အမေရိကန်၏ အကျလားနဲ့ သောင်းပြောင်းထွေလာ
အမေရိကန်၏ အကျလားနဲ့ သောင်းပြောင်းထွေလာ
နိုင်ငံတကာသာဂိ၊ (မိုးမခ) အောက်တိုဘာ ၆၊ ၂၀၂၃
တနေ့က အမေရိကန် အောက်လွှတ်တော်က လူများစုအမတ်များ၏ ပြောရေးဆိုခွင့်ရသူ မက္ကာသီ (ရီပတ်ဘလစ်ကန်ပါတီ) ကို သူတို့ထဲက အစွန်းရောက် အမတ် ၈ ဦးက အယုံအကြည်မရှိအဆိုနဲ့ ဖြုတ်ချလိုက်တယ်။ အဲသည်သတင်းကို မောင်လူပေက ရေးထားတာ ဖတ်လိုက်ရတော့ အကျယ်တဝင့် မရေးတော့ပါဘူး။ ဆိုတော့ အခု အမေရိကန်အောက်လွှတ်တော် (မြန်မာလို - ပြည်သူ့လွှတ်တော်) မှာ ခေါင်းဆောင်မဲ့သွားတဲ့ဘ၀ ပေါ့။ အမေရိကန်မှာ သမ္မတပြီးရင် နောက်ကလူဆိုတာ အောက်လွှတ်တော်ဥက္ကဌပဲ။ သူ မရှိတော့ လွှတ်တော်လည်း လစ်တာပေါ့။ လွှတ်တော်က မထိန်းကြောင်းနီုင်ပဲ အစိုးရချည်း သက်သက် ဆက်အုပ်ချုပ်နေရတာ အမေရိကန် ဖြစ်ပါတယ်။ အထက်လွှတ်တော် (မြန်မာလို - အမျိုးသားလွှတ်တော်) က ဘာလုပ်နိုင်မလဲ။ ဘာမှ မလုပ်နိုင်ပါ။ သူက အောက်လွှတ်တော်က ဆောင်ရွက်တဲ့ ဥပဒေပြုရေး စီရင်ရေးတွေကို ထောက်ခံတာ ကန့်ကွက်ပြီး ပြန်လွှဲပေးတာ အကြံပေးတာ သဘောထားထုတ်ဖော်တာလောက်ပဲ လုပ်နိုင်ပါတယ်။ သူက အောက်လွှတ်တော်၏ ခေါင်းဆောင်မှု ဆုံးဖြတ်မှုလောက် မစွမ်းပါဘူး။
အမေရိကန်မှာ မြန်မာလို နားလည်လွယ်အောင် ပြောရရင်တော့ NLD က အစိုးရလုပ်နေချိန် လွှတ်တော်က ကြံ့ဖွတ်ကြီးစိုးတဲ့ လွှတ်တော်ပေါ့။ အခု ကြံ့ဖွတ်တွေ မငြိမ်မသက်ဖြစ်ပြီး သူရရွှေမန်းလို ကြားကျသူ လွှတ်တော်ဥက္ကဌကို သဘောထားပြင်းထန်တဲ့ အောင်သောင်းတို့ မောင်သောင်းတို့ လှဆွေတို့ ပေါင်းပြီး ဖြုတ်ချလိုက်တယ်လို့ ပြောရမယ်ပေါ့။ အမျိုးသားလွှတ်တော်က ဘာမှ ဝင်စွက်လို့မရ၊ NLD အစိုးရက သည်လိုကာလမှာ ပေးထားတဲ့ ဘတ်ဂျက်နဲ့ အသာလေးထိန်းပြီး တိုင်းပြည်ကို မှိန်းပြီး အုပ်ချုပ်နေရတာမျိုး။ လွှတ်တော်၏ အခန်းကဏ္ဍက တပတ်လောက်တော့ နားမယ် ထင်တယ်။ နောက်ပြီး ကြံ့ဖွတ်ဘက်က အစွန်းရောက်တွေက လွှတ်တော်ဥက္ကဌ ရာထူးကို လုကြဦးမှာပေါ့။ ဒါမျိုး ရှင်းပြမယ်ဆို နားလည်လွယ်မယ် ထင်တယ်။ သည်ကြားထဲ ကြံ့ဖွတ်တွေက လွှတ်တော်ဥက္ကဋ္ဌကို အမတ်တွေထဲက မခန့်ဘဲ မအလ ဖြစ်ဖြစ် သန်းရွှေဖြစ်ဖြစ် အပြင်က သူတို့စိတ်ကြိုက် ခေါင်းဆောင်ဟောင်းကို ခေါ်တင်ချင် တင်မှာလို့ အသံက ပစ်နေသေးတယ်။ တကယ်ပါ။ အောက်လွှတ်တော်က ရီပတ်ဘလစ်ကန် အစွန်းရောက်တွေက ရွေးကောက်ပွဲ ရှုံးတာကို ခုထိ ဝန်မခံသေးတဲ့ အရင်သမ္မတဟောင်း ထရန့်ကို သူတို့လွှတ်တော်ခေါင်းဆောင် တင်မယ်လို့ ကြွေးကြော်နေပါသေး။
အမေရိကန်မှာ ကာလုံ မရှိတော့ မအလ အခန်းကဏ္ဍ မရှိပါ။ ပြီးတော့ အစိတ်သား စစ်တပ်လည်း လွှတ်တော်ထဲ မပါကြပါ။ စစ်သားတွေကိုယ်တိုင်ကလည်း ဒါမျိုး မလုပ်ဘူးလို့ ပြောထားပြီးသား။ ဘိုင်ဒင်တို့အစိုးရကသာ သူတို့အာဏာစက်နဲ့ ဆက်အုပ်ချုပ်နေရုံသာ ရှိပါတယ်။ တိုင်းပြည်တော့ မပျက်လောက်ပေမယ့် အမေရိကန်သမိုင်းမှာ တခါဖူးမှ မဖြစ်ဖူးတဲ့ သမိုင်းဝင် ဖြစ်ရပ် - လွှတ်တော်ခေါင်းဆောင်ကို သူတို့ပါတီကနေ ဖြုတ်ချပစ်လိုက်တာ။ ထိုင်းလွှတ်တော်လိုမျိုးအတွက် ဘာမှ မဆန်းသော်လည်း အမေရိကန်မှာက အဆန်းကြီးပေါ့။
ဆန်းသော်လည်း ဟန်မပျက် လည်ပတ်နိုင်ပါသေးတယ်။ ပြည်နယ်တွေက အုပ်ချုပ်ရေးမှူးတွေ Governers တွေက ကိုယ့်ပြည်နယ်ကိုယ် အုပ်ချုပ်နေကြတာမှာ သူတို့ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်အကုန်လုံး သီးခြား လည်ပတ်နေဆဲ ဖြစ်ပါတယ်။ သူတို့ဘတ်ဂျက်တွေနဲ့ သူတို့ လည်ပတ်နိုင်ပါတယ်။ ကာလနာတိုက်တာက ပြည်ထောင်စု ဖယ်ဒရယ်အစိုးရ ယန္တရားနဲ့ လွှတ်တော်သာ ဖြစ်ပါတယ်။
တချို့ကတော့ အမေရိကန်နိုင်ငံရေးက ပြဇာတ် ကနေသလိုပါပဲ တဲ့။ နောက်တော့လဲ ဘာမှ မဟုတ်ပါဘူးတဲ့။ သူတို့နိုင်ငံရေးက သူတို့အချင်းချင်း ထိန်းညှိ ထိန်းကျောင်းတဲ့ guaed rail အကာအရံတွေ ရှိပါတယ် တဲ့။ ပါတီတွင်း ညှိ၊ ညှိမရရင် ပါတီတွေ ညှိ၊ မရသေးရင် ပါတီထောက်ခံသူ နောက်ကွယ်က လူကြီးတွေ ညှိ၊ ညှိလို့မရရင် ပိုက်ဆံထုတ်ပေးထားတဲ့ အရင်းရှင်ကြီးတွေဖြစ်တဲ့ နောက်က လက်မည်းကြီးတွေ ဝင်ညှိပါလိမ့်မယ် တဲ့။ အဲသည်လို မှတ်ချက်ပေးသူတွေက ပေးပါတယ်။ လွန်ခဲ့တဲ့ သမ္မတကြီး ထရန့် ၄ နှစ်လုံးလုံး လုပ်ချင်တာလုပ် ပြောချင်တာ ပြော၊ သူ့နောက်ကွယ်ကနေ ထိန်းသိမ်းသူတွေက အဆိုးမဖြစ်အောင် ညှိကြပါတယ်တဲ့။ ကိုဗစ်ဖြစ်နေတာကို သိပ်မဆိုးပါဘူးလို့ ဖင်ပိတ်ငြင်းနေတဲ့ သမ္မတကြီးထရန့်က တပိုင်း၊ ကျန်တဲ့ လွှတ်တော်အမတ်တွေ အစိုးရခေါင်းဆောင်တွေ အစိတ်အပိုင်းတွေက တပိုင်း ကိုဗစ်ကို တွန်းလှန်ခဲ့ကြတာပါ။ ထရန့်က လိုက်ပြီး ပိတ်ပင်တာမျိုး မလုပ်ပါ။ လူပြိန်းတွေ ကြိုက်အောင် ဒရာမာတွေ လုပ်ပြတာပဲ ရှိတယ်လို့ ဆိုပါတယ်။
အခု ဆိုးနေတဲ့ အစိတ်အပိုင်းက စီးပွားရေးလို့ ဆိုကြပါတယ်။ မက္ကစီကိုနယ်စပ်မှာ တရားမဝင်ဖြတ်ကျော်တာတွေ ဒုက္ခသည်လက်မှတ် တောင်းနေတာတွေ လူတွေ သိန်းချီ ရှိနေတယ် ပြောပါတယ်။ သည်တော့ အမေရိကန်သမ္မတကြီး ဘိုင်ဒင်က အခုချထားတဲ့ ဘတ်ဂျက်နဲ့ နယ်စပ်မှာ တံတိုင်းတွေ ဆောက်ဖို့ အမိန့်ပေးပါတယ်။ သူ့မတိုင်ခင် ပြိုင်ဘက် သမ္မတကြီး ထရန့်က မိုင် ရာချီတဲ့ နယ်စပ်တံတိုင်း စည်းရိုးကာခဲ့သူပါ။ ဒါကို ဘိုင်ဒင်က လူသားချင်း မစာနာဘူးဆိုပြီး ဝေဖန်ခဲ့ပါတယ်။ အခု ဘိုင်ဒင် ဘာတတ်နိုင်သေးလဲ။ ထရန့်လိုပဲ တံတိုင်းတွေ ကာနေရပါတယ်။ တရားမဝင်ဖြတ်ကျော်တာတွေ တားဆီးနိုင်ဖို့ ဒါပဲ သူ လုပ်ရတော့တယ်။ စီးပွားရေးမှာလဲ ပြည်ထောင်စုဘဏ္ဍာထိန်းသိမ်းရေး (Federal Reserve) ဥက္ကဋ္ဌ ဆိုသူ ဂျာရုန်းပါဝယ်ဆိုတာ အရင်သမ္မတ ထရန့်ခန့်ထားခဲ့သူပါ။ သူ့ကိုပဲ ဘိုင်ဒင်က ဆက်ပြီး ပြည်ထောင်စုဘဏ္ဍာစိုးအဖြစ် ခန့်ထားရပါတယ်။ အရင်ပေါ်လစီအတိုင်း အစိုးရငွေတိုးကို ပြန်မြှင့်တဲ့ ပေါ်လစီကို ကျင့်သုံးပါတယ်။ ဘာမှ ပြောင်းသွားတာ မဟုတ်လို့ ပြောနိုင်ပါတယ်။
အမေရိကန်၏ အကျလားဆိုတော့ ကျနိုင်ပါတယ်။ ပြန်လဲ တက်ချင် တက်နိုင်ပါတယ်။ အမေရိကန်တွေက သင်ခန်းစာယူတာ မြန်ရင် ပြန်တက်တာ မြန်မယ်။ သင်ခန်းစာယူတာ နှေးရင်တော့ အချိန်ပြန်ယူဦးမှာပေါ့။ အမေရိကန်တွေက အရှုံးပေးတတ်တဲ့လူတွေထက် အနိုင်ယူလိုတဲ့လူတွေ စိတ်ထားတွေ ပိုများပါတယ်။ သူတို့အချင်းချင်း မညှာမတာ ဝေဖန်တိုက်ခိုက်လေ့ရှိသလို၊ အမြန်အဆန် အရှုံးထဲက အမြတ်ထွက်အောင်လည်း လုပ်ကြပါတယ်။ ကိုဗစ်ကပ်မှာ အမေရိကန်တွေ တယောက်တပေါက်နဲ့ ဝုန်းဒိုင်းကျဲပြီး ရုန်းထွက်ခဲ့ကြတာပါပဲ။ သေတော့လည်း အတုံးအရုံးပဲ။ survival is the fittest - အင်အားကြီးသူ အနိုင်ယူဆိုတဲ့ သဘောထားမျိုးပါ။ ရှင်ကျန်ခဲ့သူတွေသာ သည်အမေရိကန်ပြဇာတ် ဆက်လက် ကနိုင်သူတွေ ဖြစ်မှာပါ။ အနစ်နာခံကြ၊ စွန့်လွှတ်ကြ၊ အရှုံးခံကြ ဘာညာဆိုတာ ဇာတ်စင်ပေါ်မှာသာ ပြောကြတာပါလေ။
(အင်း - ငါလည်း သတင်းဆောင်းပါးရေးပေးမယ်ဆိုပြီး ဘာတွေ လျှောက်ရေးမိမှန်း မသိတော့ဘူး)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar