အောက်တိုဘာ ၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့ရဲ့ တပြိုင်နက်တည်း တိုက်ခိုက်မှုနဲ့ အလားအလာ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၇ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၂၃
အောက်တိုဘာ ၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့ရဲ့ တပြိုင်နက်တည်း တိုက်ခိုက်မှုနဲ့ အလားအလာ
အောက်တိုဘာ ၂၇ ရက်နေ့ နံနက်စောစောပိုင်းမှာ မြန်မာနိုင်ငံအရှေ့မြောက် ဒေသမှာ အခြေစိုက်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်တဲ့ တအန်းအမျိုးသားလွတ်မြောက်ရေး တပ် TNLA၊ ကိုးကန့်လက်နက်ကိုင်တပ် MNDAA၊ ရက္ခိုင်တပ်တော် AA တွေက ကိုးကန့်ဒေသ ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ လားရှိုးမြို့ တွေရဲ့ အနီးက တပ်စခန်းတွေ၊ အဝေးပြေးလမ်း ယာဥ်အသုံးပြုခကောက်ခံတဲ့ ဂိတ်တွေကိုတပြိုင်နက်ထဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း မှာ အခုလို တိုက်ခိုက်တဲ့နေ့မှာပဲ ကရင်ပြည်နယ် ကော့ကရိတ်မြို့ကိုလည်း KNLA နဲ့ PDF အဖွဲ့တွေ ပူးပေါင်းပြီး တကျော့ပြန် တိုက်ခိုက်ခဲ့တာ ဖြစ်လို့ တိုက်ဆိုင်မှုဆိုတာထက် တိုင်ပင်ညှိနှိုင်းထားတဲ့ တိုက်ခိုက်မှု အသွင်လည်းဆောင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အင်အားအကြီးဆုံး လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ KIA ကတော့ အောက်တိုဘာ ၂၇ ရက်နေ့ တိုက်ပွဲမှာ ပါဝင်တာမတွေ့ရဘဲ နကိုရှိရင်းစွဲ လိုင်ဇာမြို့နဲ့ ဆက်စပ်နေတဲ့ ဒေသတွေမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေ တိုက်ခိုက်နေတာသာ တွေ့ရမှာ ဖြစ်ပါတယ်။
အခုလို မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့လို့ဆိုကြတဲ့ TNLA, MNDAA နဲ့ AA တို့အနက် အခုတိုက်ခိုက်မှုမှာ အဓိက အကျိုးအမြတ်က MNDAA ဖြစ်မယ့် သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ ၂၀၀၉ ခုနှစ်က ကိုးကန့်ဒေသမှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့တိုက်တွန်းမှုကို လက်မခံခဲ့တဲ့ ကိစ္စကနေ ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ကို နအဖ စစ်အစိုးရက အင်အားနဲ့ ဖယ်ရှားပြီး ၄င်းတို့ သြဇာခံမယ့်သူတွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာပိုင်အဖြစ်တင်မြှောက်ပြီး စစ်ကောင်စီက ထိန်းချုပ်ခဲ့တာဖြစ်ပြီး MNDAA အနေနဲ့ ၄င်းတို့အာဏာပြန်လည်ရရှိဖို့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကျော် အတွင်း တကြိမ်မကကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတကြိမ် ပြန်လည်တိုက်ခိုက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ရာက စစ်အာဏာသိမ်းပြီးနောက် ယခုအချိန်မှာ ကိုးကန့်ဒေသကို စစ်အင်အားနဲ့ ထိန်းချုပ်နိုင်ဖို့ တိုက်ခိုက်တာဖြစ်ပါတယ်။
MNDAA လို့အတိုကောက်ခေါ်ဆိုတဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကျော် ကာလအတွင်း လူအင်အားစုဆောင်းတာ၊ လက်နက်စုဆောင်းတာ အရှေ့မြောက်ပိုင်း ဒေသအချို့မှာ မကြာမကြာ တိုက်ပွဲဖော်ဆောင်ပြီး အင်အားနဲ့ ထိန်းချုပ်နယ်မြေ တိုးချဲ့ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့ တိုက်ခိုက်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ မြောက်ပိုင်း ၃ ဖွဲ့က ထုတ်ပြန်ချက်ထုတ်ရာမှာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တရုတ်နိုင်ငံနယ်စပ်မှာ ကျယ်ပြန့်ပျံ့နှံ့လာနေတဲ့ ကျားဖျန့်လို့ တရုတ်ဘာသာနဲ့ ခေါ်ဆိုတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ အဲဒီငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ကောင်စီ တပ်တွေနဲ့ ၄င်းတို့မဟာမိတ် ပြည်သူ့စစ်တွေကိုတိုက်ခိုက်ရတာလို့ ဖေါ်ပြထားပါတယ်။ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေဟာ ကာစီနို လောင်းကစားဝိုင်း လုပ်ငန်းတွေနဲ့ မျက်နှာဖုံးအကာအကွယ်ယူကာ ဒေသတွင်းနဲ့ ကမ္ဘာ့နေရာအသီးသီးက အင်တာနက်သုံးစွဲသူတွေကို အွန်လိုင်းကနေ ငွေကြေးလိမ်လည်ဖို့ လုပ်ကိုင်မယ့် ဝန်ထမ်းတွေကို ဖြားယောင်း ခေါ်ယူပြီး နောက်လူကုန်ကူးသလို ကျေးကျွန်ခိုင်းစေသလို ပိတ်လှောင်ထားပြီး လုပ်ကိုင်တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အခုလိုလုပ်ငန်းတွေနဲ့ ကျွမ်းကျင်သူတွေက တရားဥပဒေ စိုးမိုးမှုမရှိတဲ့ နယ်စပ်ဒေသက လက်နက်ကိုင် အဖွဲ့ထိန်းချုပ်ဧရိယာတွေကို ရွေးချယ်နေထိုင်ပြီး လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
အခုလို လက်နက်ကိုင် တိုက်ပွဲကို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နှင်းဖို့ ရည်ရွယ်ချက်ကို ဦးစားပေးဖော်ပြပြီး ကြေညာခြင်းဟာ နိုင်ငံရေးရှုထောင့်ကကြည့်ရင် ထူးခြားနေတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ အခု တိုက်ခိုက်မှုမှာ ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့စလုံးဟာ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိကြတဲ့ အဖွဲ့တွေဖြစ်ပြီး လက်နက် ဝယ်ယူရရှိဖို့၊ နယ်မြေထိစပ်မှုအရ အားကိုးအားထားရမှုတွေ ကြောင့် တရုတ်နိုင်ငံနဲ့ မျက်နှာမပျက်တဲ့ ဆက်ဆံရေးမျိုးထိန်းသိမ်းထားကြတဲ့ အဖွဲ့တွေချည်း ဖြစ်ပါတယ်။ အခုလိုစစ်ဆင်ရေးကို တရုတ်နိုင်ငံက ကြိုတင်သိရှိတာ၊ ထောက်ခံတာ ၊ မီးစိမ်းပြ တာတွေအထိ ရှိနိုင်တယ်လို့ အချို့သော အကဲခတ်သူတွေက ခန့်မှန်းကြပေမယ့် တိကျတဲ့ အထောက်အထားတော့ မတွေ့ရပါဘူး။ တိုက်ပွဲဖြစ်ပွားပြီး ၂၄ နာရီမပြည့်ခင်မှာပဲ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူက ယခုဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ အပစ်ရပ်ပြီး နှစ်ဘက်ဆွေးနွေးကြဖို့ တိုက်တွန်းပြောဆိုလိုက်တယ်လို့ သတင်းတွေထဲ ဖတ်ရှုရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့အနေနဲ့ အခုလို စစ်ဆင်ရေး မလုပ်မီတရုတ်နိုင်ငံကို ကြိုအသိပေးတာမျိုး၊ သဘောတူညီမှုမျိုး ရှိနိုင်တယ်လို့ အချို့အကဲခတ်သူတွေက ထင်မြင်ယူဆကြပေမယ့် တဖက်က ကြည့်ရင်တော့ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ အချက်က၄င်းတို့အတွက်အရေးကြီး ပေမယ့်လည်း၊ အဲဒီအနေအထားမျိုးအထိ တရုတ်နိုင်ငံရဲ့ သြဇာခံ အဖွဲ့အစည်းမျိုးတော့ မဟုတ်ကြဘူးလို့ ယူဆရပါတယ်။ မိမိတို့ရဲ့ စစ်ဆင်ရေးကို မိမိတို့ဘာသာ ဆုံးဖြတ်ခွင့်ရှိတယ်လို့ ယူဆထားကြမှာ ဖြစ်ပါတယ်။
ကိုးကန့်လက်နက်ကိုင် အဖွဲ့အနေနဲ့ နိုင်ငံရေး ရည်မှန်းချက် တနည်းအားဖြင့် ကိုးကန့်ဒေသရဲ့ အုပ်ချုပ်ခွင့်အာဏာကို ပြန်ရယူဖို့ကြိုးစားရာမှာ တရုတ်နိုင်ငံက လတ်တလော နှိမ်နှင်းဖို့အရေးတကြီးထားနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နှင်းဖို့ တိုက်ခိုက်ရတာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်က နယ်စပ်မတည်မငြိမ်ဖြစ်မှုတွေကြောင့် တရုတ်နိုင်ငံရဲ့ ဆန့်ကျင်မှုမခံရအောင် မျက်နှာချိုသွေးတာလို့ ယူဆရမယ့် သဘောလည်း ဖြစ်ပါတယ်။
အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှာ မူဆယ်ကုန်သွယ်ရေး ဇုန် ၁၀၅ မိုင်ဂိတ်၊ မူဆယ် လားရှိုး ကုန်သွယ်ရေးလမ်းက တံတားတချို့ကို အခု တကြိမ်လို တိုက်ပွဲဖေါ်ဆောင်ကြတဲ့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နဲ့ KIA တို့ ဖောက်ခွဲဖျက်ဆီးခဲ့ပြီး သီတင်းပတ်အတန်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က လားရှိုး နဲ့ မူဆယ် လမ်းကြောင်းကို အဓိကထားတိုက်ခိုက်တာ ဖြစ်ပြီး အခုတကြိမ်မှာတော့ လားရှိုး၊ နမ့်ခမ်းနဲ့ ချင်းရွှေဟော် တို့ကို တိုက်ခိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တပြိုင်နက်ထဲ တိုက်ခိုက်ခဲ့ရင် စစ်ကောင်စီ အနေနဲ့ စစ်မျက်နှာအားလုံးမှာ ခုခံကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ ကောက်ချက်က သာမန် အရပ်သားတယောက်တောင် စဥ်းစားဆင်ခြင်နိုင်တဲ့ အလွယ်ကူဆုံး ကောက်ချက်ဖြစ်ပေမယ့် ဘာကြောင့် အဲလို တပြိုင်နက် မတိုက်ခိုက်နိုင်ကြတာလဲဆိုတဲ့ မေးခွန်းကတော့ ရိုးရှင်းတဲ့ အဖြေမဟုတ်တော့ဘဲ ချဥ်းကပ်မှု အမျိုးမျိုး ရှုထောင့်အမျိုးမျိုးနဲ့ အတိတ်က ဖြစ်ရပ်တွေ မယုံကြည်မှုတွေ၊ အပြောနဲ့ နောက်ကွယ်က ရည်ရွယ်ချက် မတူတဲ့ နိုင်ငံရေးရဲ့ သဘောသဘာဝတွေ နဲ့ ဖြေရမယ့်အဖြေ ဖြစ်ပါလိမ့်မယ်။ ဖက်ဒရယ် ဒီမိုကရေစီ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် စတဲ့စကားလုံးတွေကို ဘယ်လို မှတ်ယူနားလည်သလဲဆိုတဲ့ အချက်က ပြည်မ နိုင်ငံရေး စစ်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသား နိုင်ငံရေး စစ်ရေးအင်အားစုတွေအကြား မတူညီတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် နဲ့ မတူညီတဲ့ ရည်မှန်းချက်တွေ ရှိနေကြလို့ဖြစ်နိုင်တယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၂ မှာ NUG, NUCC နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ ၏ တစုတစည်းတည်း ရှိတယ်ဆိုတဲ့ ပရတ် ပြန်ကြားချက် ၁၀ ချက်ကို ထုတ်ခဲ့စဉ်က နိုင်ငံတကာအနေနဲ့ မြန်မာပြည်တွင်းရှိ တိုင်းရင်းသား ERO များ၊ ပေါ်ထွန်းလာနေသည့် ဖယ်ဒရယ်ယူနစ်အလိုက် ကြားကာလပြည်နယ်အဆင့် အုပ်ချုပ်မှု စတဲ့ နွေဦးတော်လှန်ရေးအင်အားစုအသီးသီးကို လက်ခံဆွေးနွေးကြဖို့ အသိအမှတ်ပြုကြဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တာနဲ့ ဆက်စပ်တဲ့ အရွေ့တွေကိုလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar