Breaking News

ကိုအောင်မှိုင်း - ညီညွတ်ရေး သို့မဟုတ်၊ စစ်အနိုင်တိုက်နိုင်ရေး - အပိုင်း ( ၁ )


ကိုအောင်မှိုင်း - ညီညွတ်ရေး သို့မဟုတ်၊ စစ်အနိုင်တိုက်နိုင်ရေး - အပိုင်း ( ၁ )

(မိုးမခ) စက်တင်ဘာ ၂၉ ၊ ၂၀၂၃


“စားဖားသမားတွေ ညီညွတ်တာ ကျွန်တော် မလိုချင်ပါဘူး၊ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီ ညီညွတ်ရေး နှစ်ခု မရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်းပဲ ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ် ဖာသည် တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော် ပြောချင်တယ်။”

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် မြို့တော်ခန်းမကြီးမှာ ကျင်းပသည့် လူထုအစည်းအဝေးကြီးမှာ မိန့်ကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း။ 

ညီညွတ်ရေးအကြောင်း ပြောရင် ဗိုလ်ချပ်အောင်ဆန်း နောက်ဆုံးပြောခဲ့တဲ့ မိန့်ခွန်းကို အမြဲသတိတရ ဖြစ်မိပါတယ်။ စားဖားတွေ အချောင်သမားတွေ ကိုယ်ကျင့်တရား ချွတ်ခြုံကျနေသူတွေဟာ ဘယ်တော့ဖြစ်ဖြစ် ကိုယ်ကျိုးအတ္တကြီးသူတွေဖြစ်လို့ ပြည်သူလူထုညီညွတ်ရေးကို ဆန့်ကျင်လေ့ ရှိကြပါတယ်။ 

ညီညွတ်ရေးဆိုတာ ပါးစပ်က ဘယ်လောက်ပြောပြော လက်တွေ့ကသာ အဆုံးအဖြတ် ဖြစ်တယ်ဆိုတာ ကျနော်တို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးက အခိုင်အမာ သိရှိကြပြီး ဖြစ်ပါတယ်။ အနှစ် ၇၀ ကြာ ပြည်တွင်းစစ်က သင်ကြားတတ်မြောက်ခဲ့တဲ့ သင်ခန်းစာလည်း ဖြစ်ကြတယ်လို့ ပြောရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ အပြန်အလှန် အသိအမှတ်ပြု ကတိကဝတ်တွေဖြစ်တဲ့ ပင်လုံညီလာခံဆုံးဖြတ်ချက်တွေဟာ ဖောက်ပြန်ရေးသမားတွေ လက်ထဲမှာ စက္ကူစုတ် ဖြစ်ခဲ့ရတာကလဲ ဆိုးဝါးလှတဲ့ သမိုင်းဆိုင်ရာ လိမ်လည်မှုကြီးတခုပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းက ဘာကြောင့် ညီညွတ်ရေးအကြောင်း ပြောရသလဲဆိုတာ မေးခွန်းတခုအဖြစ် ကျနော်တို့ မြန်မာနိုင်ငံသမိုင်းမှာ အခိုင်အမာ ပေါ်လာခဲ့ပါတယ်။ ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်းမှာကတည်းက စားဖားသမားတွေ၊ ဖောက်ပြန်ရေးသမားတွေဟာ အခိုင်အမာတည်ရှိခဲ့တာ ဖြစ်ပါတယ်။ ဗမာလူမျိုး အရေခြုံပြီး ဖုန်းကွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့  တိုင်းရင်းသားခေါင်းဆောင်တွေ မျှော်မှန်းခဲ့တဲ့ ဖက်ဒရယ်စနစ်ကို ပစ်ပယ်ပြီး တပြည်ထောင်စနစ် သွားချင်သူတွေ  ဗုဒ္ဓဘာသာနိုင်ငံ တည်ထောင်လိုသူတွေ၊ ကိုယ်ကျိုးစီးပွားသမားတွေ၊ နေရာသမားတွေ ပွဲလန့်တုန်း ဖျာဝင်ခင်းချင်သူတွေ စင်ပျောက်ပြီး စင်အောက်ရောက်နေသူတွေ စသဖြင့် ဖောက်ပြန်ရေးသမားတွေဟာ ဗမာ့နိုင်ငံရေးအဝန်းအဝိုင်းမှာ အမြောက်အမြား ဆိုသလို ရှိနေခဲ့တာဖြစ်သလို အခုလက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာလည်း ထုနဲ့ထည်နဲ့ ရှိနေတာ ဖြစ်ပါတယ်။အောင်ပွဲရပါတီအလံတခုအောက်မှာ ချုံခိုတိုက်နေကြတာ ဖြစ်သလို ချုံခိုတိုက်ဖို့ အစီအစဥ်ရှိရှိ စောင့်နေကြတယ်ဆိုတာကိုတော့ ကျနော်တို့ ကနေ့ သတိပြုဖို့ အလွန်အရေးကြီးပါတယ်။

ဗိုလ်ချုပ်က ဒီနောက်ဆုံးမိန့်ခွန်းကို ဇူလိုင်လ ၁၃ ၇က်မှာ ပြောကြားသွားခဲ့တာဆိုတော့ နောက် ၆ ရက်အကြာမှာ လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။ ကျနော် ပြောချင်တာက ဗိုလ်ချုပ်နဲ့တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေကို ကိုလိုနီနယ်ချဲ့သမားတွေနဲ့ ဗမာဖောက်ပြန်ရေးသမားတွေ ပေါင်းပြီး လုပ်ကြံခဲ့ကြတာလို့ ပြောရင် မှားမယ်မထင်ပါ။ ကျနော်တို့ သတိထားကြရမှာက ဗိုလ်ချုပ်က မသေခင်ကတည်းက စားဖားတွေ ဖောက်ပြန်ရေးသမားတွေညီညွတ်နေရင် တိုင်းပြည် ဒုက္ခရောက်မှာဖြစ်တယ်ဆိုတာ ကြိုတင်သတိထားမိကြောင်း ကျနော် ထောက်ပြချင်တာ ဖြစ်ပါတယ်။ ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်းကို ကျနော်တို့ အမြဲနှလုံးသွင်ဖို့ လိုမှာဖြစ်ပါတယ်။

ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်းမှာ အကြီးမားဆုံး အညီညွတ်ဆုံးအဖွဲ့ချုပ်ကြီးကို  ပြောပါဆိုရင် “ဖဆပလ” အဖွဲ့ချုပ်ကြီးလို့ ပြောရမှာပါ။ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးပဲ ဖြစ်ပါတယ်။ မူလက “ဖတပလ” အမည်နဲ့ ဖြစ်ပါတယ်။ ဖက်ဆစ်တိုက်ဖျက်ရေးနဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး ဖြစ်ပါတယ်။ ၁၉၄၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာ ဗိုလ်ကျော်ဇော(ရဲဘော်သုံးကျိပ်) ဦးစီးတဲ့ ပဲခူးစံပြတပ်ရင်းမှာရှိတဲ့ ဗိုလ်ကျော်ဇောရဲ့ ခုတင်ပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး သခင်စိုးတို့ လျှို့ဝှက်တွေ့ဆုံပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ဗမာ့တပ်မတော် ပြည်သူ့အရေးတော်ပုံပါတီ ဆိုတဲ့ အဖွဲ့ ၃ ဖွဲ့က ကိုယ်စားလှယ် ၃ယောက်စီနဲ့ ဖွဲ့ စည်းပြီး ဂျပန်တော်လှန်ရေးကို ဆက်နွှဲခဲ့တာ ဖြစ်ပါတယ်။ စစ်ပြီးခေတ်မှာတော့ ဖဆပလအဖွဲ့ချုပ်ကြီးဟာ အင်အားတောင့်တင်းတဲ့ တပ်ပေါင်းစုကြီး ဖြစ်ခဲ့ပါတယ်။ အဲဒီကာလမှာရှိတဲ့ နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ အားလုံးလိုလို ပါဝင်တယ်လို့ ပြောလို့ရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးလုပ်ဖို့ ဗိုလ်ချူပ်အောင်ဆန်း စစ်တပ်က ထွက်ခဲ့ပါတယ်။ ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ပြီး အရပ်သားတဦးအဖြစ် တိုင်းပြည်ကို ဦးဆောင်ခဲ့ပါတယ်။ စစ်ပြီးခေတ် နိုင်ငံရေးက ဖက်ဆစ်တိုက်ဖျက်ရေးကာလထက် နိုင်ငံရေးအရ ပိုရှုပ်ထွေးတယ်လို့ ဆိုနိုင်ပါတယ်။ ကျနော်တို့ လူမျိုးပေါင်းစုံ တိုင်းရင်းသားတွေ ညီညွတ်ရေး တည်ဆောက်နိုင်တဲ့အတွက် လွတ်လပ်ရေးရခဲ့တာဖြစ်ပြီး ကျနော်တို့ လူမျိုးပေါင်းစုံ တိုင်းရင်းသားအားလုံးအတွက် ဒီမိုကရေစီနဲ့ ညီညွတ်ရေး ပြိုလဲသွားတဲ့အခါ ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ရတဲ့သမိုင်းကတော့ အသက်တွေ၊ သွေးတွေ အရင်းတည်ပြီး ရခဲ့ကြတဲ့ သင်ခန်းစာလို့ပဲ ပြောရတော့မှာ ဖြစ်ပါတယ်။ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီက “ဗမာပြည်ကို လွတ်လပ်ရေးပေးလိုက်ရင် သွေးချောင်းစီး ပြည်တွင်းစစ်ကြီး ပေါ်လာလိမ့်မယ်”လို့ ကြိုတင်နိမိတ်ဖတ်ထားခဲ့တာလည်း သမိုင်းမှာ အထင်အရှားရှိခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ် ဖန်တီးထားတဲ့ အချက်အလက်တွေကို ကိုယ် ကြိုတင်သိသလားလို့တောင် ပြောရမလိုပါဘဲ။

စစ်ပြီးခေတ် ဗြိတိသျှအုပ်ချုပ်ရေး ပြန်စတာနဲ့ နယ်ချဲ့အင်္ဂလိပ်တွေဟာ “ဖဆပလ” အဖွဲ့ချုပ်ကြီးကို ပစ်မှတ်ထားတိုက်ခိုက်ပါတော့တယ်။ “ဖဆပလ”အဖွဲ့ချုပ်ကြီးအတွင်း ညီညွတ်ရေးကို နည်းမျိုးစုံသုံး ဖြိုခွဲဖို့ ကြိုးစားခဲ့တယ်။ ဘုရင်ခံအမှုဆောင်ကောင်စီ ရာထူးပြပြီး  ဖြိုခွဲတဲ့အခါ (ဝင်ပြင်) တချို့ စကားလှလှလေးသုံးပြီး အနည်းစု ပဲ့ပါသွားခဲ့တယ်။ တခါ အင်မတန် ကောက်ကျစ်ယုတ်မာတဲ့ နည်းကို သုံးပြီး ဗိုလ်ချုပ်အောင်ဆန်းကို စစ်အတွင်း လူသတ်မှုနဲ့ ကြိုးစင်တင်ဖို့ ကြိုးစားပြန်ပါတယ်။ မအောင်မြင်ခဲ့ပါ။ သခင်ထွန်းအုပ် လို အာဏာလောဘကြီးသူတယောက်ကို နိုင်ငံခြားအကျဥ်းထောင်ထဲ ထည့်ထားရာက ပြန်ခေါ်ပြီး ဝန်ကြီးနေရာပေးကာ နယ်ချဲ့အလိုကျ သစ္စာဖောက်တယောက်အဖြစ် အသုံးတော်ခံစေခဲ့ပါတယ်။ လူထုဆန့်ကျင်တာ ခံရပြီး အင်္ဂလိပ်နယ်ချဲ့အစိုးရ အလိုကျ မအောင်မြင်ခဲ့ပါ။

နောက်တခါ ဦးစောကို ယူဂန်ဒါ အကျဥ်းထောင်က ထုတ်ပြီး ဝန်ကြီး နေရာပေး မွေးမြူပြန်ပါတယ်။ ဒီအခါမှာတော့ အင်္ဂလိပ်အစိုးရဟာ ပြောင်ပြောင်တင်းတင်းဘဲ လက်နက်တွေ ခိုးထုတ်ပေးခဲ့ပါတယ်။ သမိုင်းမှာ အင်မတန်အရုပ်ဆိုးတဲ့ ဗမာနိုင်ငံ ပြည်တွင်းစစ်ကို ဖန်တီးဘို့ အစီအမံတခုပါပဲ။ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင် ဗိုလ်ချုပ်နဲ့တကွ အမျိုးသားခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ်ဖို့ အစီအစဥ်ရှိရှိ လုပ်ခဲ့ကြတာ ထင်ရှားပါတယ်။ ကျနော်တို့အမြင်ကတော့ ညီညွတ်ရေးဆိုတာ ညီညွတ်ချင်သူနဲ့ မညီညွတ်ချင်သူကြား တိုက်ပွဲလို့ ပြောလိုပါတယ်။ နှစ်ခုလုံးကလည်း အကျိုးစီးပွားတွေအပေါ် အခြေပြုကြတာ ဖြစ်ပါတယ်။ ဆိုလိုတာက ညီညွတ်ချင်သူတွေက ပြည်သူလူထု အကျိုးစီးပွားပေါ် အခြေပြုလေ့ရှိပြီး မညီညွတ်ချင်သူတွေကတော့ တဦးချင်း အကျိုးစီးပွားပေါ် အခြေပြုလေ့ရှိတာ တွေ့ ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လတ်တလော နိုင်ငံရေးအခင်းအကျင်းအရ  ညီညွတ်ရေးအကြောင်း ပြောတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်း သဘောထားအတိုင်း ပြောကြရလိမ့်မယ်လို့ ယူဆပါတယ်။ အဲဒါကတော့ စားဖားတွေ ဖောက်ပြန်ရေးသမားတွေ ကိုယ်ကျိုးရှာသမားတွေ ကိုယ်ကျင့်တရား ပျက်စီးယိုယွင်းသူတွေ ညီညွတ်တာ မလိုချင်ဘူး။ တော်လှန်တဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ညီညွတ်ရေးကိုသာ လိုချင်မိပါတယ်။ ဒါမှလည်း စစ်အနိုင်တိုက်နိုင်မှာ ဖြစ်ပါတယ်။


ကျမ်းကိုး

၁။ ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း၊ ဗန်းမော်တင်အောင်

၂။ ကိုလိုနီခေတ် မြန်မာနိုင်ငံအဘိဓာန်၊ မြဟန်

၃။ အမှောင်ကြားက ဗမာပြည်၊ ဝင်းတင့်ထွန်း

၄။ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ၊ ၁၇.၃.၄၅ မှ ၁၉.၇.၄၇ အထိ



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar