Breaking News

နေ့စား လုပ်အားခ ကျပ်တထောင် တိုးပေးဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ကြေညာ၊ စစ်ကိုင်းတိုင်းထဲက တရားမဲ့ သတ်ဖြတ်မှုတချို့


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၇ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၂၃


နေ့စား လုပ်အားခ ကျပ်တထောင် တိုးပေးဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ကြေညာ၊ စစ်ကိုင်းတိုင်းထဲက တရားမဲ့ သတ်ဖြတ်မှုတချို့

ယခုနှစ် သြဂုတ်လမှာ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာကျပ်ငွေ မတည်မငြိမ်ဖြစ်ပြီး ရုတ်တရက် ထိုးတက်ခဲ့ပြီးနောက် တန်ဖိုးကျဆင်းခဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားပြီး ၂ လခန့်အကြာမှာ စစ်ကောင်စီက နေ့စားအလုပ်သမားတွေကို တရက် ကျပ် ၁၀၀၀ တိုးမြှင့်ပေးဖို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လက်ရှိ လုပ်အားခက အလုပ်ချိန် ၈ နာရီအတွက် တရက်ကို ၄၈၀၀ ကျပ် ဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကတည်းက သတ်မှတ်ခဲ့တဲ့ အနိမ့်ဆုံး လုပ်အားခနှုန်းထားဖြစ်ပါတယ်။ 

အခုလို ကျပ် ၁၀၀၀ တိုးမြှင့် သတ်မှတ်လိုက်ခြင်းဟာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ အဆမတန် ဖောင်းပွလာတဲ့ ငွေတန်ဖိုးနဲ့ ချိန်ညှိပြီး လုပ်အားခကို သတ်မှတ်တာမျိုးထက် စစ်ကောင်စီရဲ့ ဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေး အနေနဲ့ တလ ကျပ် ၃သောင်း ပေးဖို့ကြေညာချက်နဲ့ လိုက်ဖက် အချိုးညီတဲ့ တရက် ကျပ် ၁၀၀၀ တိုးဖို့ ဆုံးဖြတ်လိုက်တဲ့ သဘောမျိုးလို့ ခန့်မှန်းရပါတယ်။ 

ယခင်က အနိမ့်ဆုံးလုပ်အားခ သတ်မှတ်တဲ့ ကိစ္စရပ်တွေကို အလုပ်သမားဘက်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်အသင်းတွေ နဲ့ ဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဆွေးနွေးညှိနှိုင်းပြီး သတ်မှတ်လေ့ရှိခဲ့ကြပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာတော့ အလုပ်သမားအခွင့်အရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းအများအပြားကို တရားမဝင် အဖွဲ့အစည်းတွေအဖြစ် ကြေညာတာ၊ အလုပ်သမား သမဂ္ဂခေါင်းဆောင်သူတွေကို နိုင်ငံရေး စွပ်စွဲချက်နဲ့ ဖမ်းဆီးတာတွေ အများအပြားလုပ်ဆောင်လာတဲ့နောက် အလုပ်သမားအဖွဲ့အစည်းအများအပြား ပေါ်ပေါ်ထင်ထင် မလုပ်ဆောင်နိုင်ကြတော့ပါ။

အခုလို အနိမ့်ဆုံး အခြေခံလုပ်ခလစာကိစ္စလိုမျိုးမှာ အလုပ်သမားတွေဘက်က ရပ်တည်ပြောဆိုမယ့် အဖွဲ့အစည်းမျိုး ထင်ထင်ရှားရှား မရှိတော့ဘဲ စစ်ကောင်စီ ရဲ့ အလုပ်သမားဝန်ကြီးဌာနက အခုလို တဖက်သတ် ဆုံးဖြတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ အထည်ချုပ်လုပ်ငန်းလို၊ လုပ်ခစား လက်ခစား လုပ်ငန်းရှင်တွေ အနေနဲ့ ပြည်ပက ရရှိတဲ့လုပ်ခလက်ခကို နိုင်ငံခြားငွေနဲ့ ရရှိတာဖြစ်ပြီး မြန်မာကျပ်ငွေနဲ့ ဒေါ်လာလဲနှုန်း မှာ ဒေါ်လာတန်ဖိုး မြင့်မားလာတဲ့ အနေအထားမှာ မြင့်မားလာတဲ့ အချိုးအစားနဲ့အညီ အလုပ်သမားတွေကို ပေးအပ်ရမယ့် ပေးအပ်နိုင်တဲ့ အနေအထားလည်း ရှိတာဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေကို  နိုင်ငံရေးရှုထောင့်ကသာ ကြည့်ပြီး အခြေအနေ မတည်ငြိမ်အောင် လုပ်တဲ့ သဘောမျိုး ယူဆပြီး ဖိနှိပ်ထားရာမှာ အလုပ်သမားတွေ အခွင့်အရေး ဆုံးရှုံးနေကြတာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂ လကျော်အတွင်း ဆန်ဈေး၊ ဆီဈေးနဲ့ သွားလာစရိတ်၊ ဆေးဝါး ဈေးနှုန်းတွေ မတန်တဆမြင့်တက်လာတဲ့ အကြောင်း သတင်းတွေထဲ သိသာထင်ရှားစွာ မြင်တွေ့နေရတာ ဖြစ်ပြီး အောက်ဆုံးက နေ့စား လုပ်ခစား စက်ရုံ၊ လုပ်ငန်းတွေက အလုပ်သမားတွေက အခုလို ငွေကြေးဖောင်းပွပြီး လုပ်ခလစာ သိသာစွာ တိုးမြင့်ခြင်း မရှိတဲ့ဒဏ်ကို အဆိုးရွားဆုံးခံစားနေကြရတာလည်း ဖြစ်ပါတယ်။ 

ခုရက်ပိုင်းမှာ ကုလသမဂ္ဂလက်အောက်က နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO ကလည်း မြန်မာနိုင်ငံမှာ အဓမ္မ ခိုင်းစေမှု၊ အလုပ်သမားများ လွတ်လပ်စွာ ဖွဲ့စည်းလုပ်ဆောင်ခွင့်တွေကို ပိတ်ပင်တားဆီးတာတွေ၊ ဥပဒေနဲ့ တားမြစ်တာတွေ တွေ့ရှိထားတဲ့အကြောင်း အစီရင်ခံစာထွက်ပေါ်လာပြီး စစ်ကောင်စီအစိုးရကို ဖြေရှင်းဖို့ ပေးပို့ထားတာလည်း ဖြစ်ပါတယ်။ ILO ရဲ့ အစီရင်ခံစာပါ အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နောက် ၃ လအတွင်း စစ်ကောင်စီဘက်က အကျိုးအကြောင်းနဲ့ ဖြေရှင်းရမှာလည်း ဖြစ်ပါတယ်။ အကယ်၍ ဖြေရှင်းခြင်း မရှိခဲ့ရင် ILO က အခုကိစ္စကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICJ ကို လွှဲပြောင်းပြီး ICJ  မှာ တက်ရောက်ဖြေရှင်းရမှာလည်း ဖြစ်ပါတယ်။ 

ဒီနေ့ အဖို့အခြားသော အကြောင်းအရာ တခုကတော့ ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ဝန်ထမ်းနဲ့ ပျူစောထီးလို့ ယူဆရသူ ၇ ဦးကို ခင်ဦးမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ PDF အဖွဲ့တွေက ခင်ဦးနဲ့ ၇ မိုင်မျှသာ အကွာအဝေးရှိတဲ့ ပျဥ်ထောင်ကျေးရွာအနီး ဖမ်းဆီးပြီး နောက်မကြာခင် လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ကာ မြေကျင်းထဲ မြှုပ်နှံခဲ့တဲ့ သတင်းပဲဖြစ်ပါတယ်။ ကြိုးတုပ်ဖမ်းဆီးထားတဲ့ လူ ၇ ဦးကို သတ်ဖြတ်နေတဲ့ ဗီဒီယိုဖိုင်က မကြာသေးခင် ရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး အခုလို သတ်ဖြတ်မှုကို ရောင်နီ  ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လုပ်ဆောင်တာလို့ BBC မြန်မာပိုင်းရဲ့ သတင်းဖော်ပြမှုအရ သိရှိရပါတယ်။ ပျဥ်ထောင်ရွာဟာ စစ်ကောင်စီဘက်ကို ထောက်ခံတဲ့ ပျူစောထီးတွေ ထိန်းချုပ်ထားတဲ့ ရွာဖြစ်ပြီး အဆိုပါရွာကနေ အခြားတရွာကို သွားဖို့ ထွက်လာတဲ့သူတွေကို ရောင်နီ PDF အဖွဲ့က ဖမ်းဆီးပြီး သွေးကြွေး ကလဲ့စားချေတဲ့ သဘောနဲ့ သတ်ဖြတ်လိုက်တာ ဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုမှာပါရှိတာ ဖြစ်ပါတယ်။ 

ရောင်နီပြောက်ကျား PDF အဖွဲ့ဟာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်က လက်နက်ကိုင် အဖွဲ့တဖွဲ့လို့ ဘီဘီစီသတင်းထဲမှာ ဖော်ပြထားပြီး ခင်ဦးမြို့နယ်ထဲက ကံသစ်ရွာသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တဖွဲ့ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီအဖွဲ့ဟာ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့တဖွဲ့ ဖြစ်ပေမယ့် တရားဥပဒေနဲ့အညီ အရေးယူတာမျိုးမဟုတ်ဘဲ အခုလို ကလဲ့စားချေ သတ်ဖြတ်မှုကို မလုပ်ဆောင်မီ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက အမိန့်ပေးမှု အဆင့်ဆင့်ကို အသိပေး တင်ပြတာမျိုး မရှိခဲ့ဘူးလို့လည်း သတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ကလဲ့စားချေ သတ်ဖြတ်ခံရသူ ၇ ဦးဟာ ဘယ်သူတွေလဲဆိုတာတော့ တိတိကျကျ မသိရှိသေးသော်လည်း ဗီဒီယို ဖိုင်အရ အထွေထွေအုပ်ချုပ်ရေးဌာနက ဒုဦးစီးမှူး တဦးပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေ ဓားစာခံ ဖမ်းဆီးမှုတွေ၊ စစ်ကြောရေးမှာ လက်လွန်သေဆုံးမှုတွေ နဲ့ မနှိုင်းယှဥ်လောက်တဲ့ အရေအတွက် ဖြစ်ပေမယ့်လို့ အခုလို အရပ်ဖက်ဝန်ထမ်း အပါအဝင် လူ ၇ ဦးကို သတ်ဖြတ်ကာ မြှုပ်နှံလိုက်ခြင်းဟာ အရည်အသွေးပိုင်းအရ၊ တနည်းဆိုရရင် မူဝါဒပိုင်းအရ နိုင်ငံတကာ စစ်စည်းမျဥ်းစည်းကမ်း ဥပဒေတွေကို လေးစားလိုက်နာနေပါတယ်လို့ ပြောလို့မရတဲ့ လူ့အခွင့်အရေး ရှုထောင့်က ကြည့်ခဲ့ရင်လည်း ရုပ်ဆိုးတဲ့ ဖြစ်ရပ်တခု သဖွယ်ဖြစ်နေမှာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ်က ကေအန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မြဝတီခရိုင်မှာ ကေအန်ဒီအို လက်နက်ကိုင် အဖွဲ့က စစ်ကောင်စီဝန်ကြီးဌာနလက်အောက်က လမ်းလုပ်သားတွေကို သံသယနဲ့ ဖမ်းဆီးပြီး ၂၅ ဦးဝန်းကျင်ကို သတ်ဖြတ် မြှုပ်နှံခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီး ဒီဖြစ်ရပ်အတွက် တာဝန်ခံရမယ့် ကေအန်ဒီအိုရဲ့ တာဝန်အရှိဆုံး စောနယ်ဒါးမြကို တာဝန်မှ ရပ်ဆိုင်းခဲ့တဲ့ ဖြစ်ရပ်ရှိခဲ့တာ ဖြစ်ပါတယ်။ 

ကေအန်ယူ အနေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတခုက သတင်းပေးလို့ သံသယရှိသူဖြစ်လင့်ကစား ဖမ်းဆီးစစ်မေးပြီး တရားဥပဒေနဲ့အညီသာ လုပ်ဆောင်ရမယ်လို့ ယူဆထားတာ ဖြစ်လို့ အဆိုပါ သတ်ဖြတ်မှုအတွက် တာဝန်ရှိသူကို တာဝန်မှ ရပ်နားခဲ့တဲ့ သာဓက ရှိခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသား နယ်မြေ မဟုတ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ အမျိုးမျိုးသော PDF အဖွဲ့အစည်းတွေက အခါအားလျော်စွာ သံသယနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေဖြစ်ပွားနေခဲ့တာဖြစ်ပြီး အချို့သော ဖြစ်ရပ်တွေမှာ အမျိုးသမီးတွေ၊ အသက်အရွယ် ကြီးရင့်သူနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကိုပါ သတ်ဖြတ်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဆိုပါ အကြောင်းအရာတွေနဲ့ ပတ်သက်လို့  သတင်းဌာနအချို့က ဖော်ပြထားကြတာလည်း ဖြစ်ပါတယ်။ 

ဆောနယ်မှာ ကျူးလွန်တဲ့ မိသားစုနဲ့ ၄င်းမိသားစုအိမ်ကိုလာလည်တဲ့ ဧည့်သည် အပါအဝင် ၆ ဦးခန့်ကို သတ်ဖြတ်မှု၊ ချောင်းဦးမြို့နယ်ထဲက ကျေးရွာတရွာမှာ ပစ္စည်းအတိုအစ ကောက်တဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေး၊ ယောကျ်ားလေး ၇ ဦးကို သတင်းပေးလို့ သံသယနဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့တဲ့ ဖြစ်ရပ် နဲ့ သတင်းမီဒီယာထဲ ဖော်ပြခြင်း မပြုနိုင်တဲ့ အခြားသော တဦးစ၊ နှစ်ဦးစ သတ်ဖြတ်ခံရမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ တပ်တွေ ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေဟာ ဖျောက်ဖျက်ပစ်လို့ မရသည့်နည်းတူ လက်နက်ကိုင် အဖွဲ့တွေက လက်နက်၊ အာဏာနဲ့ ကျူးလွန်တဲ့ အခုလို ဖြစ်ရပ်တွေကလည်း တချိန်မှာ သက်သေ အထောက်အထားနဲ့ ထွက်ပေါ်လာနိုင်တာ အသေအချာပဲ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar