Breaking News

ရှမ်းမြောက်က တိုက်ပွဲတွေရဲ့ အကျိုးသက်ရောက်မှုတွေ၊ သီတင်းတပတ်အကြာ စစ်ကောင်စီခေါင်းဆောင်ရဲ့ တုံ့ပြန်ချက်


မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၃ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၂၃


ရှမ်းမြောက်က တိုက်ပွဲတွေရဲ့ အကျိုးသက်ရောက်မှုတွေ၊ သီတင်းတပတ်အကြာ စစ်ကောင်စီခေါင်းဆောင်ရဲ့ တုံ့ပြန်ချက် 

ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ “စစ်ဆင်ရေး ၁၀၂၇  “ အမည်ပေးထားတဲ့ မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့ရဲ့  စစ်ရေး တိုက်ခိုက်မှုတွေဟာ ရက်သတ္တတပတ်လောက် အချိန်အတွင်း စစ်ကောင်စီ စခန်းတွေ ၉၀ ကျော် သိမ်းယူနိုင်ပြီလို့ မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့က ပြောဆိုထားပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း၊ နယ်စပ်ကုန်သွယ်ရေး စခန်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးကနေ သိန္နီ ကွတ်ခိုင် မူဆယ်အထိ လမ်းကြောင်းတွေကို ထိန်းချုပ်တာ သို့မဟုတ် ခြိမ်းခြောက်နိုင်တဲ့အနေအထားထိရောက်ရှိ ခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က ပြန်လည်တိုက်ခိုက်မှုတွေမှာ လောလောဆယ် အနေအထားအထိဆိုရင် အဲဒီရှမ်းမြောက်ထဲမှာ ရှိတဲ့အင်အားတွေကို ပြန်စုစည်းတာ၊ တချို့နေရာတွေမှာ စစ်ကူမပေးနိုင်တဲ့ အနေအထားမျိုးဖြစ်ပြီး တဖက်က တိုက်လာရင် မြန်မြန်ဆန်ဆန် ဆုတ်ခွာပေးလိုက်တာတွေ တွေ့နေရတာ ဖြစ်ပါတယ်။ အရပ်သားတယောက် အနေနဲ့ အကြမ်းဖျဥ်း အကဲဖြတ်ရင်တောင် ဒီစစ်ဆင်ရေးဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အောင်မြင်မှုရနေတဲ့ တိုက်ပွဲဆိုလို့ အကဲဖြတ်ကြမှာဖြစ်ပြီး နိုင်ငံရေး ရှုထောင့် စစ်ရေးရှုထောင့် အသီးသီးက ချဥ်းကပ်သုံးသပ်ရင် အခုလို မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး အတိုင်းအတာတခုထိ အောင်မြင်မှုရပြီးနောက် ဒီဒေသမှာရော မြန်မာနိုင်ငံရဲ့ အခြားသော ဒေသတွေအပေါ်ကိုပါ ဘာတွေ သက်ရောက်မှုရှိလာနိုင်သလဲဆိုတာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ သုံးသပ်ဆွေးနွေးနေကြမှာ မလွဲပါဘူး။

 အခု ၁၀၂၇ စစ်ဆင်ရေး လုပ်ဆောင်တဲ့ ဒေသနဲ့ ရှမ်းပြည်နယ်မှာ အင်အားဖြင့် နဲ့ နယ်မြေအားဖြင့် ကျယ်ပြန့်စွာစိုးမိုးထားတဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ရဲ့ တုံ့ပြန်ချက်၊ ဝေဖန်ချက်တွေဘာမှ ထွက်ပေါ်လာခြင်း မရှိတာတွေ့ရပါတယ်။ စစ်အာဏာသိမ်း ပြီးနောက်မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ကြားမှုတွေ၊ ငြိမ်းချမ်းရေး ဖြစ်စဥ်နဲ့ သက်ဆိုင်တဲ့ အထိမ်းအမှတ်နေ့တွေနဲ့ပတ်သက်ပြီး ဖိတ်ကြားမှုတွေ အပေါ် ရှမ်းလက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ အနေနဲ့ တုံ့ပြန်ခဲ့ပြီး နေပြည်တော်ကို သွားရောက်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပြီး ရှမ်းလက်နက်ကိုင် ၂ ဖွဲ့အကြားမှာလည်း မိမိတို့ရဲ့ နယ်မြေ ထိန်းချုပ်မှု စိုးမိုးမှု အနေအထားကို ထိန်းသိမ်းထားဖို့ကို ပိုမိုအာရုံစိုက်ခဲ့ကြတာ တွေ့ရပါတယ်။ 

အခြားသော တိုင်းရင်းသားဒေသတွေလို နွေဦးတော်လှန်ရေးအပေါ် လက်တွေ့အားဖြင့်သော်လည်းကောင်း စိတ်ဓာတ်ရေးရာအရ သော်လည်းကောင်း ပါဝင် ဆောင်ရွက်တာ ပူးပေါင်းဆောင်ရွက်တာလည်း မရှိသလို နယ်ခြားစောင့်တပ်တွေလို့ ခေါ်ဆိုတဲ့ ကရင် BGF လို၊ ပအို့ဝ် လက်နက်ကိုင်တပ် PLO လိုစစ်ကောင်စီနဲ့ ပူးပေါင်းကူညီတာမျိုးလည်း မတွေ့ရပါဘူး။ ရှမ်းလက်နက်ကိုင် တပ်တွေအနေနဲ့ ဆယ်စုနှစ်ချီတဲ့ အတွေ့အကြုံအရ၊ သမိုင်းကြောင်းအရ ပြည်မက စစ်တပ်နဲ့ တိုက်ခိုက်ခဲ့ကြတဲ့ သမိုင်းကြောင်းတွေရှိသလို ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းအကြားမှာလည်း နယ်မြေ စိုးမိုးမှုအရ တိုက်ခိုက်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။ 

အခု မြောက်ပိုင်း ၃ ဖွဲ့ လို့ခေါ်ဆိုတဲ့ MNDAA, AA, TNLA ရဲ့ တိုက်ခိုက်မှုက ရှမ်းလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ နယ်မြေ စိုးမိုးမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ ရှိကောင်း ရှိနေနိုင်တာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်နီးပါးကာလအတွင်း စစ်အင်အား တိုးပွားလာသလို ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေပိုကျယ်ပြန့်လာတဲ့ TNLA ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ အနီးကပ်စောင့်ကြည့် အကဲခတ်နေလိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ မကြာသေးခင် နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်တဲ့ သုတေသန အဖွဲ့ တဖွဲ့ဖြစ်တဲ ICG ရဲ့ အစီရင်ခံစာမှာ TNLA အဖွဲ့ အနေနဲ့ စစ်အာဏာသိမ်းပြီး ကာလတွေမှာ တပ်အင်အား တိုးချဲ့လာနေတာနဲ့ အမျှ နယ်မြေစိုးမိုးမှုကိုလည်း ချဲ့ထွင်လာတာတွေက အခြားသော တိုင်းရင်းသားလူမျိုးတွေနဲ့ အကျိုးစီးပွား ဆန့်ကျင်မှုတွေ ရှိလာနိုင်တယ်လို့လည်း ဖော်ပြခဲ့တာ တွေ့ရပါတယ်။ 

ရှမ်းမြောက်ဒေသမှာ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေ ဒေသအချို့ဟာ ရှမ်းတိုင်းရင်းသားတွေ နေထိုင်ကြတဲ့ ကျေးရွာတွေ ဒေသတွေဖြစ်ပြီး အခုတိုက်ပွဲတွေအပြီး စစ်ကောင်စီ တပ်တွေကို မောင်းထုတ်နိုင်ခဲ့ရင် လက်တွေ့တိုက်ခိုက်တဲ့ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တဖွဲ့ဖွဲ့က ၄င်းတို့ရဲ့ ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်အုပ်ချုပ်မှာလား အစရှိတဲ့ လက်တွေ့ကျတဲ့ ကိစ္စရပ်တွေက လူသိရှင်ကြား ပေါ်ထွက်လာချင်မှ ပေါ်ထွက်လာမှာဖြစ်ပေမယ့် အမှန်တကယ် ဖြစ်တည်ရှိနေပြီး၊ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အာရုံစိုက်နေကြမှာ မလွဲပါဘူး။ 

ပြည်မက စစ်အာဏာရှင် စနစ်ကျဆုံးရေး၊ ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ရေးလို့ ယေဘုယျ ပန်းတိုင်ထားကြတဲ့ လက်နက်ကိုင် အဖွဲ့တွေ၊ ထောက်ခံအားပေးကြတဲ့ လူထုတွေအနေနဲ့တော့ ဒီပြဿနာတွေ၊ ဒီလို နယ်မြေစိုးမိုးရေးဆိုတာတွေက ဒုတိယပြဿနာ၊ စစ်အာဏာရှင်စနစ်ကျဆုံးရေးက ပထမဦးစားပေး၊ ဘုံအကျိုးစီးပွားလို့ ယူဆကောင်း ယူဆကြမှာ ဖြစ်ပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အကြားမှာတော့ နယ်မြေ စိုးမိုးမှုနဲ့ ပိုင်နက် ပြဿနာဟာ လက်တွေ့အရေးကြီးတဲ့ ပြဿနာတရပ်အဖြစ် ရှုမြင်ထားကြပြီး၊  မိမိတို့ လူမျိုးစုတွေ နေထိုင်ကြတဲ့ ဒေသကို အဲဒီလူမျိုးစုနဲ့ သက်ဆိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်စိုးမိုးသင့်တယ်ဆိုတဲ့ ယူဆချက်လည်း ရှိနေကြတာ ဖြစ်ပါတယ်။ 

ဒါတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားက လက်တွေ့ ဆိုင်ရာ ပြဿနာတွေ၊ လျစ်လျူရှုလို့မရတဲ့ ကိစ္စရပ်တွေ ဖြစ်ပေမယ့် လူသိရှင်ကြား ဆွေးနွေးတာမျိုး ရှိချင်မှလည်း ရှိပါလိမ့်မယ်။ 

မြောက်ပိုင်းအဖွဲ့တွေ  စတင် တိုက်ခိုက်ပြီး သီတင်း တပတ်အကြာမှာတော့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့ရဲ့ တိုက်ခိုက်မှုကို တန်ပြန်ချေမှုန်းမယ်လို့ နိုဝင်ဘာ ၂ ရက်နေ့ စစ်ကောင်စီ ဝန်ကြီးတွေနဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်တယ်လို့ သတင်းတွေမှာ ပါရှိလာပါတယ်။ 

ဒါဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်မှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ပထမဆုံး ပြောဆိုမှုဖြစ်ပါတယ်။ စစ်ခေါင်းဆောင်က ၄င်းတို့အနေနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ ဒီလက်နက်ကိုင် တပ်ဖွဲ့တွေက အခုလိုတိုက်ခိုက်ဖို့ ပြင်ဆင်နေခဲ့တာလို့ စွပ်စွဲလိုက်ပါတယ်။ 

စစ်ကောင်စီဘက်က ဘယ်လောက်ထိ တန်ပြန်တိုက်ခိုက်နိုင်မလဲဆိုတာတော့ သံသယတွေ အများကြီးထွက်ပေါ်နေပြီး နိုင်ငံရဲ့ နေရာအတော်များများမှာ လက်နက်ကိုင် အင်အားစုတွေနဲ့ ရင်ဆိုင်၊ ထိန်းထားရတဲ့ အနေအထား အချို့နေရာတွေမှာ စစ်ကောင်စီတပ်တွေ အနေနဲ့ အထိအခိုက် အကျအဆုံးတွေ ဘယ်တုန်းကနဲ့မှ မတူအောင် မြင့်တက်နေတဲ့ အချိန်မျိုးမှာ တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့က အခက်အခဲတွေ အများကြီးရှိနေမှာ သေချာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar