၁၁၁၁ စစ်ဆင်ရေး နဲ့ ကရင်နီဒေသ မြို့သိမ်းတိုက်ပွဲ
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၁ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၃
၁၁၁၁ စစ်ဆင်ရေး နဲ့ ကရင်နီဒေသ မြို့သိမ်းတိုက်ပွဲ
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး လို့အမည်ပေးထားတဲ့ ထိုးစစ်တရပ် စတင်ပြီး သီတင်း ၂ ပတ်ခန့်အကြာမှာ ကရင်နီဒေသမှာ KNDF ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် က နိုဝင်ဘာ ၁၁ ရက်နေ့ကို အစွဲပြုတဲ့ ၁၁၁၁ စစ်ဆင်ရေး အနေနဲ့ ကရင်နီဒေသက ပြည်နယ် ရုံးစိုက်ရာ လွိုင်ကော်မြို့ကို သိမ်းဖို့ရည်ရွယ်တဲ့ စစ်ဆင်ရေးစတင်လိုက်ပါတယ်။ ဒီစစ်ဆင်ရေးမှာ ကရင်နီတပ်မတော် KA၊ လွိုင်ကော်၊ ဒီမော့ဆို၊ ရှမ်းတောင်ကာကွယ်ရေးတပ်တို့လို မြို့အလိုက်ဖွဲ့ထားတဲ့ PDF တပ်ဖွဲ့တွေလည်း ပါဝင် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်က စတင်တိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ မြို့ရဲ့ ရပ်ကွက်အချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဖယ်ခုံ၊ ဒီမောဆို စတဲ့နေရာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သတင်းတွေထဲမှာ ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။ ပထမနေ့ တိုက်ခိုက်မှုတွေကို ချုပ်ကြည့်တဲ့အခါ စစ်ကောင်စီ စခန်း ၇ ခုနကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီ လေတပ်က တိုက်လေယာဥ် တစင်း ဖရူဆိုမြို့နယ်ထဲ ပျက်ကျခဲ့တဲ့သတင်းကလည်း ယနေ့ သတင်းတွေထဲ ထိပ်တန်းသတင်း တပုဒ်ဖြစ်လာခဲ့ပါတယ်။ KNDF ဘက်ကတော့ စစ်ကောင်စီ တိုက်လေယာဥ်ကို ပစ်ချခဲ့တာလို့ ပြောဆိုထားပြီး စစ်ကောင်စီကိုထောက်ခံတဲ့ ဝါဒဖြန့်တယ်လီဂရန်တွေကတော့ စက်ချို့ယွင်းလို့ ပျက်ကျခဲ့ရာမှာ တိုက်လေယာဥ်မှူး ၂ ဦးက လေထီးနဲ့ ခုန်ထွက်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။ ခုန်ချသွားတဲ့ တိုက်လေယာဥ်မှူး တဦးရဲ့ လေထီး၊ ဦးထုပ်တို့ကို ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေက ရှာဖွေတွေ့ရှိထားတဲ့ ဓာတ်ပုံတွေလည်း သတင်းတွေထဲ ဖော်ပြထားကြပါတယ်။
လွိုင်ကော်မြို့ဟာ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်အဆင့် အုပ်ချုပ်ရေး ဌာနဆိုင်ရာ အသီးသီး ရုံးစိုက်ကြတဲ့ မြို့ဖြစ်လို့ အကယ်၍ ပြည်နယ်မြို့တော်ကို KNDF ကသိမ်းပိုက်နိုင်ခဲ့ရင် စစ်ရေး နိုင်ငံရေးအရ သက်ရောက်မှုကြီးမားမယ့် အနေအထားမျိုးလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ လွိုင်ကော်မြို့ကို KNDF တွေ တကြိမ်တိုက်ခိုက်ခဲ့ဖူးပြီး အဲဒီအချိန်က လွိုင်ကော်မြို့ပေါ်က လူသောင်းနဲ့ချီ ရှမ်းပြည်နယ် တောင်ပိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ အဖြစ်အပျက်လည်း ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလက လွိုင်ကော်မြို့သိမ်းဖို့ ရည်ရွယ်ချက်က မအောင်မြင်ခဲ့ပါဘူး။ ယခုတကြိမ် မှာ KNDF အနေနဲ့ ယခင်အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ပြီး အင်အားအရ မဟာဗျူဟာ အရ ပိုမိုသာလွန်ကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားကောင်း လုပ်ထားနိုင်ပါလိမ့်မယ်။
ယမန်နှစ် တိုက်ပွဲတွေ ဖြစ်စဥ်ကတော့ လူဦးရေ ၆ သောင်းကျော် နေထိုင်ကြတဲ့ လွိုင်ကော်မြို့ပေါ်က လူဦးရေ သောင်းဂဏန်းနဲ့ချီပြီး ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ တောင်ကြီးမြို့တို့အထိ တိမ်းရှောင်ခဲ့ကြပြီး အခုတကြိမ်မှာတော့ မြို့ပေါ်က ထွက်ပြေးတိမ်းရှောင်ကြတဲ့ သတင်းတွေ သိပ်မတွေ့ရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ၄င်းတို့ရဲ့ ပြည်နယ် အုပ်ချုပ်ရေးနဲ့ အရပ်ဘက် ဌာနဆိုင်ရာတာဝန်ရှိသူတွေကို ဘယ်လို ညွှန်ကြားချက်တွေ ထုတ်ထားသလဲ ဆိုတာ တိတိကျကျ မသိရှိရပါဘူး။
KNDF အနေနဲ့တော့ အခုတိုက်ပွဲက လူအင်အားရော စစ်လက်နက် ခဲယမ်းတွေ သာမန်တိုက်ပွဲတွေထက် ပိုအသုံးပြုရမှာဖြစ်ပြီး မြို့ကို သိမ်းယူနိုင်ခဲ့ရင် ဘယ်လို အစီအမံတွေနဲ့ ဆက်လက်ထိန်းသိမ်း အုပ်ချုပ်မလဲဆိုတဲ့ အထိပြင်ဆင်ထားကြဖို့ လိုအပ်မှာဖြစ်ပါတယ်။
ကရင်နီဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာပဲ မြန်မာနိုင်ငံအထက်ပိုင်း ကေအိုင်အေ နဲ့ ကောလင်း ပီဒီအက်ဖ်တွေ သိမ်းယူထားတဲ့ ကောလင်းမြို့ကိုလည်း စစ်ကောင်စီတပ်တွေက ပြန်လည်သိမ်းယူဖို့ ကြိုးပမ်းတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ကောလင်းမြို့ဟာ ခရိုင်မြို့ တမြို့ဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်းကမှ PDF တွေက သိမ်းယူခဲ့ပြီး ကောလင်းမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးတွေအားလုံး ရပ်ဆိုင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ရဲစခန်းတွေ၊ ခရိုင် အထွေထွေအုပ်ချုပ်ရေး ရုံးတွေအားလုံးကို PDF တပ်ဖွဲ့တွေက သိမ်းယူခဲ့ကာ ရဲစခန်းမှာ ချုပ်နှောင်ထားတဲ့ အချုပ်သား ၉၀ ကျော်ထဲက နိုင်ငံရေး ပုဒ်မနဲ့ ဖမ်းဆီးခံထားရသူ ၆၀ ကျော်ကို လွှတ်ပေးခဲ့တယ်လို့ လည်းသတင်းတွေထဲ ဖော်ပြထားတာ တွေ့ ရပါတယ်။
မြို့ခံတွေအနေနဲ့တော့ မြို့က နေအိမ်တွေမှာ ပြန်နေခွင့်မပြုသေးဘူးလို့ မြို့ကို ထိန်းချုပ်ထားတဲ့ PDF အဖွဲ့တွေက သတင်းမီဒီယာတချို့ကို ဖြေကြားထားပါတယ်။
စစ်ကောင်စီဘက်က မြို့ကို ပြန်လည်သိမ်းယူဖို့ ကြိုးစားမှုတွေ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တာကြောင့် လက်ရှိ အနေအထားမှာ မြို့ခံတွေကို ၄င်းတို့နေအိမ်တွေမှာ ပြန်နေထိုင်ခွင့် မပေးတာလို့ ယေဘုယျ နားလည်ထားကြတာ ဖြစ်ပါတယ်။ မြို့တွေကို သိမ်းယူနိုင်ခြင်းဟာ စစ်ရေး အရ အဓိကကျချင်မှ ကျမှာဖြစ်ပါတယ်။
သို့ပေမဲ့ စိတ်ဓာတ်ရေးအရ တက်ကြွမှု နဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားကို ပြသတာ ဖြစ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ မြို့တွေကို သိမ်းယူဖို့ ကြိုးစားလာတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ တဖက်မှာလည်း မြို့တွေကို သိမ်းယူပြီးနောက် ထိန်းသိမ်းထားနိုင်ဖို့ မြို့တွေမှာ ခုခံတိုက်ပွဲတွေ ဖြစ်ပွားလာတဲ့အခါ မြို့တွေ မီးလောင်ပျက်စီးတာမျိုး ၊ မြို့တွေက နေအိမ်တွေ၊ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးတာမျိုး မကြုံရအောင် ဘယ်လို ကြိုတင်ကာကွယ် ပြင်ဆင်ကြမလဲဆိုတာလည်း လက်တွေ့ ဖြေရှင်းရမယ့် ပြဿနာ တရပ်ဖြစ်သလို မြို့ခံတွေ အနေနဲ့ ၄င်းတို့မြို့ မှာတိုက်ပွဲတွေ ဖြစ်ပွားလာတာကို ဘယ်လိုသဘောထားကြမလဲ ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းစဥ်းစားထားဖို့ လိုအပ်မှာဖြစ်ပါတယ်။