဟာ ကျား၊ မ နှစ်ဦးပိုင်ဖြစ်နေတာကို ကြည့်ရင် အစက ကျား၊ မ ခွဲတာ ရှိပုံမရဘူး။ 

ဒီတော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေကို ကြည့်လိုက်ရင် ကျားနဲ့ မ စိတ်ဓာတ်အရည်အသွေးကတော့ အတူတူပဲဆိုတာ သိရပါတယ်။ အားလုံးဟာ ကိုယ်လက်အင်္ဂါ အသက်သွေးချွေး စွန့်ကြတာချင်း အတူတူပါဘဲ။ အဲဒါကို ဒါနဆိုတဲ့ ပေးဆပ်မှုမှာအမြင့်ဆုံးအရည်အသွေးဖြစ်တဲ့ ဒါနပရမတ္ထပါရမီ= ပါရမီမြောက်တဲ့စွန့်လွှွှမှု= ဘုရားလောင်းစိတ်ဓာတ်လို့ ခေါ်ကြတာပါပဲ။ အဲဒါကိုကြည့်ရင် သူတို့ဟာ ဘုရားဆုပန်နိုင်ကြသူတွေလို့ ဆိုရမှာပါ။ သူတို့သာ ဘုရားဖြစ်ချင်စိတ် ရှိရင်ပေါ့လေ။ တနည်း သံသရာကို ယုံရင်ပေါ့လေ။

ဘုရားလောင်းတွေကို လှူရ ကူရတာ အင်မတန်ကုသိုလ်ထူးမယ် မဟုတ်လား။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar