Breaking News

တလနီးပါး ကာလအတွင်း စစ်ဘေးဒုက္ခသည် ၃ သိန်းကျော်တိုးလာ၊ လွိုင်ကော် တက္ကသိုလ်ပညာရေး ဝန်ထမ်းနဲ့ မိသားစု ၁၀၀ ကျော်နေရပ်ပြန်ဖို့ စီစဥ်

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၄ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၂၃

တလနီးပါး ကာလအတွင်း စစ်ဘေးဒုက္ခသည် ၃ သိန်းကျော်တိုးလာ၊ လွိုင်ကော် တက္ကသိုလ်ပညာရေး ဝန်ထမ်းနဲ့ မိသားစု ၁၀၀ ကျော်နေရပ်ပြန်ဖို့ စီစဥ်

အောက်တိုဘာ ၂၇ ရက်နေ့ စတင်တဲ့ ရှမ်းမြောက်ပိုင်း  စစ်ဆင်ရေးစတင်စဥ်ကနေ ၃ပတ်ကျော်ကြာ အတွင်း စစ်ဘေးရှောင် ၃ သိန်း ၃ သောင်း ၅ ထောင်ကျော် တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးက ထုတ်ပြန်လိုက်ပါတယ်။ 

အခုလို တိုးလာတဲ့ ဒေသတွေထဲ ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နဂို ရှိပြီး တသန်း ၇ သိန်းကျော်နဲ့ ပေါင်းလိုက်ရင် ၂ သန်းကျော်သွားပြီ ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းက ပြည်တွင်း စစ်ဘေးရှောင်ကိန်းဂဏန်းဖြစ်ပြီး ၂၀၁၇ ခုနှစ် စစ်ဆင်ရေးတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တိမ်းရှောင်ရတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်ပါ ပေါင်းလိုက်ရင် မိမိတို့ နေရပ်မှာ မနေထိုင်နိုင်တဲ့ သူ ၃သန်းကျော် အထိရှိမှာဖြစ်ပါတယ်။ 

စစ်ပွဲတွေဖြစ်ပွားတဲ့အခါ လက်နက်ကိုင် အဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေအကြား အရပ်သားတွေ အနေနဲ့ ထိခိုက်သေဆုံးမယ့် အန္တရာယ်ကြောင့် တိမ်းရှောင်ကြရတာ၊ စစ်ကောင်စီ တပ်တွေအနေနဲ့ အရပ်သားတွေ နေထိုင်ရာ မြို့တွေရွာတွေကို ထိခိုက်မှာကို မရှောင်လွှဲပဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ရပ်ရွာတွေထဲ ဝင်ရောက်လာတဲ့အခါ အရပ်သားတွေကို PDF အဖွဲ့ဝင် သံသယနဲ့ ဖမ်းဆီးတာ၊ ညှင်းပန်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းတာ၊ သတ်ဖြတ်တာတွေ ကြောင့် မိမိတို့ နေထိုင်ရာ ကျေးရွာတွေ မြို့တွေမှာ မနေထိုင်ရဲပဲ စစ်ကြောင်းမရှိတဲ့ ရွာတိုက်ပွဲနဲ့ လွတ်ကင်းရာ တခြားကျေးရွာမြို့တွေကို ထွက်ပြေးတိမ်းရှောင်ကြရတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်း တို့မှာတော့ ကျေးရွာတွေက တိမ်းရှောင်ကြရသူတွေ အနေနဲ့ အချိန်ကာလကြာရှည် တိမ်းရှောင်ကြတာထက် စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ကာလအပေါ်မူတည်ပြီး တိမ်းရှောင်ကြတာမျိုးဖြစ်ပြီး ရှမ်းမြောက်လို၊ ကချင်ပြည်နယ်လို၊ ရခိုင်ပြည်နယ်တို့လို နေရာတွေမှာတော့ မြို့နဲ့ ရွာနဲ့ ဝေးတဲ့နေရာတွေအထိ အချိန်ကာလ အတော်ကြာကြာ တိမ်းရှောင်ကြရတာမျိုးဖြစ်ပါတယ်။ အချို့သော ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေဟာ ယခင်နှစ်တွေတုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလတွေက တိမ်းရှောင်ခဲ့ကြရတဲ့ စစ်ဘေးရှောင်စခန်းတွေ ဖြစ်ပြီး နှစ်နဲ့ချီကြာမြင့်နေတဲ့ စစ်ဘေးရှောင်စခန်းတွေလည်း ဖြစ်ပါတယ်။ ရှမ်းမြောက်ဒေသမှာလည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဖြစ်ပွားတဲ့ စစ်ပွဲတွေကြောင့် နှစ်နဲ့ချီပြီး တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင် စခန်းအများအပြားရှိနေခဲ့တာ ဖြစ်ပါတယ်။ 

အခုဖြစ်ပွားနေတဲ့ စစ်ဘေးရှောင်ရတဲ့ အနေအထားနဲ့ မကြာခင်ကာလတွေမှာ တိုက်ပွဲတွေ အရှိန်ပိုမိုမြင့်မားလာပြီး ကျယ်ပြန့်လာနိုင်တဲ့ အလားအလာတွေလည်း တွေ့နေရတာကြောင့် စစ်ဘေးရှောင် အရေအတွက်က ဒိထက်ပိုမို တိုးမြင့်လာမယ့် အလားအလာတွေလည်း တွေ့မြင်နေရပါတယ်။ လတ်တလော ကရင်နီပြည်နယ်မှာ ဖြစ်ပွားတဲ့ လွိုင်ကော်မြို့ကို တိုက်ခိုက်သိမ်းယူဖို့ ကြိုး ပမ်းမှုမှာ မြို့ခံ သောင်းနဲ့ချီ ရှမ်းပြည်နယ်တောင်ပိုင်းကို စစ်ဘေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးကာလဟာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက် နက်ကိုင် အဖွဲ့ အများစု အနေနဲ့ တပြိုင်နက်တည်း တိုက်ခိုက်ပြီး စစ်အခြေစိုက်စခန်းတွေ၊ စစ်ကောင်စီ ထိန်းချုပ်မြို့တွေကို သိမ်းယူဖို့  အခွင့်အလမ်းတရပ်အနေနဲ့ ရှုမြင်လာခြင်းက စစ်ပွဲတွေ ကျယ်ပြန့်လာခြင်းရဲ့ အဓိက အကြောင်းတရပ်ဖြစ်နေပါတယ်။ ဒီအခွင့်အလမ်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့က အမိအရဆုပ်ကိုင်ကြသလို PDF တပ်ဖွဲ့တချို့လည်း လက်တွဲပါဝင် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်ထပ် အကြောင်းအရာတခုက လွိုင်ကော်တက္ကသိုလ်ကို ကရင်နီလက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့စဥ် အသက်အန္တရာယ်မကျရောက်အောင် အကာအကွယ်ပေး ထိန်းသိမ်းထားခဲ့တဲ့ တက္ကသိုလ် ပညာရေးဝန်ထမ်း နဲ့ ၄င်းတို့မိသားစုဝင် ၂၀၀ ကျော် အနက်က ၁၀၀ ကျော်ကို စစ်ဆေးမေးမြန်းပြီး နေရပ်ပြန်ဖို့ စီစဥ်တယ်ဆိုတဲ့သတင်း ဖြစ်ပါတယ်။ 

အခုလို ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုတွေကို ပြန်ပို့မယ့် ကိစ္စ မလုပ်ဆောင်မီ  Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ကောင်စီနဲ့ တစုံတရာ ပတ်သက်ဆက်နွယ်မှု ရှိ မရှိ စစ်ဆေးမေးမြန်းမှုတေ ပြုလုပ်ပြီး၊ ပြန်လည်ရောက်ရှိသွားတဲ့အခါ စစ်ကောင်စီရဲ့ ယန္တရားမှာ ပါဝင်ဆောင်ရွက်ခြင်း ပြုမှာမဟုတ်ကြောင်း ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး နေရပ်ပြန်ပို့ဖို့ ၁၀၇ ဦးကို ခွင့်ပြုခဲ့တဲ့ သဘောလို့ ယူဆရပါတယ်။ ကျန် ရှိတဲ့ ၁၀၀ နီးပါးသော ဝန်ထမ်းနဲ့ မိသားစုဝင်တွေကိုတော့ စစ်ဆေးမေးမြန်းမှု မပြီးစီးသေးလို့ ပြန်မပို့နိုင်သေးတဲ့ သဘောလို့လည်း ယူဆစရာရှိပါတယ်။ 

ဒီနေရာမှာ စီဒီအမ် မလုပ်သူများနဲ့ ပတ်သက်တဲ့ မူဝါဒနဲ့  စစ်ကောင်စီရဲ့ ယန္တရားမှာ ပါဝင်ဆောင် ရွက်ခြင်း မပြုစေဖို့ ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းတဲ့ ဆိုတဲ့ကိစ္စတွေက လက်နက်ကိုင်အဖွဲ့အစည်းတခုရဲ့ ဖိအားနဲ့လုပ်ဆောင်တဲ့သဘောမျိုး သက်ရောက်သလို၊ အတင်းအကြပ် ဖိအားပေး ခြိမ်းခြောက်တဲ့ အခြေအနေလို့ မဆိုနိုင်သည့်တိုင် အသက်ဘေးအန္တရာယ်၊ ထိန်းသိမ်းခံထားရနိုင်တဲ့အန္တရာယ်တွေကြောင့် လက်မှတ်ရေးထိုးရတာမျိုးလည်းဖြစ်နိုင်ခြေရှိနေတာပါ။ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့တက္ကသိုလ်မှာ ပညာရေးဝန်ထမ်းအဖြစ်လုပ်ဆောင်နေခြင်းကို စစ်ကောင်စီယန္တ ရားမှာပါဝင်နေခြင်းအထိ နိုင်ငံရေးအရ စွပ်စွဲပြောဆိုမှုတွေက အာဏာရှင်စရိုက်ဆန်တဲ့ သဘောသက်ရောက်တာ ဖြစ်ပါတယ်။ NUCC က ပြုစုခဲ့တဲ့ Non-CDM တွေနဲ့ ပတ်သက်တဲ့ စာတမ်းတစောင် ဖြန့်ဝေပြီးနောက် ဝေဖန်မှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ CDM  မလုပ်သူတွေကို အပြစ် ပေးမယ့် သဘောမျိုးရေးသားထားတာက အာဏာရှင်စရိုက်လက္ခဏာမျိုးလို့ ယူဆစရာ ဖြစ်နေတာပါ။ 

အခု ကရင်နီပြည်နယ် လွိုင်ကော်တက္ကသိုလ်က ပညာရေးဝန်ထမ်းတွေ နဲ့ပတ်သက်လို့ ခံဝန်ထိုးစေခြင်းလိုမျိုးဟာ စစ်အစိုးရတွေ အာဏာရှင် အစိုးရတွေရဲ့ လုပ်နည်းလုပ်ဟန်နဲ့ ခပ်ဆင်ဆင် ဖြစ်နေတာမျိုးကို ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းကြမယ်လို့ ရည်ရွယ်ထားတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ အထူးသတိပြုသင့်လှပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar