Breaking News

ခွန်ကကြီး - မအလနဲ့ အခထ


ခွန်ကကြီး - မအလနဲ့ အခထ

(မိုးမခ) ဒီဇင်ဘာ ၅ ၊ ၂၀၂၃


တက်ကြွတဲ့ ပအိုဝ်းကြက်ဖအသိုင်းအဝိုင်းမှာတော့ စစ်အုပ်စုနဲ့ PNO ကို ဆေးဂျပိုးနဲ့ ခွေးသူခိုးလို့သာ သုံးနှုန်းကြတယ်။ PNO က ဆေးဂျပိုး၊ စစ်အုပ်စုကတော့ ခွေးသူခိုးပေါ့။ စစ်ခွေးဆိုတာက အာဏာသိမ်းပြီးနောက်ပိုင်း စကစပိုင် ဝေါဟာရဖြစ်သွားတာဘဲ။ လိုင်းပေါ်က လူတွေ စကားနဲ့ပြောရရင် ခွေးတွေတောင် အဲဒီဝေါဟာရစွန့်သွားပြီတဲ့။ သူတို့ အဲဒီလောက် မယုတ်မာဘူးဆိုတဲ့‌သဘော။

PNO ပြည်သူ့စစ်နဲ့ စစ်အုပ်စုပေါင်းပြီး ကိုယ့်ပအိုဝ်းလူမျိုးတွေကို ပြန်ထောင်း၊ အာဏာသိမ်းတာဆန့်ကျင်တဲ့ ပအိုဝ်းလူငယ်တွေကို ဖမ်းဆီးပြီး စစ်ကောင်စီလက်အပ်။ ကရင်နီကိုပါ စစ်ကောင်စီနဲ့ပေါင်းတိုက်နေကထဲက PNOလဲ ခွေးသူခိုးနာမည်ပါ ရသလောက် ဖြစ်နေပါပြီ။ စကစကလဲ ထိုနည်း၎င်းပါဘဲ၊ ဆေးဂျပိုးလုပ်နေတာ ကြာပြီ။ ‌ 

ဒီစကားမှန်ကြောင်း ဖြစ်စဉ်တခု အောက်တိုဘာ ၁၁ ရက်နေ့က တောင်ကြီးမှာ ဖြစ်ခဲ့ပါတယ်။ မြို့ပေါ်မှာတင် မူးယစ်ဆေးဂိုဏ်းသားတွေ အပြန်အလှန် ပစ်ကြ ခတ်ကြတာ အက်ရှင်ကားရိုက်နေသ‌လားတောင် ထင်မှတ်ရပါတယ်လို့ အဲဒီနားက လူတွေက ပြောကြတယ်။ အဲဒီပစ်ခတ်မှုဟာ ဆေးသယ်လာတဲ့ PNO ကားကို စကစဘက်က ဖြတ်စားရာက ဖြစ်ကြတာပါ။ အဲဒီဖြစ်စဉ်မှာ စကစရဲ့ စရဖဘက်က ဗိုလ်ကြီးတယောက် သေပြီး နှစ်ယောက် သေနိုင်တဲ့ဒဏ်ရာရတယ်။  PNOဘက်က ဗိုလ်ကြီးခွန်အုံးမောင်လွတ်သွားပြီး သုံးယောက် အဖမ်းခံရတယ်။ လေးယောက် သုံးယောက်ဖိုက်ကြတာမဟုတ်ဖူး။ စကစဘက်က အရေအတွက်ပိုများတယ်။ ဆေးတွေကို သူတို့ကားပေါ် လွှဲပြောင်းတင်ခိုင်းပြီးမှ အပြတ်ရှင်းတဲ့သဘော ကြိုပုန်းအောင်းနေတဲ့ စစ်သားတွေက စပစ်တာပေါ့။ 

ဒီနှစ်ဂိုဏ်း ဆေးသယ်ဆေးဝယ် ဆေးလုဆေးခိုး ဒီလိုမျိုး ဆေးဂျပိုးက ကျနေကျမို့ တကယ်တော့ ဒီဖြစ်ရပ်မျိုးတွေဟာ ရှမ်းတောင်မှာ မဆန်းပါဘူး။ သတင်းဖြစ်သွားတာကတော့ လိုင်းပေါ်ရောက်သွားလို့ပါ။ ပစ်ရင်းခတ်ရင်း ဗိုလ်ကြီးပါသေသွားတဲ့သတင်း လိုင်းပေါ်တက်သွားတော့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်-ရပခလဲ တိုင်ပတ်၊ အင်း တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်ကြီးကို သတ် ပြေးသွားတယ်ဖြစ်ရပြီပေါ့။ ပြီးတော့ အသတ်ခံရတာက ခုတလော တပ်ထဲမှာ တန်ခိုးပိုထွားကျိုင်းလာတဲ့ စရဖတပ်လေ။ တပ်မှာလဲ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ခွက်စောင်းခုတ်ပြီး တယောက်နေရာ တယောက်ယူဖို့ ချောင်းနေကြချိန်မဟုတ်လား။ လာဘ်ပေးလာဘ်ယူမှာတော့ ဆေးကိစ္စက ဆင်လေ။ သူ့ထက်ကြီးတာ မိုးမြင့်ထွန်းတို့ စိုးထွဋ်တို့လို ဂေါ်ဇီလာတွေဘဲ ကျန်တော့တယ်။ ဒီအမှုက အခန့်မသင့်ရင် တိုင်းမှူးပါ လိုင်းပူးသွားနိုင်တာမျိုး။ ပစ်ခတ်တဲ့ဆေးဘီလူးနှစ်ဖွဲ့လုံးက သူ့အောက်ကချည်းဆိုတော့ အဲတော့ အင်း. ကျောက်ဖြာတင်းတာပေါ့လေ။

ပြဿနာက စကထဲက ချိန်းဆောနဲ့ဆိုတော့ ဘူဒိုဇာပါ လာရပြီလေ။ ထွက်ပြေးလွတ်မြောက်သွားတဲ့ဗိုလ်ကြီးခွန်အုံးမောင်က PNOဗဟိုလုံခြုံရေးအထူးတပ်ရင်းက။ ဘဏ္ဌာရေးမှူး။ အဲဒီတပ်ရင်းကို ဗိုလ်မှူးခွန်အောင်ကျော်အုပ်ချုပ်တာ။ သူက ဦးအောင်ခမ်းထီသား။ ကဲ မပြောဘူးလား၊ ချိန်းဆောနဲ့စခဲ့တာဆိုတော့ ဘူဒိုဇာနဲ့ပါ ထိုးရမယ့်အဆင့်လို့။ 

ရှမ်းပြည်ဆိုတာက မြန်မာ့တပ်မတော်နဲ့ ပြည်သူ့စစ်တွေပေါင်းပြီး ဘိန်းဖြူနဲ့ မူးယစ်ဆေးပြားထုတ်လုပ်တဲ့ပြည်ဘဲလေ။ တကယ်တော့ သူတို့ချင်းက ဖြတ်လုတာပဲ ရှိတာ။ မူးယစ်ဆေး နှိမ်နင်းတယ်ဆိုတာ မရှိဘူး။ အဲဒီရက်ပိုင်းကတောင် ကိုးကန့်တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်သားနဲ့ ဆေးထုတ်တွေ တွဲမိသေးတယ်။ တပ်ရင်းမှူးက သယ်ခိုင်းတာတဲ့။ 

ကရင်နီကို တိုက်ဖို့ တဖက်က PNOကို အသုံးချနေရချိန်မှာ သတင်းကလဲ ဖြစ်သွား၊ တပ်ထဲမလဲ PNOကို မထိရဲဘူးလားဆိုပြီး ပွက်စီပွက်စီ ရှိလာတော့ ဗိုလ်ကြီးခွန်အုံးမောင်အစား သူ့တပ်ရင်းမှူးဗိုလ်မှူးခွန်ဗိကို လာဆွဲသွားရော။ သူပါ ပတ်သက်သလိုလို၊ အုန်းမောင်ရရင် ပြန်လွှတ်ပေးမလိုလိုလဲ အသံထွက်ရဲ့။ တပ်ရင်းကို တိုက်ရိုက်ကွပ်ကဲတဲ့ ဦးအောင်ခမ်းထီသား ဗိုလ်မှူးခွန်အောင်ကျော်ကိုတော့ မထိရဲဘူး။ ဟိုဘက်မှာ မအလ၊ ဒီဘက်မှာ အခထလေ။ မအလလာရင်ကို အခထဆီ သွားသွား လက်အုပ်ချီရတာကို ပအိုဝ်းတွေကြားမှာ သိသိသာသာ ဂုဏ်ယူကြ။ ဒါကလဲ ပအိုဝ်းတွေအပေါ် ဦးအောင်ခမ်းထီ ဩဇာကြီးရတဲ့အချက်တခု။

၂၁ ရက်နေ့က အင်းလေး ဖောင်တော်ဦးဘုရားပွဲကို မအလ လာဖို့ရှိတော့ အဲဒီကိစ္စ မအလနဲ့ အကထ ရှင်းကြမယ်ဆိုပြီး အသံထွက်လာပေမယ့် မအလက ဘုရားကအပြန် အကထဆီ မလာဘဲ ရှမ်းကိုယ်စားပြု အောက်စဖို့စ်ဆရာတော်ဆီ သွားလိုက်တယ်။ ဆရာဒကာ ဖူးကြ မျှော်ကြတယ်ပေါ့လေ။ အဲနေ့မနက်ကဘဲ ရပခဘက်က သိန်းလေးထောင်နဲ့အမှုကြေအေးပေးလိုက်တယ်။ ဗိုလ်မှူးခွန်ဗိမျက်နှာလဲ သပြေသီးအပြည့်နဲ့ပေါ့။ သူတို့က ဆေးအပြင် သိန်းလေးထောင်ပါ ရလိုက်တာပေါ့။ လောလောဆယ် နှစ်သီး။ နောက်ထပ်လဲ ရောင်းတော့ တသီး၊ ဖမ်းတော့ တသီးနဲ့ အသီးတွေက အများကြီးလာအုံးမှာ။

မအလက ပအိုဝ်းနဲ့ ရှမ်းကြား ခပ်စိပ်စိပ် ပြန်ကစားလာတယ်။ ဒါမျိုးက တိုင်းရင်းသားတွေကြား ကစားနေကျ အကွက်ဟောင်းပေမယ့် ကောင်းနေတုန်းဆိုတော့ ပအိုဝ်းလူကြီးတွေ ကျောစိမ့်သွားတယ်ဆိုပဲ။ PNO ခေါင်းဆောင်ပိုင်းတွေဟာ အကျိုးစီးပွားအရရော နိုင်ငံရေးအရပါ ခြေကလဲ အတော်ကျွံပြီးကြပြီ မဟုတ်လား။ လောလောဆယ်တော့ အကထဟာ မအလ လက်ခုပ်ထဲက ရေ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar