Breaking News

သီအိုဇော် - ပြည်သူများ၏ နာကြည်းမုန်းတီး စက်ဆုပ်ရွံရှာမှုနှင့် အာဏာရှင်နိဂုံး


သီအိုဇော် - ပြည်သူများ၏ နာကြည်းမုန်းတီး စက်ဆုပ်ရွံရှာမှုနှင့် အာဏာရှင်နိဂုံး

(မိုးမခ) စက်တင်ဘာ ၅ ၊ ၂၀၂၃


အာဏာရှင်တို့ရဲ့ ဇာတ်သိမ်းခန်းအကြောင်း စဉ်းစားမိတဲ့အခါ သူတို့ကိုယ်တိုင် အိပ်မက်မထားတဲ့ နိဂုံးအဆုံးသတ်၊ ပြည်သူတွေဘက်ကလည်း ဘယ်လိုပဲ ဖြစ်စေချင်တဲ့ ဆန္ဒကျိတ်ပြီးရှိနေခဲ့ပါစေ၊ မျှော်လင့်မထားရဲခဲ့ကြတဲ့ ဇာတ်သိမ်း၊ နိုင်ငံတကာအနေနဲ့လည်း အငိုက်မိ အံ့အားသင့်သွားရတဲ့ အလှည့်အပြောင်းတွေ ဖြစ်ပျက်ခဲ့တာကို သတိပြုမိပါတယ်။

ဇာတ်သိမ်းမကောင်းကြတဲ့ အာဏာရှင်တွေထဲက ပြည်သူတွေရဲ့ ခါးသီးလှတဲ့ အမုန်းကို ပူးတွဲရယူသွားကြသူ ရိုမေးနီးယား အာဏာရှင် ဇနီးမောင်နှံအကြောင်းက သင်ခန်းစာယူစရာတခုလို့ မြင်မိပါတယ်။ သူတို့ဟာ တိုင်းပြည် ဘဏ္ဍာကို ကိုယ်ပိုင်ပစ္စည်းလို သဘောထား အလွဲသုံးစား ပြုလုပ်ကြရုံမျှသာမက ပြည်သူပြည်သားတွေ ခံစားနေရတဲ့ ဒုက္ခဆင်းရဲကို ဥပေက္ခာပြုကြသူများ၊ မှားယွင်းတဲ့ စီမံခန့်ခွဲမှုများအတွက် တာဝန်ရှိကြသလို  ရက်စက်စွာ ဖိနှိပ် အုပ်ချုပ်ကြသူများလည်း ဖြစ်ကြတဲ့အတွက် ဒီလို တုံ့ပြန်မှုတွေ ခံကြရတာ မဆန်းဘူးလို့တောင် ပြောနိုင်ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ပြီးရင် ကမ္ဘာမှာ ဒုတိယအကြီးဆုံး အုပ်ချုပ်ရေး ရုံးအဆောက်အဦလို့ သတ်မှတ်ထားကြတာက ရိုမေးနီးယားနိုင်ငံ ဘူခါရက်စ် မြို့တော်က ပါလီမန်နန်းတော်ပါ။ စီးပွားရေး အလွန်အမင်း ကျဆင်းတဲ့ကာလ၊ အစားအစာ၊ လျှပ်စစ်မီးနဲ့ လောင်စာဆီကို ခွဲတမ်းချ နေထိုင်စားသောက်ရလောက်အောင် ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်နေရတဲ့ကြားက ဒီလိုတန်ဖိုးကြီးမားလှတဲ့ အဆောက်အဦကို အာဏာရှင် နီကိုလိုင်ချောင်ဆက်စကူးက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

အာဏာရှင် နီကိုလိုင်ချောင်ဆက်စကူးနဲ့ မိသားစုတို့ နေထိုင်ကြတဲ့ စံအိမ်တခုလည်းရှိပြီး နွေဦးနန်းတော် (Spring Palace) သို့မဟုတ် Primaverii Palace လို့ လူသိများပါတယ်။ အခုတော့ ကြည့်ရှုလိုသူများအတွက် ပြတိုက်တခု အဖြစ် ဖွင့်လှစ်ထားပါတယ်။ အခန်း ၈၀ ပါဝင်ပြီး တန်ဖိုးကြီးပရိဘောဂများ၊ ပန်းချီကားများ၊ ဇိမ်ခံပစ္စည်း အသုံးအဆောင်များ ထည့်သွင်းထားပါတယ်။ အဲဒီအထဲကမှ ရွှေနဲ့တန်ဆာဆင်ထားတဲ့ ရေချိုးခန်းကတော့ ပြောစမှတ် ပြုစရာ တခုလို့ ဆိုရပါမယ်။

ပြည်သူတွေက ဆင်းရဲပြီး အာဏာရှင်က အဆမတန် ချမ်းသာနေမှုက ရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်မှု ကွာဟချက်ကို ဖော်ပြနေတာမျိုးမျှသာ မဟုတ်တော့ဘဲ အာဏာရှင် ခြယ်လှယ်ထင်ရာစိုင်းသမျှ ပြည်သူတွေ ခေါင်းငုံ့ခံကြရတယ် ဆိုတာကိုလည်း ညွှန်ပြနေပါတယ်။ ချောင်ဆက်စကူးလက်ထက် အထူးလျှို့ဝှက်ရဲတပ်ဖွဲ့ ဆိုတာက လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းမှုမျိုးစုံအတွက် အမည်ဆိုးနဲ့ နာမည်ကြီးပြီး ရိုမေးနီးယားပြည်သူတွေကို အကြောက်တရား သွတ်သွင်းထားခဲ့ပါတယ်။

သတင်းပေးများစွာ မြှုပ်နှံအသုံးပြုတာကို ပြည်သူတို့ သိရှိထားတဲ့အတွက် လွတ်လပ်မှုမရှိဘဲ သံသယစိတ်နဲ့ ပြောဆိုဆက်ဆံကြရပါတယ်။ နိုင်ငံခြား တယ်လီဖုန်းခေါ်ဆိုမှုအတွက် ခွင့်ပြုချက်တောင်းခံဖို့ လိုအပ်တာ၊ ပြောဆိုတဲ့ အကြောင်းအရာကို ပြန်လည်သတင်းပို့ရတာ၊ သန္ဓေတားဆေး အသုံးပြုခြင်းကို တရားမဝင်အဖြစ် သတ်မှတ်တာမျိုးတို့လို ထိန်းချုပ်ကန့်သတ်မှုများစွာကြားမှာ မလွတ်မလပ် နေထိုင်ကြရတာပါ။ ဒီလိုတရားလက်လွတ် အနုနည်းရော အကြမ်းနည်းနဲ့ပါ လှည့်ဖြားနှိပ်စက်၊ လူ့အခွင့်အရေးဖောက်ဖျက် ဖိနှိပ်အုပ်ချုပ်သူတွေကို ပြည်သူက စက်ဆုပ်ရွံရှာမုန်းတီးကြပြီး ခေါင်းငုံ့သည်းခံမနေနိုင်ကြတော့တဲ့ နေ့ရက်ကို ရောက်ရှိလာပါတော့တယ်။

ကွန်မြူနစ်စနစ်နဲ့ အာဏာရှင် ချောင်ဆက်စကူးအပေါ် အုံကြွဆန္ဒပြမှုတွေ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလလယ်မှာ ‘တင်မီရွှာရာ’ (Timisoara)မြို့ကနေ အစပြုခဲ့ပါတယ်။ ဒီမြို့က မြို့တော် ဘူခါရက်စ်နဲ့ ကီလိုမီတာ ငါးရာကျော် ကွာဝေးပေမယ့် ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲမှုကြောင့် ဆန္ဒပြမှုတွေက တခြားမြို့ကြီးတွေကိုလည်း ကူးစက် ပျံ့နှံ့သွားခဲ့ပါတယ်။ တင်မီရွှာရာ ဆန္ဒပြပွဲတွေကို ပစ်ခတ်နှိမ်နင်းခဲ့ပြီး သေဆုံးခဲ့ကြသူတွေအထဲမှာ အသက်အငယ်ဆုံးအနေနဲ့ ခရစ်တီနား လွန်ဂူ (Christina Lungu)ဆိုတဲ့ ၂ နှစ်သမီးအရွယ် ကလေးငယ်လည်း ပါရှိခဲ့ပါတယ်။

ချောင်ဆက်စကူးက ဒီလူထုအုံကြွမှုအပေါ် အင်အားသုံး ဖြိုခွင်းနိုင်လိမ့်မယ်လို့ ခပ်လွယ်လွယ်ပဲ အစက ယုံကြည်ထားခဲ့တဲ့ပုံပါပဲ။ ဘာကြောင့်လဲဆိုတော့ အီရန်နိုင်ငံခရီးစဉ်ကို စီစဉ်ထားတဲ့အတိုင်း ဒီဇင်ဘာ ၁၈ ရက်နေ့က ထွက်ခွာသွားခဲ့ပြီး ၂၁ ရက်နေ့မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

အာဏာရှင်တို့ရဲ့ လုပ်ထုံးလုပ်နည်းအရ ဒီဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲပြပြီး အကြောက်တရား ထည့်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ သေဆုံးသူ အရေအတွက် မှတ်တမ်းများက တနေရာနဲ့တနေရာ ကွဲပြားမှုတွေရှိပြီး The Cambridge History of Communism ကို ကိုးကားရရင်တော့ စုစုပေါင်း သေဆုံးခဲ့သူ ၁,၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ချောင်ဆက်စကူး အီရန်နိုင်ငံက ပြန်ရောက်တဲ့အခါ အာဏာရှင်လက်စွဲလမ်းညွှန်အတိုင်းလို့ ပြောရမယ့် တန်ပြန် ထောက်ခံဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ပြည်သူတွေရဲ့ ခံစားမှုကို နားမလည်သလို အသိဉာဏ်ကိုလည်း လျှော့တွက်ခဲ့မိတဲ့ အကျိုးဆက်အနေနဲ့ ပိုကြီးမားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့မှာပဲ ချောင်ဆက်စကူးက ဘူခါရက်စ်မြို့မှာ တန်ပြန်ဆန္ဒပြပွဲကို စီစဉ်ထားတာပါ။ သူ့ကို ဆန့်ကျင်သူများအပေါ် ဖက်ဆစ် ရန်လိုသူတွေလို့ ချောင်ဆက်စကူးက စွပ်စွဲခဲ့ပြီး ဆိုရှယ်လစ်စနစ်ကို ဖျက်ဆီးဖို့ ကြိုးစားသူတွေလို့ ခေါ်ဝေါ်သမုတ်တဲ့အခါ အောက်က နားထောင်နေတဲ့ လူအုပ်ကြီးက သူ့ကို ပြန်လည်အော်ဟစ်လှောင်ပြောင်ခဲ့ကြတဲ့အတွက် ချောင်ဆက်စကူး အံ့ဩမှင်တက်သွားခဲ့ရပါတယ်။ ဒါကို ရုပ်မြင်သံကြား တိုက်ရိုက်လွှင့်ပြနေတာ ဖြစ်တဲ့အတွက် လူအများ မြင်တွေ့ခဲ့ရပါတယ်။ ဒီနောက်မှာတော့ လူအုပ်ကြီးလည်း ပစ်ခတ်ဖြိုခွင်းခံရပါတော့တယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့မှာတော့ ဆန္ဒပြလူအုပ်ကြီးက ဘူခါရက်စ်မြို့က ရိုမေးနီးယား ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၈ မိနစ်မှာ ချောင်ဆက်စကူးတို့ ဒီဌာနချုပ်ကနေ ရဟတ်ယာဉ်နဲ့ ထွက်ပြေးခဲ့ရကာ နောက်ဆုံးမှာတော့ ချောင်ဆက်စကူးနဲ့ သူ့ဇနီး အယ်လီနာတို့ ဖမ်းဆီးခံခဲ့ကြရပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ အချိန်တနာရီဝန်းကျင်သာကြာတဲ့ ခုံရုံးတင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး သေဒဏ် အပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ အဲဒီနေ့ ညနေ ၄ နာရီမှာပဲ သေဒဏ်အပြစ်ပေးခံရခဲ့တဲ့ ရိုမေးနီးယားနိုင်ငံကို ၂၅ နှစ်ဝန်းကျင် အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့သူ ချောင်ဆက်စကူးတို့ ဇနီးမောင်နှံရဲ့ ဇာတ်သိမ်းကတော့ မလှပခဲ့ဘူးလို့သာ ပြောရပါမယ်။

အာဏာရှင် ချောင်ဆက်စကူးနဲ့အတူ ဆယ်စုနှစ်များစွာ အမြစ်တွယ်ခဲ့တဲ့ ကွန်မြူနစ်စနစ်လည်း လိုက်ပါကျရှုံးသွားခဲ့တဲ့ ဒီလူထုတော်လှန်ရေးအကြောင်း ပြောဆိုကြတဲ့အခါ ပြောင်းလဲနေတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း၊ ပြည်တွင်းနိုင်ငံရေး ရှုပ်ထွေးမှု၊ အားပြိုင်မှုတွေ စတာတွေကိုလည်း ထည့်သွင်းဆန်းစစ်ဖို့ လိုအပ်ပေမယ့် ဒီဆောင်းပါး ဦးတည်ချက်နဲ့ မဆက်စပ်တဲ့အတွက် ချန်လှပ်ထားခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ အာဏာရှင်တို့ ပြုတ်ကျခါနီးမှာ သူတို့ကိုယ်တိုင် မရိပ်စားမိခဲ့ဘဲ လျှော့တွက်ထားခဲ့ကြတဲ့၊ ပြည်သူလူထုရင်ထဲက  အကြောက်တရားကို ကျော်လွန်သွားခဲ့တဲ့ အမုန်းတရားရဲ့ အရေးပါမှုအကြောင်းကို အဓိက မီးမောင်းထိုးပြလိုပါတယ်။

အာဏာရှင်များကို ဖြုတ်ချပြီး တော်လှန်ရေးတခု အောင်မြင်ပြီးဆုံးသွားတဲ့ နောက်ပိုင်းမှာ ရှုထောင့်မျိုးစုံနဲ့ လေ့လာသုံးသပ်မှုတွေ ရှိတတ်ကြပါတယ်။ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ၊ အချိန်ကာလ၊ ရေခံမြေခံအကြောင်းတရားများ၊ ပေးထားချက်များ တထပ်တည်း မကျနိုင်တဲ့အတွက် ပုံသေနည်းတခုလို ထပ်တူပြု အဖြေမထုတ်ပေးနိုင်တာမျိုးကလည်း သဘာဝကျပါတယ်။

ဒါပေမဲ့ လျစ်လျူရှုလို့မရတဲ့ အချက်တခုကိုတော့ လက်ခံကြရလိမ့်မယ် ထင်ပါတယ်။ ဒါကတော့ ဒီအာဏာရှင်တွေအပေါ် ပြည်သူလူထုရဲ့ ရွံရှာမုန်းတီး စက်ဆုပ်နာကြည်းမှု ဒီဂရီအတိုင်းအတာကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ် ဆိုတာကိုပါ။ သာမန်အုံကြွမှုမျိုး သက်သက်မဟုတ်တော့ဘဲ မုန်းတီးနာကြည်းမှု အထွတ်အထိပ် ရောက်သွားတဲ့အခါမျိုးမှာတော့ ချောင်ဆက်စကူး၊ မားကိုစ့်တို့လို အာဏာရှင်တွေရဲ့ ဇာတ်သိမ်းခန်းက ရှောင်လွှဲလို့မရပဲ ကပ်ပါလာပါတော့တယ်။

ပြောကြရစတမ်းဆိုရင် အာဏာရှင် ချောင်ဆက်စကူးနဲ့ မားကိုစ့်ဟာ အာဏာလက်ဝယ်ရရှိခါစ အစောပိုင်း ကာလတွေမှာ သူတို့ပြည်သူလူထုရဲ့ ထောက်ခံမှုရရှိခဲ့သူများ၊ လူကြိုက်များခဲ့ကြသူများ ဖြစ်ခဲ့ပါသေးတယ်။ ဒီအာဏာရှင်တွေလိုလည်း တာထွက်မကောင်းတဲ့ကြားက ပြည်သူများရဲ့ ရွံရှာမုန်းတီး စက်ဆုပ်နာကြည်းမှု အထွတ်အထိပ်နဲ့ ရင်ဆိုင်ကြုံတွေ့ရပြီ ဆိုရင်တော့ ဘယ်အာဏာရှင်မှ နိဂုံးလှနိုင်ကြမှာ မဟုတ်ဘူးဆိုတာက သိသာထင်ရှားပါတယ်။

အာဏာရှင်တွေရဲ့ နောက်ဆုံးရက်များဟာ သမားရိုးကျ ဇာတ်ညွှန်းများလို ဇာတ်ဝင်ခန်း တခန်းပြီးတော့တခန်း လွယ်လွယ်ကူကူ ခန့်မှန်းလို့ ရတာမျိုးတော့ မဟုတ်ပါဘူး။ ရုတ်ခြည်း ကောက်ကာငင်ကာ ပြောင်းလဲ ဖြစ်ပေါ်မှုများ၊ တွက်ဆမထားတဲ့ အလှည့်အပြောင်းများကို တွေ့မြင်ကြရတတ်ပါတယ်။ အဆင်းကို ဘီးတပ်ပေးသလို ဖြစ်စေတဲ့ အာဏာရှင် အခြေပိုပျက်သွားစေနိုင်တဲ့ အကြောင်းအချက်တွေကလည်း တမုဟုတ်ချင်း ဆက်တိုက်ဆိုသလို ဖြစ် ပေါ်လာတတ်ပြီး အာဏာကို ဆက်လက် ဆုပ်ကိုင်ထားဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့တဲ့ အခြေအနေကို ဆိုက်ရောက်သွားစေတတ်ပါတယ်။

ဒီလိုအခြေအနေတွေကို တွန်းပို့ပေးလိုက်တာကတော့ ပြည်သူလူထုရင်ထဲက အရှိန်အဟုန်ကြီးမားစွာ လောင်မြိုက်နေတဲ့ ရွံရှာနာကြည်း ခါးသီးလှတဲ့ အမုန်းမီးတောက်များကြောင့်ပဲလို့ ကောက်ချက်ချနိုင်ပါတယ်။ ဘယ်တိုင်းပြည်မှာမဆို မကျေနပ်မှုအရင်းခံတဲ့ ဆန္ဒပြမှုကြီးငယ် ပေါ်ပေါက်လေ့ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အာဏာရှင်တို့ရဲ့ နောက်ဆုံးနေ့ရက်များမှာ ပေါက်ဖွားခဲ့တဲ့ ပြည်သူ့ရင်ထဲက မုန်းတီးမှုရေချိန်ကိုတော့ မမီနိုင်ကြပါဘူး။

ဒီလိုအမုန်းတရား အထွတ်အထိပ်ကို ချောင်ဆက်စကူးနဲ့ မားကိုစ့်တို့လို အာဏာရှင်တွေ ဇာတ်သိမ်းခါနီးမှာ တွေ့မြင်ခဲ့ရပါတယ်။ ဒီအခြေအနေမှာ အာဏာရှင်ကို ဝန်းရံကြသူများကိုယ်တိုင်က အာဏာရှင်အပေါ်  ယုံကြည်မှု ကင်းမဲ့လာကုန်ကြပြီး ဘယ်သူမှ မျှော်လင့်မထားတဲ့ အရွေ့တွေ ဆင့်ကဲဖြစ်ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတို့ရဲ့ အမုန်းမီးလျှံ အရှိန်အဟုန်ကြီးကြီးနဲ့ ဆက်လက်တောက်လောင်နေသရွေ့  နိဂုံးမလှနိုင်တဲ့ အာဏာရှင် ဇာတ်သိမ်းခန်းဟာ အနှေးနဲ့ အမြန်ပဲလို့  မှတ်ချက်ပြုနိုင်ပါတယ်။

ချောင်ဆက်စကူးနဲ့ အယ်လီနာ ခန္ဓာကိုယ်မှာ ကျည်ဆန် ၁၂၀ ဖောက်ထွင်းသွားခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ဒီကျည်ချက်တွေနဲ့ လူ့လောကကို စွန့်ခွာသွားကြရတာ မှန်ကန်ပေမယ့် ရိုမေးနီးယား နိုင်ငံသူ နိုင်ငံသားများရဲ့ သန်းပေါင်းများစွာသော နာကြည်းမုန်းတီးမှုကျည်ဆန်များနဲ့ ပစ်လွှတ်တော်လှန်ခဲ့မှုကသာ လက်မရွံ့ပစ်ခတ်သူများရဲ့ ကျည်လာရာလမ်းတည့်တည့်မှာ အာဏာရှင် အညံ့ခံ ဇီဝိန်ချုပ်ငြိမ်းစေရတဲ့ အခြေခံအကြောင်းရင်း ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar