အိုက်နီ (ဖြူး) - ကိုလံဘီယာပြည်တွင်းစစ်ကပေးတဲ့သင်ခန်းစာ (သို့မဟုတ်) စေ့စပ်ရေး၊တည်ငြိမ်ရေးမူဘောင်အောက်မှာ အောင်ပွဲမရနိုင်
ကိုလံဘီယာပြည်တွင်းစစ်ကပေးတဲ့သင်ခန်းစာ
(သို့မဟုတ်)
စေ့စပ်ရေး၊တည်ငြိမ်ရေးမူဘောင်အောက်မှာ အောင်ပွဲမရနိုင်
အိုက်နီ ( ဖြူး)
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၃
ကိုလံဘီယာ ပြည်တွင်းစစ်က နှစ် ၅၀ ကျော် ကြာမြင့်ခဲ့ပြီ။ အဓိက လက်ဝဲသူပုန် FARC နဲ့ အနောက်အုပ်စု ကျောထောက်နောက်ခံပေးထားတဲ့ ကိုလံဘီယာအစိုးရတပ်မတော်နဲ့ (၁၉၆၄) ခုနှစ်မှာ စပြီး လက်နက်ကိုင်တိုက်ပွဲ ဖြစ်လာတာဖြစ်ပါတယ်။ စစ်အေးကာလရဲ့အမွေဆိုးလို့လည်း ခေါ်ရမည့် ကိစ္စရပ်ပါ။
FARC ( Revolutionary armed forces of Columbia – people’s army) စပိန်လို Fuerzas armadas revolucionarias de Columbia အတိုကောက် FARC လို့ ခေါ်ဝေါ်ကြပါတယ်။ FARC ဟာ Guerrilla လှုပ်ရှားမှု (မြို့ပြပြောက်ကျား) ကို အခြေပြုပြီး ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ကိုလံဘီယာရဲ့ Guerrilla Movement ဆိုတာက (၁၈၀၈) ခုနှစ်တွင် ပြင်သစ်စစ်အာဏာရှင်နပိုလီယံရဲ့ကျူး ကျော်နယ်ချဲ့မှုကို ဆန့်ကျင်ရာမှ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်အခြေခံပြီး စတင်ဖွဲ့စည်းခဲ့တာပါ။ FARC ယုံကြည်တာက Columbia အစိုးရကို ကျောထောက်နောက်ခံပေးတဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု ရဲ့ကျူးကျော်နယ်ချဲ့မှုကိုဆန့်ကျင်ရန် ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။ FARC ရဲ့ နိုင်ငံရေးအတွေးအခေါ်က မာ့က်စ်၊ လီနင်ဝါဒကို အခြေခံပေမဲ့ အမျိုးသားရေးစိတ်ဓာတ်တွေတော့ တခါတရံမှာပေါ်လွင်တတ်ပြီး နယ်ချဲ့ရန်ကာကွယ်ဖို့အတွက်ဆိုပြီး ပြည်သူ လူထုရဲ့ထောက်ပံ့မှု၊ ထောက်ခံအားပေးမှုကို ရရှိထားပါတယ်။ ချေဂွေဗားရားရဲ့ သမိုင်းအမွေအနှစ်ကို ဆက်ခံမည့် Foco Theory ကိုလည်း လက်ခံယုံကြည်ထားပါတယ်။ မဟာမိတ်အနေဖြင့် Euskadi Ta Askatasuna / National liberation army/provisional irish Republican army ဆိုတဲ့ (၃)ဖွဲ့ နဲ့ မဟာမိတ်ပြုထားပါတယ်။အဆိုပါ (၃)ဖွဲ့လုံးက မာ့က်စ်ဝါဒ အခြေခံတဲ့ လက်ဝဲသူပုန်တွေပဲ ဖြစ်ပါတယ်။ United Nation အဆိုအရ အရပ် သားသေဆုံးမှုမှာ FARC နဲ့ National liberation army တို့ကြောင့် (၁၂) ရာခိုင်နှုန်း လက်ယာစွန်းမျိုးချစ်တွေကြောင့် (၈၀) ရာခိုင်နှုန်း ကိုလံဘီယာအစိုးရလုံခြုံရေးတပ်ဖွဲ့တွေကြောင့် (၈) ရာခိုင်နှုန်းလို့ ဆိုထားပါတယ်။
FARC ရဲ့ အင်အားအတောင့်အတင်းဆုံးကာလတွေနဲ့ စစ်ရေးအရှိန်မြှင့်တက်မှုက ၂၀၀၇ ခုနှစ်ဖြစ်ပြီး တပ်ဖွဲ့ဝင်အမျိုးသားအမျိုးသမီးတပ်ဖွဲ့ဝင် ၁ သောင်း၈ ထောင်ခန့်ရှိတယ်လို့ဆိုပြီး ကိုလံဘီယာအစိုးရကတော့ ၁ သောင်း ၃ ထောင်ခန့်ပါဝင်တဲ့သူပုန်အဖွဲ့လို့ စာရင်းထုတ်ပြန်ပါတယ်။ FARC တပ်ဖွဲ့ဝင် (၅၀) ရာခိုင်နှုန်းက မြို့ပြပြောက်ကျား တိုက်ပွဲဝင်နေတဲ့ အရေအတွက်ပဲဖြစ်ပါတယ်။ (၂၀၁၁) ခုနှစ်တွင် သမ္မတ Juan Manualel Santolက FARC သူပုန်အဖွဲ့က ၁သောင်းအောက်လျော့နည်းသွားပြီလို့ ဆိုပြီး (၂၀၁၃) ခုနှစ်တွင်တော့ (၂၀၀၂)ခုနှစ်မှ (၂၀၁၃)ခုနှစ်အတွင်း စာရင်းအတိအကျကို (၂၆၆၄၈) ဦးလို့ စာရင်းအတိအကျ အစီရင်ခံပြန်ပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်သူများရဲ့ စာရင်းအရ (၂၀၀၆) ခုနှစ်တွင် FARC၏ (၁၀) ရာခိုင်နှုန်း ကနေ (၁၅) ရာခိုင် နှုန်းအထိ စစ်သားစုဆောင်းခဲ့ပြီး (၄၀) ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ FARC ရဲ့ ကြီးမားတဲ့တပ်တွေက ကိုလံဘီယာ ဧရိယာ (၅၀၀၀၀၀) square kilometres ရဲ့ အရှေ့တောင်ပိုင်း မြောက်ပိုင်း အနောက်တောင်ဘက် တောင်တန်းတွေမှာ အခြေပြုထားပါတယ်။ United Nation အဆိုအရ FARC တပ်ဖွဲ့ကို (၁၉၆၄) ခုနှစ်မှ (၁၉၉၇)ခုနှစ်အတွင်း ကိုလံဘီယာအစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပါတယ်။ (၂၀၁၂) ခုနှစ်မှာ FARC သည် စွမ်းအင်အသုံးပြုဖွဲ့စည်းထားသော ကာကွယ်ရေးစစ်ရေးဆိုင်ရာအဆောက်အအုံတွေကို (၂၃၉) ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ (၂၀၁၆) ခုနှစ်မှာ ကိုလံဘီယာသမ္မတ Juan Manuel Santol နှင့် ကျူးဘားနိုင်ငံ ဟားဗားနားမှာ အပစ်အခတ်ရပ်ဆဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကိုလံဘီယာသမ္မတ က FARC နှင့် (၄) နှစ် ငြိမ်းချမ်းရေးဆွေးနွေးမည်လို့ ကြေညာမှုအပြီး အောက်တိုဘာ(၂) ရက်နေ့တွင် လူထုဆန္ဒခံယူပွဲကျင်းပခဲ့ရာ ၅၀.၂၄ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့ကြပါတယ်။ ကိုလံဘီယာအစိုးရနဲ့ FARC သည် နိုဝင်ဘာ (၁၂) ရက်နေ့တွင် သဘောတူညီချက် (၂၄) ချက်ကို နိုဝင်ဘာလ (၃၀) ရက်နေ့တွင် လွှတ် တော်ရဲ့သဘောတူညီချက်ရယူခဲ့ပါတယ်။ အထက်ပါအကြောင်းအရာတွေကတော့ ကိုလံဘီယာပြည်တွင်းစစ် သမိုင်း ကြောင်းနောက်ခံတွေပဲ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်ဆဲပြီး မကြာခင်ရက်ပိုင်းက FARC မှ ထုတ်ပြန်ကြေညာချက် တခုထွက်ပေါ်လာတယ်လို့ BBC က ကြေညာပါတယ်။ အဲ့ထုတ်ပြန်ကြေညာချက်ထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလ (၃) နှစ်အတွင်း FARC လိုလားသူ ဒေသခံလူထုခေါင်းဆောင် (၅၀၀) ကျော်နှင့် FARC တပ်ဖွဲ့ဝင် (၁၅၀) ခန့်ကို အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူမဆန်စွာသတ်ဖြတ်မှုတွေကြောင့် လက်နက်ကိုင်တော် လှန်ရေးပြန်လုပ်ပြီး အောင်ပွဲအရယူမည်ဆိုတဲ့ ကြေညာချက်ပဲဖြစ်ပါတယ်။
ဒါကတော့ ဗမာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မကြာခဏဆိုသလို သွား ရောက်လေ့လာနေတဲ့ ကိုလံဘီယာရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက အဆုံးသတ်တော့မည့်အခြေအနေပဲဖြစ်ပါတယ်။ ကိုလံဘီယာသမ္မတဖြစ်သူ Juan Manuel Santol နဲ့ FARC ခေါင်းဆောင်တွေဟာ ဘယ်လိုပင်ကြိုး စားနေပါစေ နိုင်ငံငယ်လေးတွေရဲ့ ပြည်တွင်းရေး တည်ငြိမ် အေးချမ်းမှု ကိုမလိုလားတဲ့နိုင်ငံကြီးတွေနဲ့ သူ့ရဲ့ဩဇာခံအစိုးရတွေက နှောင့်ယှက်ဖျက်ဆီးနေတယ်ဆိုတာကို သင်ခန်းစာယူဖွယ်ကောင်းလှပါတယ်။ လီနင်ရဲ့ State and Revolution စာအုပ်ရဲ့အဆိုနဲ့ နိဂုံးချုပ်ရရင် “ ဖောက်ပြန်ပျက်ဆီးနေတဲ့ ယန္တရားဟောင်းရဲ့အခြေခံအဆောက်အဦတွေ မဖယ်ရှားခြားဘဲ နိုင်ငံသစ်တည်ဆောက်လို့မရဘူး “ ဆိုတဲ့အဆိုအမိန့်အတိုင်း ကိုလံဘီယာသမ္မတကလည်း ယန္တရားအဟောင်းအခြေခံကိုမဖျက်ဆီးနိုင်ဘဲ လစ်ဘရယ်မူဘောင်အောက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကတော့ နိဂုံး ချုပ်သွားခဲ့ရပါတယ်။ ဗမာပြည်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကလည်း (၂၀၂၁) ခုနှစ်စစ်အာဏာသိမ်းပွဲအပြီးမှာ နိဂုံးချုပ်သွားခဲ့ပြီဆိုတာ အားလုံးအသိပင်ဖြစ်ပါတယ်။
(၂၀၂၀) ခုနှစ် အထွေထွေရွေးကောက်ပွဲရလာဒ်အကြောင်းပြုပြီး (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာ ဏာသိမ်းပွဲမှာ စစ်အုပ်စုက အာဏာကို လက်မလွှတ်ချင်တာနဲ့ စစ်အာဏာသိမ်းပိုက်တာဖြစ်ပြီး နောက်ဆက်တွဲအကျိုးရလာဒ်အဖြစ် မလွှဲမရှောင်သာဘဲပေါ်ပေါက်လာရတဲ့ ပြည်သူလူထုရဲ့ခုခံတော်လှန်ရေးစစ်ပွဲဟာ လစ်ဘရယ်ဒီမိုကရေစီရဲ့ စေ့စပ်ညှိနှိုင်းလို့မရတဲ့ လူတန်းစားတိုက်ပွဲပါ။ အုပ်စိုးသူစစ်အုပ်စုနဲ့ ဖြန်ဖြေစေ့စပ်လို့မရဘဲ သူသေကိုယ်ရှင် အနိုင်တိုက်ပွဲဝင်ရမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လက်နက်ကိုင်တပ်တွေအသီးသီးပေါ်ထွန်းလာတဲ့အခါ တခုတည်းသောဗဟို (အမိန့်ပေးဌာန) ဖွဲ့စည်းရမှာဖြစ်သလို တပ်တွေကို နိုင်ငံရေးအရအတွေးအခေါ်လက်နက် တည်ဆောက်ပေးရပါမယ်။ နိုင်ငံရေးခေါင်းဆောင်မှုမရှိရင် လက်နက်ကိုင်တပ်တွေက အချိန်မရွေး ဓားပြဂိုဏ်းဘဝကိုရောက်နိုင်သလို၊ ဆင်ကန်းတောတိုးဝါဒ၊ လှည့်လည်တိုက်ခိုက်လိုတဲ့တောပုန်းဘဝတွေကိုလည်း အချိန်မရွေးရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် လက်နက်ကိုင်တပ်တွေကို နိုင်ငံရေးခေါင်းဆောင်မှုရှိတဲ့တပ်တွေအဖြစ်ပြောင်းလဲပြီး တပြည်လုံးကိုကိုယ်စားပြုတဲ့တပ်ပေါင်းစုကို မဖြစ်မနေဖွဲ့စည်းရပါမယ်။
အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူလူထုကို ကိုယ်စားပြုတဲ့အစိုးရဖြစ်သော်လည်း လက်နက်ကိုင်တော် လှန်ရေးကို ခေါင်းဆောင်နိုင်စွမ်းမရှိဘူးဆိုတာ လက်တွေ့ကာလ (၂) နှစ်ကျော် (၃) နှစ်ကာလအတွင်း အားလုံးနားလည်သဘောပေါက်ပြီး ဖြစ်ပါတယ်။ အင်အားကြီးမားတဲ့ နိုင်ငံတော်အဆင့် စနစ်တကျစုဖွဲ့ထားတဲ့ ရန်သူစစ်အုပ်ကိုရင်ဆိုင်တိုက်ပွဲဝင်တဲ့အခါမှာ တစုတဖွဲ့ထဲရင်မဆိုင်နိုင်တဲ့အခါမှာ နိုင်ငံရေးအရစုဖွဲ့ထားတဲ့ တပ်ပေါင်းစုံပါဝင်တဲ့ ဘုံသဘောထား၊ ဘုံလုပ်ငန်းစဉ်နဲ့ တပ်ပေါင်းစုဖွဲ့ပြီးရင်ဆိုင်မှသာလျှင် အောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။ “အတွေးရှင်းမှ အလုပ်ရှင်းတယ်” ဆိုတဲ့စကားအတိုင်း တပ်ပေါင်းစု စုဖွဲ့ရာမှာ အတွေးအခေါ်အရ ရှင်း လင်းပြတ်သားပြီး ရန်သူစစ်အုပ်စုနဲ့ မစေ့စပ်ရေး၊ စစ်အာ ဏာရှင်စနစ်ကို ဘယ်လိုပုံသဏ္ဍာန်မျိုးနဲ့မှ တည်ရှိခွင့်မပေးဘဲ ဗမာ့မြေ ပေါ်မှာ စစ်အာဏာရှင်စနစ်ကို မြေမြှပ်သင်္ဂြိုဟ်ပစ်ရမယ်ဆိုတဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်နဲ့သာတိုက် ပွဲဝင်မှ အောင်ပွဲရရှိပြီး ဗမာပြည်ရဲ့ထွန်းလင်းလာမယ့်နေ့သစ်ကို ကြိုဆိုရမှာ မလွဲဧကန်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
အိုက်နီ(ဖြူး)
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar