စစ်ကောင်စီတပ်ရဲ့ စစ်သားစုဆောင်းရေး နည်းလမ်းသစ်
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၈ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၂၃
စစ်ကောင်စီတပ်ရဲ့ စစ်သားစုဆောင်းရေး နည်းလမ်းသစ်
စစ်မျက်နှာ အများအပြားမှာ တိုက်ခိုက်နေရတဲ့ စစ်ကောင်စီ အနေနဲ့ လျင်မြန်စွာ လျော့ပါးလာနေတဲ့ စစ်သားအင်အားအတွက် တပ်သားသစ် စုဆောင်းရေးကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတာ ဖြစ်ပြီး ခု နောက်ဆုံးကြားသိရတဲ့ နည်းလမ်းကတော့ အကျဥ်းထောင်ထဲမှာ ပြစ်ဒဏ်ကျနေတဲ့ စစ်မှုထမ်းဟောင်းတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လတ်တလော လိုအပ်နေတဲ့ တိုက်ခိုက်ရေးတပ်တွေမှာ စစ်မှုထမ်းဖို့ အလဲအလှယ်လုပ်ပြီး အကျဥ်းထောင်တွေကနေ ခေါ်ယူသွားနေတဲ့ သတင်းတွေဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးနောက်မှာ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းကို လူအများရဲ့ ရွံ့မုန်းမှုက ပိုမိုကျယ်ပြန့်လာနေပြီး စစ်အာဏာသိမ်းမှု မတိုင်ခင် ရရှိနေတဲ့ စစ်သားစုဆောင်းမှု အချိုးအစားထက် သိသိသာသာ လျော့နည်းပြီး စုဆောင်းရရှိတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်တက္ကသိုလ်လို အရာရှိဖြစ်မယ့် သင်တန်းလိုမျိုးတောင် လျှောက်ထားသူ သိသိသာသာ နည်းပါးလာတဲ့အကြောင်း သတင်းတွေမှာ တွေ့မြင်ကြားသိနေကြရတာ ဖြစ်ပါတယ်။
မြန်မာ စစ်တပ်က စစ်အင်အားစုဆောင်းတဲ့ အခါမှာ တပ်သားသစ် ရရှိနိုင်တဲ့ နယ်မြေဒေသတွေက အချို့သောတိုင်းရင်းသား ဒေသတွေနဲ့ ဗမာလူမျိုး အများစု နေထိုင်ကြတဲ့ အထက်မြန်မာနိုင်ငံ မန္တလေး၊ စစ်ကိုင်း၊ မကွေးလို ဒေသတွေဖြစ်ခဲ့တာ သတိပြုမိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတဲ့ ဒေသတွေက ကျေးလက်က လူငယ်တွေ အနေနဲ့ အရွယ်ရောက်လာတဲ့အခါ စိုက်ပျိုးရေးလုပ်ငန်းမှာ လုပ်မလား၊ သို့မဟုတ် ပြည်ပမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်မလား နောက်တနည်းက စစ်သားစုဆောင်းမှုကို လက်ခံပြီး မြန်မာစစ်တပ်ထဲ တပ်သားသစ် အဖြစ်ရောက်ရှိသွားကြတာက ဆယ်စုနှစ်နဲ့ချီ ဖြစ်ပွားနေခဲ့တဲ့ ဖြစ်ရပ်တခုလို့ ဆိုနိုင်ပါတယ်။ တိုင်းရင်းသားတွေ အထဲကဆိုရင် အစဥ်အဆက် လူမျိုးစုလက်နက်ကိုင် အဖွဲ့ကြီးကြီးမားမားမရှိတဲ့ လှုပ်ရှားမှုအားမကောင်းခဲ့တဲ့ ရခိုင်၊ ချင်း လူမျိုးတွေ အများစုကို စည်းရုံးစုဆောင်းလေ့ရှိပါတယ်။
၂၀၀၉ ခုနှစ်နောက်ပိုင်း ရခိုင်လက်နက်ကိုင် လှုပ်ရှားမှု စတင်လာချိန် နောက်ပိုင်းမှာတော့ ရခိုင်လူမျိုးတွေကို စုဆောင်းတာနည်းပါးလာတာ ဖြစ်ပါတယ်။
ရှမ်း၊ ကရင်၊ ကရင်နီ၊ ပအို့ဝ်၊ ကချင်နဲ့ မွန်လူမျိုးတွေကတော့ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပေါ်ထွက်လာတာ ဆယ်စုနှစ်နဲ့ချီရှိတာကြောင့် နောက်ကြောင်း သေချာစွာစိစစ်ပြီးမှသာ လက်ခံတာ စုဆောင်းတာလုပ် လေ့ရှိတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ လူမျိုးစုတိုင်းလိုလို စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်မယ့် လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါ်ထွက်လာ၊ အားပိုမိုကောင်းလာပြီး မြန်မာနိုင်ငံ အလယ်ပိုင်းက စစ်ကိုင်းတိုင်းလို ဒေသကိုလည်း စစ်ကောင်စီတပ်ရဲ့ ပြုမူပုံတွေက စစ်တပ်ကို ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီကို ထောက်ခံတဲ့ လူနည်းစုက လွဲရင် စစ်သားစုဆောင်းဖို့ မလွယ်တော့တဲ့ အနေအထားရောက်ရှိလာတာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ အဲဒီအချိန်က သမ္မတဖြစ်တဲ့ ဦးသိန်းစိန်က မြန်မာနိုင်ငံအစိုးရအနေနဲ့ နိုင်ငံတကာ စံနှုန်းတွေကို လိုက်နာကျင့်သုံးတဲ့ နိုင်ငံတနိုင်ငံဖြစ်ဖို့ ရည်ရွယ်ပြီး အဓမ္မစစ်သားစုဆောင်းတာတွေကို မလုပ်ဆောင်ဖို့၊ အရွယ်မရောက်သေးတဲ့သူတွေကို စုဆောင်းတဲ့ ကလေးစစ်သား ကိစ္စတွေမှာ လိုက်နာပါမယ်လို့ ကတိပြုခဲ့ပြီး အရွယ်မရောက်သေးပဲ တပ်ထဲရောက်နေတဲ့ ကလေးစစ်သားတွေကို စိစစ်ပြီး မိသားစုထံပြန်လည် အပ်နှံတာတွေ လုပ်ဆောင်ခဲ့လို့ စစ်တပ်ရဲ့ စစ်သားစုဆောင်းရေးက ရရှိမှုလျော့ကျလာတာ ဖြစ်ပါတယ်။ တဖက်မှာလည်း ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းတွေပိုမို သိရှိလာကြပြီး အိမ်နီးချင်းနိုင်ငံတွေ၊ မလေးရှား လိုနိုင်ငံတွေမှာ အလုပ်သွားရောက်လုပ်ကိုင်သူတွေ များပြားလာတာက စစ်သားအင်အားစုဆောင်းဖို့ ခက်ခဲလာတဲ့ အနေအထားဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်နှောင်းပိုင်းက စလို့ စစ်ကောင်စီကို လက်နက်နဲ့ တုံ့ပြန်တိုက်ခိုက်ဖို့ ဒေသအသီးသီးမှာ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေဖွဲ့စည်းကြပြီး စစ်ကောင်စီတပ်တွေကို ပြန်လည်တိုက်ခိုက်လာကြသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲ ဗမာတွေ အပါအဝင် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုတွေထဲက လူငယ်တွေ ဝင်ရောက်ကာ စစ်သင်တန်းတက်ကြပြီး စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်ဖို့ အခွင့်အခါကို စောင့်ဆိုင်းနေ၊ တိုက်ခိုက်နေကြတာ ဖြစ်လို့ ၂၀၂၃ နှစ်ကုန်ပိုင်းလောက် ရောက်ရှိချိန်မှာ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီရဲ့ တပ်အင်အားက သိသိသာသာ အပြောင်းအလဲတခု ဖြစ်ပေါ်စေနိုင်တဲ့ အဆင့် ရောက်နေပြီလို့ မှန်းဆကြည့်ရပါတယ်။ စစ်ကောင်စီ အနေနဲ့ အရင် နဝတ စစ်အစိုးရနှောင်းပိုင်းကာလမှာ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ခဲ့တာကို အကောင်အထည်ဖော်မယ်လို့ တွေးကြည့်ရင်တောင် အခုလို လူထု အများစုက စစ်တပ်ကို မုန်းတီးနေကြတဲ့ ကာလမှာ စစ်သားအင်အား ရတာထက် ပြောင်းပြန် အကျိုးဆက်တွေ ထွက်ပေါ်လာနိုင်တာကို တွေးမိတာကြောင့် ဒီလို ဥပဒေနဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာမျိုး မကျင့်သုံးရဲတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်တပ်နဲ့ လူထုနဲ့ တစောင်းစေးနဲ့ မျက်ချေးလို ဖြစ်နေတဲ့ အနေအထားကို စစ်ကောင်စီက နားလည်သဘောပေါက်ပုံရပြီး စစ်သားစုဆောင်းရာမှာ ၄င်းတို့ယုံကြည်ရတဲ့သူရယ်လို့ တွေးဆကြည့်ရာမှာ စစ်မှုထမ်းဟောင်းတွေ ဖြစ်နေပြီး အဲဒီသူတွေကို အသုံးချနိုင်ရင် စစ်သင်တန်းပေးစရာ မလိုသလို ၄င်းတို့ရဲ့ နောက်ခံအနေအထားကြောင့်လည်း တော်လှန်ရေး အင်အားစုတွေဘက်က လွယ်လွယ်ကူကူ စည်းရုံးခံရမယ့် သူတွေမဟုတ်ဘူးလို့ တွေးဆထားပုံရပါတယ်။
ရုရှားမှာ ယူကရိန်းနဲ့ စစ်ဖြစ်ပွားတဲ့နောက် စစ်သားအင်အား အရေးတကြီး လိုအပ်တဲ့အခါ ရုရှားအစိုးရက အကျဥ်းထောင်တွေက ရာဇဝတ်သားတွေကို စည်းရုံးပြီး ဗက်ဂနာလို ကြေးစားအဖွဲ့က စီမံခန့်ခွဲကာ ယူကရိန်းကို တိုက်ခိုက်သလို မြန်မာနိုင်ငံက စစ်ကောင်စီကလည်း အကျဥ်းထောင်တွေမှာ ရှိတဲ့ စစ်မှုထမ်းဟောင်းတွေကို ၄င်းတို့အတွက် အသင့်တော်ဆုံး အင်အားစုဆောင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ သဘောလို့ မှန်းဆရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ အမျိုးသားအောင်ပွဲနေ့ကို အကြောင်းပြုပြီး ၄င်းတို့ စည်းရုံးလို့ရတဲ့ စစ်မှုထမ်းဟောင်းတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ စစ်မှုထမ်းရမယ့် သဘောတူညီချက်တို့ အလဲအလှယ်လုပ် ခဲ့တဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ စစ်ကောင်စီဘက်က ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေ ဖေါ်ပြနေတဲ့ တယ်လီဂရန်တွေမှာ အမျိုးသားနေ့က စစ်မှုထမ်းဟောင်း အများအပြား လွတ်ငြိမ်းခွင့် ပေးခဲ့ကာ အဆိုပါ လွတ်ငြိမ်းခွင့်ရသူတွေက လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်မှုထမ်းမယ်လို့ ရေးသားခဲ့ကြတာ တွေ့ရပြီးနောက် ရက်အနည်းငယ်အတွင်း အာရ်အက်ဖ်အေ သတင်းဌာနရဲ့ သတင်းမှာ ပုသိမ်ထောင်က စစ်ပြေးအကျဥ်းသား ၁၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ၄င်းတို့ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်ကို ခေါ်ဆောင်သွားတယ်လို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။
အလားတူ ဖြစ်ရပ်မျိုး အခြားသော တိုင်းနဲ့ ပြည်နယ်တွေမှာ ရှိတဲ့ အကျဥ်းထောင်တချို့မှာလည်း ရှိကောင်းရှိနိုင်ပြီး စစ်တပ်အနေနဲ့ နောက်ဆုံး ရတဲ့အခွင့်အလမ်းကို ဆုပ်ကိုင်ကာ ရုရှားနိုင်ငံလို အကျဥ်းသားတွေကို စစ်သားအဖြစ် စုဆောင်းတဲ့ နည်းလမ်းကို ကျင့်သုံးလာတာ တွေ့နေရပြီဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar