ဆယ်ပေါင်တူ - ဒီနောက်က ကြင်စိုး၏ နောက်တိုးနံမည်သစ်
ဆယ်ပေါင်တူ - ဒီနောက်က ကြင်စိုး၏ နောက်တိုးနံမည်သစ်
(မိုးမခ) ဒီဇင်ဘာ ၉ ၊ ၂၀၂၃
‘ဟေ့ကောင်တွေ လေယာဉ်တက်သွားပြီလား၊ လက်နက်ကြီး ပစ်ကူလည်း ပေးဦး၊ လိုဏ်ခေါင်းထဲ အထိ ရောက်နေပြီ၊ လိုဏ်ခေါင်းထဲအထိ ရောက်နေပြီကွ၊ အယိုးခံ (အဲ)အလုံးခံရတော့မယ် မြန်မြန်လေးလုပ်ပေး၊ မင်းတို့ ငါ့ကို ဟိုကောင်တွေလို ဂျင်းမထည့်ကြနဲ့နော် တကယ်လွှတ်ကြ’
‘ဟုတ်ကဲ့.. အဘကာချုပ် တက်သွားပါပြီ၊ ရောက်တော့မယ်၊ တောင့်ထား အဘ၊ ခဏလေး တောင့်ခံပေး၊ တစီးပြီးတစီး လာမယ်၊ ဟုတ်.. အဘတပ်ချုပ် လေးစားပါတယ်’
‘ဟဲလို အဘ..အဘ၊ ဟဲလို အဘမအလ၊ ဟဲလို အဘသာဝ၊ အဘကြင်စိုး၊ အဘပျော့’ ဆိုသည့် စကားသံများနောက် မှာ ‘မင်းတို့ အဘလည်း သေပြီ သိလား လက်နက်ချလိုက်နော် အဖမ်းခံလိုက် အညံ့ခံလိုက်’ဟု အော်ပြောလိုက်သည့် တော်လှန်ရေးတပ်ဖွဲ့များ၏ အသံကို ကြားလိုက်ရပြီးနောက် ကြင်စိုးတယောက် ဇောချွေးတွေပြန်ကာ အိပ်မက်က လန့်နိုးသွားသည်။
ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်ဆိုသော်လည်း အယူသီးလှသည့် ကြင်စိုးတယောက် ကောင်းကောင်း ပြန်အိပ်၍ မရတော့။ တကယ်တော့ သူ အပါအဝင် ဘယ်သူကမှ ရဲဘော်ရဲဘက်စိတ်မရှိ၊ တယောက်နှင့် တယောက် ထိုးကျွေးဖို့လည်း ဝန်မလေးကြလေတော့ ငါ့အလှည့်ကျရင်လည်း ပါးစပ်ကပဲ လွှတ်လိုက်ပြီ၊ တက်သွားပြီ၊ ပို့လိုက်ပြီ၊ ရောက်တော့မယ် ဆိုတာမျိုးနှင့်သာ ကြုံရမည်ကို နားလည်ပြီး စိတ်ကယောက်ကယက် ဖြစ်နေလေသည်။
မျက်တွင်းဟောက်ပက်နှင့် ကြင်စိုးက ဧည့်ခန်းထဲမှာ သတိဆွဲပြီးစောင့်နေသည့် မဲလုံးကို ဆိုဖာပေါ် ထိုင်ဖို့ လက်ဟန်နှင့် အသာညွှန်ပြသည်။ မျက်နှာမသာမယာ ဖြစ်နေသော ကြင်စိုးကို မြင်လိုက်သည်နှင့် ညက အိပ်မက်ဆိုးတွေ မက်ပြီး ကြောက်ကြောက်လန့်လန့် ဖြစ်နေသည့်ပုံပဲလို့ မဲလုံး အတပ်သိလိုက်သည်။
အာဏာသိမ်းပြီး ကတည်းက ညညဆို အိပ်ကောင်းခြင်း မအိပ်ရပါဘူးကွာလို့ သူ့ကို ကြင်စိုးက မကြာမကြာ ပြောပြတတ်သည်။
‘ဒီနေ့ ဘရွှေတို့ ခြောက်လုံးတန်းမှာ စီနီယာတွေက တွေ့ချင်လို့ဆိုလို့ သွားရဦးမယ်။ စိတ်တော့မပါပါဘူးကွာ၊ ဒီလူတွေက သူတို့ခေတ်တုန်းကကျ လုပ်ချင်တာလုပ်၊ ဗိုလ်ကျချင်သလိုကျ၊ ခိုးချင်သလိုခိုး စားချင်သလို စားခဲ့ကြပြီး အရူးမီးဝိုင်းဖြစ်နေတဲ့ ငါ့ကိုကျတော့ မစာနာကြဘူး။ ဘာလုပ်ပေးပါဦး ညာလုပ်ပေးပါဦးနဲ့၊ ဘယ်လိုလူတွေလည်း မသိပါဘူး’
ကြင်စိုး လေသံနားထောင်ရင်း တိုက်ပွဲသတင်းတွေ ပြောပြဖို့ ပြင်နေသည့် မဲလုံး ဆွံ့အသွားသည်။
အကျအရှုံး စာရင်းများသာ ပြောရမှာဆိုတော့ ကြင်စိုး စိတ်မကြည်လင်တုန်း မဲလုံးမပြောချင်။
မပြောမဖြစ်သည့် အန္တရာယ် အငွေ့အသက်များကိုတော့ ရိပ်ဖမ်းသံဖမ်း ပြောလိုက်သည်။
‘အဘ.. အသွားအလာတော့ ဆင်ခြင်ရမယ်ဗျ၊ အခု သုံးနေတဲ့ ဒရုန်းတွေကို ဘယ်လိုမှ တားလို့မရတော့ဘူး၊ ပြီးတော့ သူတို့က အပေါ်ကနေ ကြည့်ပြီး အကောင်ကြီးကြီးတွေကို ရွေးပြီးချနိုင်တယ်’
အင်း အဲဒီလိုဆို ရုပ်ဖျက်ပြီး သွားလာကြမှဖြစ်မယ်၊ ဟု ကြင်စိုး ပြန်ပြောလိုက်ကာ ဆရာ တပည့် နှစ်ယောက် အလုပ်ရှုပ်သွားလေတော့သည်။
‘ဒီ’နောက်ကကောင်က ဘာဖြစ်နေတာလဲ စာဖတ်သူကြီးက ဧည့်ခန်းတွင်းရှိ တိုင်ကပ်နာရီကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
‘ဒီ’နောက်ကကောင် ဟုပြောလိုက်သဖြင့် အခန်းတွင်း ထိုင်စောင့်နေကြသော ဟိုဘတ်ဘတ်ကြီး၏ နောက်၊ ဒီဘတ်ဘတ်ကြီး၏နောက်များသို့ လှမ်း၍ ကြည့်လိုက်ရင်တော့ လွဲသွားပေလိမ့်မည်။ ‘ဒီ’နောက်ကကောင် ဆိုသည်က တော်ရုံနှင့် ခန့်မှန်းမိကြမှာ မဟုတ်သည့် ကြင်စိုး၏ နံမည်ဝှက်သာ ဖြစ်သောကြောင့်ပင်။
တကယ်တမ်းပြောရရင် ကြင်စိုးမှာ နံမည်တွေက ခပ်များများ၊ လိုက်၍ပင် မမီနိုင်အောင် အချိန်နှင့်အမျှ ပြောင်းလဲနေလေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် အနည်းဆုံး အမည် ၃ ခုပြောင်းသွားနိုင်သည်က ကြင်စိုး၏ ပါရမီဟု ပြောရချေမည်။
ဆိုကြပါစို့၊ မိန့်ခွန်းပြောစရာရှိ၍ စကားပြောစင်မြင့်သို့ အသွားတွင် ကြင်စိုး၏အမည်သည် ကြင်စိုးပင် ဖြစ်နေသေးသည်။ သို့သော် စကားပြောစင်မြင့်နောက်၌ ရပ်လိုက်သည်နှင့် ကြင်စိုးမှသည် တခဏချင်း ကြင်ပု ဖြစ်သွားလေသည်။ အဝေးမှ လှမ်းကြည့်ပါက ကြင်စိုး၏ ဦးခေါင်းပြတ်ကြီးကို တင်ထားသကဲ့သို့ မြင်ကြရပေမည်။
ကြင်စိုးမှ ကြင်ပု ဖြစ်သွားသော်လည်း ဤမှာတင်မရပ်၊ ‘တပ်မတော်ကို မုန်းတီးလို့ ပေါ်ပေါက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဆိုတာ ယနေ့အထိမရှိဟု’ အတည်ပေါက်နှင့် ဆိုလိုက်သောအခါတွင်မူ ထိုအနှီ ကြင်ပုသည် ကြင်ပေါအဖြစ် တမုဟုတ်ချင်း ပြောင်းလဲသွားလေတော့သည်။ ၃ စက္ကန့်အတွင်း ၃ မည်ရ ကြင်စိုး ဖြစ်သွားချေပြီ။
စာဖတ်သူကြီး ဦးဆောင်သော ကြင်စိုး၏ စီနီယာ ဘတ်ဘတ်ကြီးများအုပ်စုကမူ ကြားလိုက်သည်နှင့် ကြင်စိုးကို ရည်ရွယ်ပြောဆိုမှန်း လုံးဝမသိသာရစေအောင် သတိကြီးကြီးထား၍ ရွေးချယ်ခေါ်ဝေါ်ကြသည်။ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား၊ ဖြုတ်ထုတ်သတ်ရမှာ ထိုးကျွေးရမှာ စိုးစဉ်းမျှ ဝန်မလေးကြသော ဒီပုတ်ထဲမှ ဒီပဲ ဘတ်ဘတ်ကြီးများသာ ဖြစ်၍ မလုပ်ရဲတာ ဘာမှမရှိသော ကြင်စိုး၏ရန်ကို လွတ်အောင်ရှောင်ဖို့ စဉ်းစားထားကြသည်။ လျှို့ဝှက်ကုဒ်တခုလို ဂရုတစိုက် အမည်ပေးကြသည်။
အထက်ကကဲ့သို့သော လျှို့ဝှက်နံမည်ကို မည်သူပေးထားခဲ့သနည်းဟု ခက်ခက်ခဲခဲ တွေးစရာ မလို၊ သူတို့ထဲတွင် စာဖတ်သူကြီးလို လူက နောက်တယောက် မရှိ။ ကြင်စိုး ကြားရင်တောင် ရိပ်စားမိမှာ မဟုတ်သည့် ဤအမည်ကို ကြားခါစက သူတို့ထဲမှ ဘယ်ဘတ်ဘတ်ကြီးကမှ ကြင်စိုးနံမည်ဟု မခန့်မှန်းနိုင်ကြ။ ထိုမျှ တုံးရ၊ နရကောင်းလား ဆို ပြီး စာဖတ်သူကြီးကတောင် စိတ်ဆိုးခဲ့သေးသည်။ နှိပ်ပေးနင်းပေးနေကျ ဘတ်ဘတ်ကြီး တယောက်က လေသံတိုးလေးဖြင့်
‘ပြန်ဝန်ဟောင်းဆိုရင်တော့ သိမှာ၊ သူက ဘုတ်အုပ်ကြီးတွေ ဖတ်တတ်တယ်တဲ့၊ အခုတော့ ၁၀ နှစ်ကျသွားပြီ ဆိုတော့ လှမ်းမေးလို့ မရတော့ဘူး ဘရွှေ’
‘မင်းတို့ကွာ အေဘီစီဒီလေးတောင် မသိကြဘူးလား၊ ဒီနောက်ကကောင်က ‘အီး’ကွ၊ တချို့က ရွှံ့ကိုကိုင်ရင်တောင် ရွှေဖြစ်တယ်တဲ့၊ အရည်အချင်းရှိတာ တော်တာကိုပြောတာ၊ အေး ကြင်စိုးကျတော့ ရွှေကို ကိုင်ရင်တောင် အီးဖြစ် တဲ့ကောင် အဲဒါကြောင့် ဒီကောင့်ကို ‘ဒီ’နောက်က ကောင်လို့ ငါက နာမည်ဝှက်ပေးလိုက်တာ၊ မှတ်ထားကြ ကြင်စိုး ဆိုတာ ဒီ’နောက်က အီး ကွ။
ဤသို့ဖြင့် ဇာတ်ရည်လည်သွားကြသော်လည်း မသဲမကွဲ စကားသံတခု ခပ်လှမ်းလှမ်းက ထွက်လာပြီး တချို့ လိုက်ရယ်ကြသည်။ ‘သူပဲ သူကြီးဖြစ်နေတုန်းက ရွေးခန့်ခဲ့ပြီးတော့ အခုကျမှ၊ အင်း... ဒါဆိုသူလည်း အီးသူကြီးပေါ့’ ထိုအသံကိုတော့ ဘရွှေ မကြားလိုက်။
သိပ်တော့မကြာ၊ ကြင်စိုး ရောက်လာသည်။ ရောက်လာပြန်တော့လည်း သူတို့တသိုက် ပါးစပ်ကြီးအဟောင်းသား ဖြစ်ရတော့သည်။ အစိမ်းရောင် ဂါဝန်ကြီးတဖားဖားနှင့် ကြင်စိုး LV အိတ်ကို စတိုင်နှင့် ကိုင်ပြီး ပေါက်ချလာ၍ပင်။ သူ့နောက်က ကုတ်ချောင်းကုတ်ချောင်းနှင့် ပါလာသော မဲလုံးကလည်း အစိမ်းရောင် ဂါဝန်တထည်ကို ဝတ်လို့။
ဆံပင်အတုစွပ်ထားကြရုံသာမက ဟိုအတု ဒီအတုတွေလည်း တပ်ထားကြပြီး မိတ်ကပ်ဖွေးဖွေး နှုတ်ခမ်းနီရဲရဲနှင့် ကြင်စိုးတို့ ဆရာ တပည့်နှစ်ယောက်ကို မြင်လိုက်ရသည့်အခါ အခန်းတွင်းရှိ စီနီယာ ဘတ်ဘတ်ကြီး အားလုံး အံ့ဩမင်သက်သွားကြသည်။ ဒါကို ရိပ်မိသွားသည့် ကြင်စိုးက
‘ဒရုန်းဗျ၊ ဒရုန်းကြောင့် ရုပ်ဖျက်ထားရတာ၊ အပေါ်က လှမ်းကြည့်ရင် မျက်စိလည်သွားအောင်လို့၊ပြီးတော့ ပိုပြီး မရိပ်မိအောင် ထော်လာဂျီနဲ့ လာကြတာ၊ ယာဉ်တန်းနဲ့ဆို သိသာမှာစိုးလို့၊ ပုံမှားရိုက်နိုင်အောင်လို့လည်း ဘရွှေ သမက် တင်ထားတဲ့ နေဝင်ညကို ကူးခတ်ပြီးမှ ရောင်နီသာတဲ့နေ့သစ်ကို ရောက်မယ် ဆိုတာကို ထော်လာဂျီပေါ်မှာ အော်ဆိုလာကြသေးတာ’
ထို့နောက် ထုံးစံအတိုင်း စိတ်ထဲက ပါဟန်မတူသော်လည်း အဘတန်သည် အဘ၊ အကိုကြီးတန်သည် အကိုကြီး၊ နေကောင်းကြလား ဘာညာသာရကာဆိုပြီး ခပ်ပြုံးပြုံးဖြင့် ဟိုပြောဒီပြော လုပ်လေတော့သည်။
ဘတ်ဘတ်ကြီးများခမျာ အလွန်အမင်း စိတ်ပျက်သွားဟန် ရှိသော်လည်း ဂါဝန်စိမ်းနှင့် ကြင်စိုးကိုအသာပဲ ကြည့်နေကြသည်။ မနေနိုင်တော့သည့်အဆုံး စာဖတ်သူကြီးက
‘ဗိုလ်ကြင်စိုး ဂါဝန်ကြီး ခဏလဲထားပါဦးလား ပြီးမှ ပြန်ဝတ်ပေါ့’
‘ရတယ် ဘရွှေ၊ ကျနော်လည်း အချိန်ကြာကြာနေမှာ မဟုတ်တော့ ဒါပဲ ဆက်ဝတ်ထားလိုက်မယ်။
ကျနော်နဲ့ လိုက်တယ် မဟုတ်လား ဟဲ ဟဲ ဟဲ’
ပြောမရတော့သည့်နောက် ကြင်စိုးကို ကြည့်ရင်း စာဖတ်သူကြီးက စကားလိုက်သည်။
‘ဗိုလ်ကြင်စိုး ပြောတဲ့ ပြည်ပဒရုန်းပညာရှင် ၆၅၀၀ လောက် ဆိုတာ သိပ်များမနေဘူးလား’
‘မများဘူး ဘရွှေ မယုံရင် မဲလုံး မေးကြည့်’
မဲလုံးကလည်း အလိုက်တသိနှင့် ဂါဝန်ကို အသာလှန်ပြီး ဘောင်းဘီအိတ်ကပ်ထဲက စာရွက်တရွက် ထုတ်ကြည့်ကာ
‘မများပါဘူးခင်ဗျ၊ ဒါတောင် ခွင့်သွားနေတဲ့ ၆၅၀၊ ကိုဗစ်ဖြစ်နေတဲ့ ၆၅ ယောက်၊ ခွင့်မဲ့ပျက်နေတဲ့ ၆ ယောက်ခွဲတို့ကို ကျနော် ထည့်တွက်မထားသေးဘူးခင်ဗျ’။
ရှင်းလင်းပွဲများတွင် လိမ်သားတကျ ဖြစ်နေသည့် မဲလုံးက အတည်ပေါက်ဖြင့် ဝင်ဖြေပေးလိုက်သည်။
သူ့ထက် အများကြီး စီနီယာကျသူ ဘတ်ဘတ်ကြီးများ ရှေ့တွင်ဖြစ်၍ အတော်လေး ရိုရိုကျိုးကျိုးတော့ ရှိသည်။
‘၆ ယောက်ခွဲ ဆိုတာက ဘယ်လိုဖြစ်တာလဲကွ’ ဘတ်ဘတ်ကြီးတယောက်က တုတ်ကောက်ကိုအားပြုထိုင်နေသည့်ကြားက မျက်မှောင်ကြီးကုတ်ပြီး မေးလိုက်သည်။
‘တယောက်က ကိုယ်ဝန်နဲ့မို့ပါခင်ဗျ’ အားလုံးက ဒေါ်စိန်အေးကျောင်းဆင်းတွေချည်းဖြစ်လို့ အယုံအကြည် သိပ်မရှိသော်လည်း အငြင်းဆက်မပွားချင်၍ ထပ်မမေးတော့။ စာဖတ်သူကြီးကတော့ သိပ်ကျေနပ်ဟန်မတူ။
‘အခု ဗိုလ်ကြင်စိုး တပ်ဖွဲ့စည်းပုံနဲ့ဆို တပ်ရင်းပေါင်း ၅၀၊ ၆၀ လောက်ရှိတဲ့ အရေအတွက်လေ၊ လက်နက်ကိုင်ထားတဲ့ အင်အားတွေဆို အဲဒီထက် အပုံကြီးများမှာလို့ တွေးမိကြမှာပေါ့။ အဲဒီလို ပြောလိုက်ကာမှ ပိုကြောက်လန့်ပြီး အလံဖြူ ပိုထောင်ကြလိမ့်ဦးမယ်’
‘အလံဖြူ ကိစ္စကတော့ ကျနော်လည်း ဘာမှ မလုပ်တတ်တော့ဘူး ဘရွှေရေ၊ ကျနော်နဲ့ မဲလုံးဆိုရင်လည်း အခုနောက်ပိုင်းဆို အတတ်နိုင်ဆုံး တိုက်ပုံအဖြူပဲ ဝတ်ကြတော့တာ၊ အလံဖြူပြဖို့ လွယ်တာပေါ့’
ကြင်စိုးစကားအဆုံးမှာ ဘတ်ဘတ်ကြီးတို့ ပို၍ မျက်နှာမသာမယာ ဖြစ်ကုန်ကြသည်။
‘ကျနော့်ကို အမြန်တွေ့ချင်တယ်ဆိုတဲ့ ကိစ္စအကြောင်းကို ပြောပါဦး၊ ဘာများလဲ ဘရွှေ’
‘ဒီလိုကွ၊ ငါတို့တတွေက နေပြည်တော်မှာဆိုပေမယ့် ငါနဲ့ မင်းရဲ့စီနီယာအကိုကြီးတွေ ပိုင်တဲ့ တန်ဖိုးကြီး အိမ်ခြံမြေ တွေက တပြည်လုံး နေရာအနှံ့မှာရှိတာဆိုတော့ အဲဒါတွေအတွက် လုံခြုံရေးပေးဖို့ ပြောချင်တာ’
သူ ပြန်အဖြေကို စောင့်နေသည့် ဘတ်ဘတ်ကြီးများကို အသာဝေ့ကြည့်ရင်း ကြင်စိုးက
‘ဒါတော့မလွယ်ဘူးဗျ၊ အခုက (၃) နှစ်တောင် မပြည့်သေးဘူး၊ ဟိုဘက်က သာလွန်အင်အား ဖြစ်သွားပြီဆိုတော့ အိမ်လုံခြုံရေး ဆိုတာမျိုး အတွက်တော့ ဘယ်လိုမှ အင်အားထပ်ခွဲပေးလို့ မဖြစ်နိုင်ဘူး’ဟု ခပ်မြန်မြန် ပြောချလိုက်သည်။
ပြောပြီးတော့မှ တစုံတခုကို သတိရသွားပြီး ‘အင်း ဒါပေမဲ့လည်း ကိုယ့်စီနီယာတွေက ပြောတာဆိုတော့ စဉ်းစားပေးရမှာပေါ့၊ ကဲ မဲလုံး အိမ်စာရင်းတွေ လိုက်ကောက်လိုက်ကွာ’ ဟုဂါဝန်ကို ပြန်ဆန့်ရင်း ကြင်စိုး အမိန့်ပေးလိုက်သည်။
ဟုတ်ကဲ့ အဘဟု ပြန်ပြောပြီး မဲလုံး ဘတ်ဘတ်ကြီးတို့ဆီက အိမ်ခြံမြေစာရင်းများကို မေးမြန်းကာစာရင်းစာရွက်ကို ကြင်စိုးလက်ထဲ ထည့်လိုက်သည်။
စာရင်းရှည်ကြီးကို အသာလှမ်းကြည့်ပြီး ကြင်စိုးက နေရာရွေ့သွားဟန်ရှိသည့် တင်တု ရင်တုတို့ကို ဘယ်ညာ အ ထက်အောက် ၊ ညာဘယ် အောက်အထက် ပြန်ချိန်ဆရင်း အသာရွှေ့နေသေးသည်။
စိတ်ကျေနပ်သွားလေကာမှ ‘ကျနော့်ဘက်ကလည်း တခုပြောစရာရှိတယ်၊ အခုလိုတပ်က အကျပ်အတည်းဖြစ်နေချိန်မှာ အဘတို့ အကိုကြီးတို့ ရဲ့ ပိုင်ဆိုင်မှုတွေထဲက တယောက်ကို အိမ်တလုံးလောက်တော့ ပြန်လှူသင့်တယ်ထင်တယ်၊ စာရင်းဖတ်ရတာ ခင်ဗျားတို့ ပိုင်တာတွေက မနည်းမနောပဲ’
ဘတ်ဘတ်ကြီးတို့ဆီက မကျေမနပ် တီးတိုး စကားသံများ ထွက်လာသည်။ ဒါကို ရိပ်မိသည့် ကြင်စိုးက ‘သာတယ် နာတယ် သဘောမထားကြနဲ့ဗျာ၊ ကျနော်ဆိုရင်လည်း အိမ်တလုံးလုံး အရောင်းစားခံထားရပြီးပြီ၊ အဘ တို့ဘက်ကလည်း အဆုံးရှုံးခံသင့်တာပေါ့၊ လိုအပ်ရင် ကျနော်တို့ ဒေါ်စိန်အေးကျောင်းဆင်းတွေက ဘယ်အရွယ်ပဲ ဖြစ်ဖြစ် ထွက်တိုက်ကြရမှာ၊ အင်း အိမ်လှူထားရင်တော့ ကျနော်တမျိုးစဉ်းစားပေးရမှာပေါ့’
ဘယ်သူကမှ ကျေနပ်ဟန်မတူသော်လည်း သူတို့ကို လူလည်ကျလိုက်သည့် ကြင်စိုးကို ဘာမှ ပြန်မပြောရဲကြ။ ထိုင်နေ အကောင်းသားလို့ တွေးမိရင်း ကြင်စိုးကို အကူအညီတောင်းမိခါမှ အိမ်တလုံးစီ ပါသွားကြသည့်အဖြစ်က ခံရ ခက်လွန်းလှသည်။ အခုတော့ နယ်လှည့် ပါးမရိုက်ရဲတော့သည်မို့ ကိုယ့်ပါးကိုယ် ပြန်ရိုက်ဖို့သာ ရှိတော့သည်။
တကယ်တမ်းက ကြင်စိုး ဆိုတာ သူတို့၏ဂျူနီယာ၊ ကုန်ကုန်ပြောရရင် သူတို့၏ ကျေးဇူးမကင်းခဲ့သူ။
သူတို့အပြစ်လည်း ပါသည်၊ ကြင်စိုး ဆိုတာက ကျေးဇူးတရား သိတတ်သူ မဟုတ်တာ သူတို့အရင်ကတည်းက သိခဲ့ပြီး သား။ ပြောရရင် သူတို့အားလုံးက ဘာကျေးဇူးတရားမှ သိတတ်ကြသူတွေ မဟုတ်။ ပြည်သူတွေ၏ ကျေးဇူးတရားဆိုရင် ပိုလို့တောင်ဝေးသေး။ အခုတော့ အလကားနေရင်း ဘရွှေအိမ်ကအပြန် အိမ်တလုံးစီ ကြင်စိုး လက် ထဲပါ သွားလေပြီ။
ထော်လာဂျီပေါ် ပြန်တက်ပြီး ထွက်သွားသော ဂါဝန်စိမ်းတဖားဖားနှင့် ဆရာ တပည့် နှစ်ယောက်ကို လှမ်းကြည့်ရင်း ကျန်ရစ်ခဲ့သော ဘတ်ဘတ်ကြီးတို့၏ ဒေါသအိုးများ ပေါက်ကွဲလေတော့သည်။ တချို့က ငါနှင့် ကိုင်တုတ်ကြသည်။ ပျစ်ပျစ်နှစ်နှစ် ဆဲကြသည်။ ပြီးတော့ တယောက်က ကြင်စိုးက အင်္ဂုလိမာလနဲ့မခြားဟု ပြောသည်။ နောက်တယောက်က အဇာတသတ်လိုဟု ဆိုသည်။ နောက်တယောက်က ဒေဝဒတ်လို ဟု ပြောပြန်သည်။
သူတို့ ပြောတာတွေကို နားထောင်အပြီး စိတ်ကိုအတော်ထိန်းထားရဟန် ရှိသည့် စာဖတ်သူကြီး မကျေမချမ်းနဲ့ ဝင် ပြောလိုက်တာက ‘ဒီကောင်က နံမည်တခုတည်းနဲ့ မလုံလောက်ဘူး ၊ သရီးအင်ဝမ်း ကော်ဖီမစ်လို မင်းတို့ပြောတာတွေအားလုံး ပေါင်းပြီး ပြောရလောက်အောင် ဆိုးဝါးတဲ့ ကြင်ဂုလိအဇာဝဒတ်၊ ကြင်ဂုလိအဇာဝဒတ်ကွ’တဲ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar