Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၁ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၁ )

(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၃

8/10/23

Diary in the darkness

ညနေ ၅ နာရီမှာ မီးပျက်။ 

စောစော အိပ်ရာဝင်။ ခြင်ထောင်ထဲက ခြင်တွေမောင်းထုတ်။ ခြင် မဝင်နိုင်အောင် ခြင်ထောင်အနားတွေ သေသေချာချာဖိ။ မှောင်စပြုနေပြီမို့ ခြင်တွေ တပ်ရင်း တပ်မလိုက် အိမ်ထဲဝင်လာပြီ။ ထမင်းစားချင်စိတ်မရှိ။ လက်တဖက်က ခြင်မောင်း၊ လက်တဖက်က ထမင်းပန်းကန်နှိုက်၊ ထမင်းစားရတာ အဆင်မပြေလို့။

မိုးအေးအေး၊ ညအမှောင်ထဲမှာ အသာကွေး။ ထွက်လေ ဝင်လေမှတ်။ အသက်ပြင်းပြင်းရှူ၊ ဖြည်းဖြည်း ပြန်ထုတ်။ တစ် မှတ်။ အသက်ပြင်းပြင်းရှူ၊ ဖြည်းဖြည်း ပြန်ထုတ်။ နှစ်မှတ်။

သုံး၊ လေး၊ ငါး။

မနက်က ကြည့်ခဲ့တဲ့ လူမှုကွန်ရက်ပေါ်စိတ်တွေရောက်။ အာဏာသိမ်းကာစ တာမွေရဲစခန်းရှေ့မှာ ပစ်သတ်ခံရတဲ့ ပထမနှစ် ဆေးကျောင်းသားကလေးရဲ့အမေ အော်ဟစ်ငိုယိုနေတဲ့ ရုပ်သံဖိုင်ပြန်တက်လာ။ သူတို့က မြန်မာပြည်ပေါက် တရုတ်တွေ။ စစ်တပ်ကို အထောက်အပံ့ပြုနေတဲ့ တရုတ်အစိုးရကို အော်ဟစ်ဆဲဆိုနေတာများ ရစရာမရှိ။ မိခင်တစ်ယောက်ရဲ့ ပူလောင်မှုဝေဒနာ ကျနော့်ရင်ကိုလောင်ကျွမ်း။

စိတ်ကို နှာသီးဖျားမှာထား။ ထွက်သက် ဝင်သက် ပြန်ရှု။ 

အသက်ပြင်းပြင်းရှူ။ ဖြေးဖြေးပြန်ထုတ်။ တစ်။ 

အသက်ပြင်းပြင်းရှူ။ ဖြေးဖြေးပြန်ထုတ်။ နှစ်။

သုံး လေး ငါး ခြောက်။

စိတ်တွေ ကယောက်ကယက်။ 

ရန်ကုန်မြို့လယ်ကောင် စားသောက်ဆိုင်မှာ စကစ လက်နက်ပွဲစား တစ်ယောက် ဦးခေါင်းသေနတ်ပစ်ခံရ ရုပ်သံ စိတ်ထဲပြန်ပေါ်လာ။ လက်ကိုင်ဖုန်းကိုင်ထားတဲ့  မိန်းမတစ်ယောက် သွေးရူးသွေးတမ်းနဲ့ အလောင်းနားမှာ ပတ်ပြေးနေ။ အလောင်းကတော့ ကြမ်းပြင်ပေါ်မှာ ပက်လက်။ ရုပ်သံအောက်ခြေမှတ်ချက်တွေမှာတော့ ဝမ်းသာကျေနပ်အားရကြောင်းတွေ ရေးသားထားကြ။ 

စိတ်ကိုငြိမ်ငြိမ်ထား။ ဝင်သက် ထွက်သက် ကို နှလုံးသွင်းထား။ အသက်ပြင်းပြင်းရှူ။ 

သွေရူးသွေးတမ်း အော်နေတဲ့ မိန်းမ အသံက ကျနော့်နားထဲကို သံရည်ပူ လောင်းထည့်လိုက်သလို။

နိုင်ငံရပ်ခြားမှာ ကျွန်ခံနေရရှာတဲ့ ငါတို့နိုင်ငံသားတွေကို စကစက အခွန်ငွေ ၁‌၀% နဲ့ ၂၅% ကောက်မယ်ဆိုတဲ့အမိန့်ကြောင့် လူထုကြားမှာ တောက်ခေါက်သံတွေ ပိုမိုကျယ်လောင်လာ။

ပြည်တွင်းမှာ စကစနဲ့ တော်လှန်ရေးသမားတွေ တိုက်ပွဲအရှိန်ပိုမိုမြင့်တက်လာ။ အထူးသဖြင့် တော်လှန်ရေးသမားတွေကို လက်တွေ့ကျကျ ကူညီနေတဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေကို စကစက မကြုံ စဖူးတဲ့ အင်အားနဲ့ အသည်းအသန် ထိုးစစ်ဆင်နေ။ ဒါပေမယ့် စကစ တပ်တွေဟာ လမ်းခရီးမှာပဲ အတုံးအရုံး သေဆုံးကုန်တာကြောင့် လေကြောင်းမှ တနေ့ သုံးကြိမ်ထက်မနည်း ပစ်ကူပေးနေရ။

စကစ အထက်ပိုင်းမှာ အပြောင်းအလဲတွေများသည်ထက်များလာ။ တစ်ယောက်နဲ့တစ်ယောက် အုပ်စုတစ်စုနဲ့ တစ်စု သံသယတွေပိုများလာ ပုံရတယ်။ နောက်ကျောက ဓားကို ပိုဂရုစိုက်နေကြပုံရတယ်။

အောက်ပါလင့်မှာ ကြည့်ပါ။

https://fb.watch/nsq_RETXyk/?mibextid=Nif5oz

ရန်ကုန်၊ ဒလ နဲ့ လှိုင်သာယာမှာ ပြည်သူ့စစ်ဖွဲ့မယ်ဆိုလို့ လူထုက ပိုမိုထိတ်လန့်နေတယ်။ စကစ ကဖွဲ့တဲ့ပြည်သူစစ်ဆိုတာ စစ်တပ်ရဲ့ရှေ့က အသေခံပေးရတဲ့ သူတွေဖြစ်တယ်လို့ လူထုကမြင်နေတယ်။ 

သူငယ်ချင်း ကျောင်းအုပ်ကြီးဟောင်း တစ်ယောက်နဲ့ တွေ့တယ်။ သူ အခု အလုပ်နားလိုက်ပြီတဲ့။ သူအဆိုအရ သင်ရိုးညွှန်းတမ်းအသစ်တွေက ကောင်းပေမယ့် ဆရာ ဆရာမတွေက စနစ်ဟောင်းမှာပဲ အသားကျနေကြတယ်။ စနစ်သစ်ကို သူတို့ အသားကျဖို့ အချိန်ယူရဦးမယ်။ ငယ်ရွယ် ထက်မြက်တဲ့ ကျောင်းဆရာ ဆရာမတွေက CDM လုပ်သွားကြပြီတဲ့။ သူက စနစ်သစ်နဲ့ လေ့ကျင့်ထားတဲ့ မူလတန်းကျောင်သားတစ်ယောက် နဲ့ အင်္ဂလိပ်လို  အမေးအဖြေလုပ်နေတဲ့ ဗီဒီယိုဖိုင်တခုကို ဖွင့်ပြတယ်။ ထက်မြက်သွက်လက်တဲ့ ကျောင်းသားကလေးကို ကြည့်ပြီး အံ့ဩရတယ်။ လေ့ကျင့်ပေးတဲ့ ဆရာမကလည်း အသက် နှစ်ဆယ့်ငါးနှစ်လောက်ပဲ ရှိဦးမယ်။ အနာဂတ် အတွက် မျှော်လင့်ချက် မှိန်မှိန်ကလေး မြင်ရတယ်။

ဒီစာရိုက်နေချိန်မှာပဲ မီးလာပြီဟေ့ လို့ အော်သံကြားရတယ်။ ရေနွေး အရင်တည်။ မနက်အတွက် ထမင်းချက်ဖို့ပြင်။ ရေတင်ဖို့လည်းလုပ်ဦး။ အိမ်သာထဲ ရေမရှိတော့ဘူး။ မီးပူနောက်မှတိုက်မယ်။ သမီးနဲ့ မိန်းမတို့ရဲ့ တပ်လှန့်သံတွေက ဆူညံသွားတယ်။

နာရီကြည့်လိုက်တော့ ည ၁၁ နာရီထိုးပြီ။ 

မိန်းမရဲ့ သတိ‌ပေးသံလိုလို အမိန့်ပေးသံလိုလို အသံထွက်လာ။

ရှင် အိပ်ခါနီး ဆေးသောက်ပြီးပြီလား။ 

ဆေးတွေက ဈေးတက်နေတယ်။

သူ့စကားက အဆက်အစပ်မရှိဟု ထင်သည်။

ကျနော် အိပ်ရာက အလူးအလဲပြန်ထရပြန်တယ်။ 

သူ ယူလာပေးတဲ့ ဆေးနဲ့ သောက်ရေခွက်ကို ခြင်ထောင်ထဲက လှမ်းယူလိုက်သည်။

ရှင်သိပြီးပြီလား၊ အစ်စရေးနဲ့ ပါလက်စတိုင်း စစ်ဖြစ်နေပြီတဲ့။ အစ်စရေးကို ပါလက်စတိုင်းက ဒုန်းကျဥ် ၇၀၀၀ ကျော်နဲ့ ပစ်လိုက်တာတဲ့။

ဟုတ်ရဲ့လားကွာ

https://fb.watch/nxXUG_cMXB/?mibextid=Nif5oz

ဘာလဲ ရှင်က ကျုပ်ပြောတာကို မယုံလို့လား၊ ခုပဲ သတင်းကြေညာသွားတာ။

ယုံပါတယ်ကွာ၊ ယုံပါတယ်။ မင်းဘာပြောပြော ယုံပါတယ်။ 

သူက မျက်စောင်းထိုးသည်။ 

ကျနော် မသိဟန်ဆောင်သည်။

ခုလို တကမ္ဘာလုံး စစ်ဖြစ်နေချိန် သူနဲ့ကျနော် စစ်မဖြစ်ဖို့အရေးကြီးသည်။ 

အသက်တွေလဲ ကြီးကုန်ကြပြီလေ။

ဝင်လေ ထွက်လေ မှတ်ရသည်။ 

အသက်ပြင်းပြင်းရှူ။ တဖြည်းဖြည်း ထုတ်။ တစ်။

အသက်ပြင်းပြင်းရှူ။ တဖြည်းဖြည်းထုတ်။ နှစ်။

သုံး။   လေး။   ငါး။          ခွန်       ရှစ်။

အန်ကယ် တူမီး

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar