စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း ကလေး ၅၀၀ ကျော်အသက်ဆုံးရှုံးခဲ့
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၅ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၂၃
စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း ကလေး ၅၀၀ ကျော်အသက်ဆုံးရှုံးခဲ့
မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း မြေပြင်ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေကြောင့် အသက်ဆုံးရှုံးရတဲ့ ကလေး အရေအတွက် ၅၀၀ နီးပါးရှိပြီလို့ အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်လိုက်ပြီး စစ်ရာဇဝတ်မှုမြောက်တဲ့ ဖြစ်ရပ်လည်းဖြစ်လို့ နိုင်ငံတကာက အရေးယူဖို့ တိုက်တွန်းလိုက်ပါတယ်။ စစ်အာဏာသိမ်းမှု စတင်ဖြစ်ပွားခါစ၊ ဆန္ဒပြသပိတ်မှောက်မှုတွေကနေ မြို့ပေါ်က လမ်းတွေပိတ်ဆို့ တားဆီးပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားစဥ်ကတည်းက စစ်ကောင်စီရဲ့ လုံခြုံရေး ရဲ၊ လုံထိန်းနဲ့ စစ်တပ်တွေ အပါအဝင် ရပ်ကွက်တွေ နေအိမ်တွေထဲ ဝင်ရောက်ရှာဖွေ ပစ်ခတ်စဥ် ထင်ရှားတဲ့ ဖြစ်ရပ် ၂ ခုမှာ စစ်ကောင်စီလုံခြုံရေး တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုနဲ့ ကလေးငယ် ၂ ဦး နေအိမ်တွေမှာ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်လည်း ရှိခဲ့ပါတယ်။ မန္တလေးမြို့နဲ့ ရန်ကုန်မြို့တို့မှာ ဖြစ်ပြီး စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ က ဆန္ဒပြသူတွေကို ဝင်ရောက်ရှာဖွေစဥ်မှာ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်က အာဏာသိမ်းမှု အစပိုင်းက သတင်းမီဒီယာတွေက ဖေါ်ပြခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း မှာတော့ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေ ဖြစ်ပွားလာရာက ကျေးရွာတွေ၊ တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေကို လေကြောင်းမှ တိုက်ခိုက်မှုတွေနဲ့ မြေပြင်မှ ဝင်ရောက် ရှာဖွေတိုက်ခိုက်မှုတွေအတွင်း အသက်ဆုံးရှုံးခဲ့ကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။
ထင်ရှားတဲ့ အဖြစ်အပျက်တွေ အနေနဲ့ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာ စာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်မှု၊ ပဇီကြီးကျေးရွာ ပကဖ ရုံးဖွင့်ပွဲ အခမ်းအနားတွေ ဖြစ်ပါတယ်။ လတ်တလော အဖြစ်အပျက်တခုဖြစ်တဲ့ ဝန်းသိုမြို့နယ်က ကျေးရွာတရွာက စာသင်ကျောင်းကို အမြောက်ကျည် ကျရောက်ပေါက်ကွဲမှုမှာတော့ ကလေးသူငယ် ၂၁ ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်ရပ်လည်း ရှိပြီး အသက်ဆုံးရှုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ စစ်ကောင်စီ ဘက်ကတော့ ၄င်းတို့ တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ အရွယ်မရောက်သေးတဲ့သူတွေ၊ ကလေးသူငယ်တွေ အသက်ဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေ နဲ့ပတ်သက်လို့ တကြိမ်တခါမျှ ဝန်မခံခဲ့သလို အချို့သော နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ဖမ်းဆီး အရေးယူမှုတွေမှာ မိဘနဲ့ အတူသော်လည်းကောင်း မိဘမပါရှိပဲ ကလေးနဲ့ မိသားစုဝင်တွေကို သော်လည်းကောင်း ဓါးစားခံ သဖွယ် ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်တွေလည်း အများအပြား ရှိခဲ့ပါတယ်။
နှစ်နှစ်ကျော် ကာလအတွင်း အချို့သော ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF ) တွေက သတင်းပေးတွေလို့ ဆိုသူ၊ ပျူစောထီး မိသားစုလို့ ဆိုသူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တဲ့ ဖြစ်ရပ်တွေမှာလည်း ကလေးတွေပါ မိသားစုနဲ့အတူ အသက်ဆုံးရှုံးကြရတဲ့ အဖြစ်အပျက်တွေ သတင်းမီဒီယာ ဖော်ပြမှုတွေအရ ကြားသိရတာတွေ ရှိပါတယ်။ ဒီအရေအတွက်တွေက အခုကောက်ယူစုစည်းတဲ့ ၅၀၀ နီးပါးသော အရေအတွက်ထဲ ပါဝင်ခြင်း ရှိ၊ မရှိတော့ မသိနိုင်ပေမယ့် ဆယ်ဂဏန်းအရေအတွက်တော့ ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
အခုလို လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေစဥ် ဖြစ်စေ၊ မြို့ပေါ်လိုနေရာမျိုးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လက်ချက်ကြောင့် ကလေးတွေ အသက်ဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေ အတွက် ကုလသမဂ္ဂ အနေနဲ့ စစ်ကောင်စီကို အရေးယူဖို့ လုပ်ဆောင်နိုင်မလား၊ သို့မဟုတ် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC လို တရားရုံးက စစ်ကောင်စီကို အရေးယူနိုင်မလား ဆိုတာတော့ ရေရေရာရာ မပြောနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ခုခံတော်လှန်တဲ့ စစ်ပွဲတွေမှာ စာသင်ကျောင်းလို နေရာမျိုး၊ စာသင်ကျောင်း အဖြစ်အသုံးပြုကြတဲ့ ရပ်ရွာလူထု စုဝေးကြတဲ့ ဘုန်းတော်ကြီးကျောင်းလို၊ ခရစ်ယာန်ဘုရားကျောင်းလို ဘာသာရေး အဆောက်အဦတွေမှာ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ နေရာယူတာမျိုး မလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီ တပ်တွေက စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အဦတွေ၊ ပရဝုဏ်တွေ မှာ ဝင်ရောက်နေရာယူလေ့ ရှိတဲ့ အဖြစ်ကိုလည်း သတင်းတွေမှာ အမြဲလိုတွေ့နေရတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာခြင်း မရှိတာလည်း အများသိရှိကြပြီးဖြစ်ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေ အနေနဲ့ နိုင်ငံတကာ စည်းမျဥ်းတွေကို လိုက်နာခြင်းအားဖြင့် မိမိတို့ အဖွဲ့အစည်းရဲ့ ဂုဏ်သတင်းအပြင် အရပ်သားတွေ အပေါ် ထိခိုက်မှုကို အနည်းငယ်ဖြစ်စေ လျှော့ချနိုင်ဖို့ ရည်ရွယ်တဲ့ လုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။
ဒီနေ့ အဖို့ အခြားသော သတင်းအကြောင်းအရာ တခုကတော့ ပညာရေးဝန်ထမ်း ၁ သိန်း ၃သောင်းကျော်ဟာ CDM လှုပ်ရှားမှုထဲ ပါဝင်နေဆဲဖြစ်တယ်လို့ NUG ရဲ့ ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီးတာဝန်ယူထားသူ ဒေါက်တာ ဇော်ဝေစိုးက ပြောဆိုလိုက်ပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုတွေထဲ ကျန်းမာရေးဌာနနဲ့ ပညာရေးဌာက ဝန်ထမ်းတွေက အရေအတွက်အရ အများဆုံး ပူးပေါင်းပါဝင်ခဲ့ကြတာ ဖြစ်ပြီး NUG အစိုးရရဲ့ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ပညာရေးဝန်ထမ်း ၂ သိန်း ခွဲဝန်းကျင်က CDM လှုပ်ရှားမှုထဲ ပါဝင်ခဲ့တယ်လို့ သတင်းဖေါ်ပြမှုတွေမှာ တွေ့ရပြီး အခုလက်ရှိ အချိန်ထိ ပညာရေးဝန်ထမ်း ၁ သိန်း ၃သောင်းကျော်က CDM လှုပ်ရှားမှုတွေထဲ ပါဝင်နေဆဲဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒီ ပညာရေးဝန်ထမ်း ၁ သိန်း ၃ သောင်းကျော်ဟာ အလုပ်ပြန်ဝင်ခြင်း မရှိတာကို ဆိုလိုတာလား သို့မဟုတ် အလုပ်ပြန်မဝင်ရုံသာမက ကြားကာလ ပညာသင်ကြားရေးတွေမှာ ဘယ်လောက် ပါဝင်နေကြသလဲ စတဲ့ အချက်အလက်တွေတော့ ရှင်းရှင်းလင်းလင်း မသိရှိရပါဘူး။ ဒီလို CDM အဖြစ်ပါဝင်နေဆဲ ပညာရေး ဝန်ထမ်း ၁ သိန်း ၃ သောင်းကျော်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်၊ ထောက်ပံ့ကြေး စတဲ့ အကူအညီထောက်ပံ့မှုတွေ နဲ့ပတ်သက်လို့တော့ ပြောဆိုသွားတာ မတွေ့ရပါဘူး။
စစ်ကောင်စီက စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာမှာ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားခဲ့ပြီး ကိုဗစ်ကပ်ဘေး ကူးစက်မှုပြင်းထန်လာချိန်မှာ တကျော့ပြန်ပိတ်ခါ ကိုဗစ်လျော့ကျသွားချိန်မှာပြန်လည် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ကျောင်းအများအပြားမှာ စာသင်ကြားပေးမယ့် ဆရာ၊ ဆရာမ မလုံလောက်တာ၊ လုံခြုံရေးအားဖြင့် စာသင်ကြားနိုင်တဲ့ အခြေအနေမရှိတဲ့ နယ်မြို့တွေ၊ ကျေးရွာတွေလည်း တနိုင်ငံလုံးမှာ အများအပြားရှိနေပြီး စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း ပညာရေးကို အသွင်ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ သင်ယူနေကြရတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar