Breaking News

ကျော်မင်းထွန်း(NEW YORK) - ပေါက်ကွဲအားသော့ချက်

Art by Than Htay Maung
ပေါက်ကွဲအားသော့ချက်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၃

အီကွေတာက အပူထက်
အဝီစိငရဲက ပိုပူတယ်၊
အဝီစိငရဲက အပူထက်
အာဏာရှင်ငရဲက ပိုပူတယ်။

အပူထဲမှာ ပန်းတွေမပွင့်သလို
ပွင့်စရာပန်းလဲ အပူထဲမရှိတော့
အညောင်းပြေအညာပြေ ဆောင်းနှင်းရေ..
ခပ်သည်းသည်းလေး ရွာချပေးပါ။

ငါတို့ဟာ.. သတ္တိရှိသူပေမယ့်
မိုက်ရူးရဲဆန်သူတွေ မဟုတ်၊
ငါတို့ဟာ.. မျက်နှာအိုးမည်းသုတ်ပြီး
ခွက်စောင်းခုတ်ရမယ့်သူတွေ မဟုတ်၊
ငါတို့ဟာ.. အသုဘအိမ်ပေါက်မှာ
ပျောက်သွားတဲ့ဖိနပ်လည်း မဟုတ်၊
ပန်းတွေဟာ.. ဆိုင်ပေါ်မှာတင်ရောင်းခံရဖို့
ဖူးပွင့်လာတာမှ မဟုတ်တာ။

အာဏာရှင်အောက် ဒူးမထောက်ဖို့
ဘယ်လောက်ပဲညဉ့်နက်.. ညဉ့်နက်..
အရုဏ်တက်ဖို့ရှိသေးရင်
ညဉ့်နက်တယ်လို့ မဆိုနိုင်ဘူး။

၁၉၄၇ ပင်လုံသမိုင်းကို
စစ်သင်္ချိုင်းမှာ ဝှက်ထားလို့မရ၊
၂၀၂၁ နွေဦးတော်လှန်ရေးကို
အခွံနွှာပြီး လှီးကျွေးလို့မရ၊
အမှိုက်ပုံထဲပေါက်လာတဲ့ ကြာနီပန်းလို
ကပျာကယာချပြတဲ့ ချာတာလောက်တဲ့မရ၊
ဖက်ဒရယ်ကွန်စတီကျူးရှင်းသာ ရေးပြရင်
ဟီရိုရှီးမားပေါ်ကြဲချတဲ့ အဏုမြူဗုံးထက်
ပေါက်ကွဲအားပြင်းပြင်း တဗျင်းဗျင်း
နေ့ချင်းညချင်း အာဏာရှင်အသေထွက်မယ်။   ။

* (ချာတာ = Charter = ပဋိညာဉ်စာတမ်း)
* (ကွန်စတီကျူးရှင်း = Constitution = ဖွဲ့စည်းပုံအခြေခံဥပဒေ)


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar