Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၇ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၇ )

(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၂၃

3/12/23

Diary in the darkness

သူငယ်ချင်း ဖုန်းဆက်တယ်။ လောက်ကိုင်မှာ ပိတ်မိနေတဲ့ သူ့သမီး ဒီနေ့ ရန်ကုန်အိမ်ကို ပြန်ရောက်ပြီတဲ့။ လောက်ကိုင် လားရှိုး ခရီစဉ်ကို သုံးည လေးရက် ကြာခဲ့တယ်လို့ သိရတယ်။ အဲဒီနောက် လားရှိုးက တဆင့် တောင်ကြီးမြို့ကို ဖြတ်ပြီး ရန်ကုန်ကို လာခဲ့ရတယ်လို့ သိရတယ်။ လောက်ကိုင် လားရှိုး ခရီးစဉ်ကတော့ တော်တော်ကြမ်းတယ်။ ဆိုင်ကယ် ခဏခဏ ဗွက်နစ်တယ်။ သူတို့ကလည်း ဆိုင်ကယ် မစီးတတ် စီးတတ်နဲ့ ထွက်ပြေးခဲ့ရတာ။ စစ်ရှောင်အချင်းချင်း ကူညီကြလို့သာ လားရှိုးကို အသက်ရှင်လျက် ရောက်လာတာလို့ပြောပါတယ်။ fb ပေါ်မှာတော့ လောက်ကိုင် စစ်ရှောင်တွေဟာ မြေသယ်ကားတွေ၊ ကိုယ်ပိုင်ကားတွေနဲ့ တသွယ်၊ ဆိုင်ကယ်တွေနဲ့တမျိုး တချို့က ခြေလျှင်လျှောက်လို့ တဖုံ လားရှိုးဖက်ကို ဦးတည်လာနေကြတာ မျက်စိတဆုံး မြင်ရပါတယ်။ ဗွီဒီယို ကလစ်တခုမှာတော့ လားရှိုးဒေသခံတွေက လမ်းခရီးမှာ လက်ဖက်ထမင်းနဲ့ ကြက်ဥကြော် စတုဒီတာ ကျွေးနေတာ မြင်ရပါတယ်။ လူတွေက အားရဝမ်းသာ တိုးလို့ ဝှေ့လို့ ။

ရန်ကုန်မှာတော့ လူထုဟာ စစ်ကိုကြောက်ကြောက်နဲ့ရင်ဆိုင်ဖို့ ပြင်ဆင်နေကြတာတွေ့ရတယ်။ ပြေးကာ လွှားကာ ဆန်ဝယ် ဆီဝယ်။ တတ်နိုင်သေးသူတွေကတော့ ဝယ်နိုင်ကြပါသေးတယ်။ အများကတော့ ငုတ်တုတ်မေ့နေကြပြီ။ တနေ့က စစ်ကောင်စီတပ်တွေ ဖျက်ဆီးခဲ့တဲ့ မြောက်ဒဂုံ လေးဆယ် ရပ်ကွက်ဈေးနားက နတ်စင်လမ်းမှာ ဗုံးပေါက်တယ်။ ရပ်ကွက် အုပ်ကြီးတွေက ဦးစီးပြီး ပျော်ပွဲရွှင်ပွဲ လုပ်နေလို့တဲ့။ ဒီနေ့ ဓာတ်ဆီဈေးလည်း တက်ပြန်ပြီတဲ့။ ရန်ကုန်မြို့ ရန်ကင်းရဲ စခန်းကို တော်လှန်ရေး‌ ပြောက်ကျားတပ်တွေက ဝင်တိုက်တဲ့သတင်းကလည်း လူတွေကြားမှာ ပျော်ပျော်ကြီး အထိတ်တလန့် ဖြစ်နေကြတယ်။

ခြေရင်းအိမ်က တိုက်ဆောက်လို့ ပြီးသွားပါပြီ။ အုတ်တံတိုင်းနဲ့ ခြံစည်းရိုး အသစ်ပြန်ခတ်တော့ ကျနော်တို့ ခြံစည်းရိုးက ဂွေးတောက်၊ မန်ကျည်း၊ ကင်ပွန်းချဉ်၊ ဆူးပုတ်ပင်ကလေးတွေ မျိုးပြုတ်ပြီ။ ဟင်းသီးဟင်းရွက်ဈေးက ခေါင်ခိုက်။ ကန်စွန်းရွက်တစည်း ငါးရာ။ ဟင်းတခွက်စာ ဆိုရင် တစ်ထောင်ဖိုးမှ။ လမ်းထဲက အိမ်ရှင်မတွေ ကန်စွန်းရွက် တစ်ထောင်ဖိုး ဝယ်ပြီး ဈေးကပြန်လာရင် ငါကွ ဆိုတဲ့ မျက်နှာပေးနဲ့ ခေါင်းမော့ ရင်ကော့လို့။ စားဝတ်နေရေးအကြောင်း တွေးမိရင် အသက်ရှူကြပ်တယ်။ စစ်ကောင်စီတပ်တွေ တပ်ရင်းအလိုက်လက်နက်ချသတင်းတွေကြားရတော့ အသက် ရှူချောင်သလိုလို။ အားတွေရှိလို့။ ရင်ခုန်သံတွေတောင် မြန်လို့။ 

မေမြို့‌‌ ရောက် သူငယ်ချင်းတစ်ယောက်က ကျောက်မဲဆရာတော် တရားအသံဖိုင်တခု မက်စင်ဂျာက ပို့လိုက်တယ်။ မင်းအောင်လှိုင် အမြင်မှန်ရပြီး လက်နက်ချဖို့ တိုက်တွန်းထားတဲ့ ဖိုင်ပါ။ မင်းအောင်လှိုင်ဟာ အကြောင်းရင်းကို မကြည့်ဘဲ ဖြစ်ပေါ်လာတဲ့ အကျိုးတွေကိုသာ လိုက်ကြည့်ပြီး အပေါ်ယံ ဟန်ပြအလုပ်တွေ လိုက်လုပ်နေကြောင်း ဝေဖန်ထောက်ပြတယ်။ နောက်သူငယ်ချင်းတစ်ယောက်က အဲဒီအသံဖိုင်ဟာ ကျောက်မဲဆရာတော်ရဲ့ အသံဖိုင်မဟုတ်ဘဲ ဝါရှောင်ဆရာတော် ရဲ့ ဟောပြောချက်သာ ဖြစ်ကြောင်း ဗီဒီယို ကလစ်တခု ပို့လိုက်တယ်။ ဝါရှောင် ဆရာတော်ရဲ့ အသံက ကျောက်မဲဆရာတော်ရဲ့ အသံနဲ့ တော်တော်တူတယ်။ မှားလည်း မှားချင်စရာပါ။ ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်ကို ဝေဖန်ရှုတ်ချတယ်ဆိုရင် လူတွေက ဝမ်းသာကြ။ လက်ခုပ်တီးကြ။ သာဓုခေါ်ကြ။ တော်တော်ကုသိုလ်ထူးတဲ့ မင်းအောင်လှိုင်ပါတကား။ 

ဘဏ်က ငါးထောင်တန်နဲ့ တစ်သောင်းတန် ငွေစက္ကူ အသစ်ပူပူ‌ နွေးနွေးတွေထုတ်ပေးနေတယ်လို့ လုပ်ငန်းရှင်တစ်ယောက်က သူ ထုတ်လာတဲ့ တစ်သောင်းတန် တစ်ထုပ်ကို ပြရင်း ပြောပါတယ်။ သူ့လေသံက ငွေစက္ကူအသစ်တွေ ကိုင်ရတာကို ထိတ်လန့်နေပုံရပါတယ်။ 

နှစ်သစ်မှာ လူသစ်၊ စိတ်သစ်၊ စနစ်သစ်ကို မျှော်နေတဲ့ ကျနော်လဲ ငွေစက္ကူအသစ်‌တွေကို မြင်တော့ လန့်ဖျပ်သွားတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ 

ခုတလော ဘာမှန်းမသိတာတွေ မြင်ရင် ဘာကြောင့်မှန်းမသိ လန့်ဖျပ်နေမိတယ်။ 

အန်ကယ် တူမီး

3/12/23

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar