Breaking News

အောင်ဝေး - နိုင်ငံချစ်စိတ်နဲ့ လူထုလွတ်မြောက်ရေး


အောင်ဝေး - နိုင်ငံချစ်စိတ်နဲ့ လူထုလွတ်မြောက်ရေး

(မိုးမခ) ဒီဇင်ဘာ ၉ ၊ ၂၀၂၃


ဟိုတုန်းက အမျိုးသားရေးဆိုတာ ကိုလိုနီလက်အောက်ကနေ တိုင်းပြည်လွတ်မြောက်ရေး ဖြစ်တယ်။

ဒီကနေ့ အမျိုးသားရေး ဆိုတာက စစ်အာဏာရှင်စနစ်အောက်က လူထုလွတ်မြောက်ရေးပဲ။

"အမျိုးသားနေ့" ဆိုပြီးတော့ ဗြိတိသျှ ကိုလိုနီခေတ်မှာကတည်းက သတ်မှတ် ကျင်းပလာခဲ့ကြတယ်။

ကိုလိုနီ အရှင်သခင်ဟောင်း ဗြိတိသျှတွေမှာကတော့ အမျိုးသားနေ့ဆိုတာ မရှိဘူး။

အမေရိကန်ပြည်ထောင်စုမှာလည်း အမျိုးသားနေ့ဆိုပြီး မရှိပါဘူး။ ဇူလိုင် ၄ ရက် (၁၇၇၆) ခုနှစ်၊ အမေရိကန် လွတ်လပ်ရေးနေ့ပဲ ရှိတယ်။

အိန္ဒိယမှာကော။ အိန္ဒိယမှာလည်း အမျိုးသားနေ့ရယ်လို့ မရှိဘဲ၊ သြဂုတ် ၁၅ (၁၉၄၇) ဟာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့။

အများက ပြင်သစ်အမျိုးသားနေ့လို့ ပြောဆိုနေကြတဲ့ ဇူလိုင် ၁၄ ရက်ကို ပြင်သစ်လူမျိုးတွေက "ဘာစတီးလ်နေ့" လို့ပဲ ခေါ်ပါတယ်။ (၁၇၈၉ ပြင်သစ်ပြည်တော်လှန်ရေးမှာ ပုန်ကန်သူတွေက ဘာစတီးလ် အကျဥ်းထောင်ဖောက်တဲ့နေ့)

ကျနော်တို့ဆီမှာ "အမျိုးသားနေ့" ဆိုပြီး ရှိခဲ့၊ သတ်မှတ်ခဲ့လေတော့ "အမျိုးသားရေးဝါဒ/အမျိုးသားရေးအစွန်းရောက်" ဆိုတဲ့ ဘေးထွက်ဆိုးကျိုးတွေ ထွက်ထွက်လာတယ်။

စစ်အာဏာရှင်တွေဟာ ဒီဘေးထွက်ဆိုးကျိုးတွေကို ကောင်းကောင်းအသုံးချပြီး လူထုကြားမှာ၊ တိုင်းရင်းသားတွေကြားမှာ သပ်လျှိုသွေးခွဲပါတယ်။

ကြားဖြတ်ပြောရရင် "အမျိုးသားနိုင်ငံရေး"ဆိုတဲ့ ဝေါဟာရ။ ဒီစကားလုံး ဘယ်အဘိဓာန်မှာမှ မပါပါဘူး။ ဒါဟာ စစ်တပ်က ၂၀၀၈ ခြေဥမှာ ထွင်ခဲ့တဲ့စကားလုံးပါ။ စစ်တပ်က သူနဲ့မဆိုင်တဲ့ နိုင်ငံရေးမှာ ဝင်ရောက်ခြယ်လှယ်လွှမ်းမိုး ချုပ်ကိုင်ချင်လို့ တွင်တွင်အော်နေတဲ့ စကားလုံးဝေါဟာရပါ။

အမျိုးသားရေးစိတ်ဓာတ်နဲ့ အမျိုးသားရေးဝါဒ မတူကွဲပြား ခြားနားတယ် ဆိုတာကိုတော့ သတိပြု။

အမျိုးသားရေးစိတ်ဓာတ် ဆိုတာ ကျနော်တို့ နယ်ချဲ့နဲ့ ဖက်ဆစ်လက်အောက်က တိုင်းပြည်လွတ်မြောက်ရေး လွတ်လပ်ရေး ကြိုးပမ်းစဥ်တုန်းက ကျနော်တို့ရင်ဝယ်ပိုက်ခဲ့တဲ့ လက်နက်ပါ။

ဗိုလ်ချုပ်အောင်ဆန်းတို့ ဘီအိုင်အေ၊ ဘီဒီအေခေတ်က သီချင်းတစ်ပုဒ်ထဲကလို "ဗမာ့သွေးကို နှမပေးပါမယ်"ဆိုတဲ့ စိတ်ဓာတ်။

မျိုးချစ်စိတ်ဓာတ်ဟာ အကန့်အသတ်ရှိတယ်။ လွတ်လပ်ရေးကြိုးပမ်းစဥ်က မျိုးချစ်စိတ်ဓာတ် ရှိတဲ့သူတွေက ဗြိတိသျှနယ်ချဲ့နဲ့ ဖက်ဆစ်ဂျပန်တွေကို တော်လှန်မောင်းထုတ်တဲ့အချိန်မှာ၊မျိုးချစ်စိတ်ဓာတ် ခေါင်းပါးသူတွေက အင်္ဂလိပ်အလိုတော်ရိတွေ၊ ဂျပန်ကင်ပေတိုင် သတင်းပေးတွေ လုပ်ခဲ့ကြတယ်။

မျိုးချစ်စိတ်ရှိဖို့ မလိုဘူး မဟုတ်ပါ။ ရှိဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် အမျိုးသားရေးစိတ်ဓာတ်ပေါ့။

သို့ရာတွင် အမျိုးသားရေးစိတ်ဓာတ် လွန်ကဲပြီး အမျိုးသားရေးဝါဒ ခေါင်းထောင်လာပြီဆိုလျှင် အန္တရာယ်ရှိလာပြီ ဖြစ်တယ်။

ဥပမာ- အင်္ဂလိပ်လက်အောက်တုန်းက ကုလား-ဗမာအဓိကရုဏ်း ဆိုတာ သုံးကြိမ်တောင် ဖြစ်ခဲ့တယ်။

အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ချွတ်ခြုံကျပြီး လူမျိုးရေးမုန်းတီးမှု ကြီးစိုးသွားတာပါပဲ။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းက တိုးတက်တဲ့ အမျိုးသားရေးအမြင်ကို ကဗျာနဲ့ လမ်းညွှန်ပြသွားတယ်။ ဆရာကြီးဟာ နိုင်ငံတကာအလုပ်သမား လူတန်းစားအမြင် ရှိသူပါ။

"သြော်...ကုလားအရေးလောက်ကိုဖြင့်

စကားအကြွေးမမောက်ကြပါနဲ့

ဓားသွေးလောက်တယ်ဆရာမထင်လို့မို့

အားပေးအားမြှောက်မပါချင်တဲ့အပြင်"

ဆရာကြီးက ကုလားနဲ့ ဗမာ၊ ကျွန်အချင်း ရန်မဖြစ်နဲ့၊ ယိုင်းပင်းကူညီကြဖို့  ဆုံးမခဲ့ဖူးတယ်။

မဆလခေတ်မှာ (၁၉၆၇) တရုတ်-ဗမာ အရေးအခင်းတစ်ခု ပေါ်ခဲ့ဖူးတယ်။

လူမျိုးရေး မုန်းတီးမှုကနေ အခြေခံတဲ့ ဒီအဓိကရုဏ်းမှာ နေဝင်းက မီးထိုးပေးတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီကလည်း ဘေးတီးပေးခဲ့တယ်။

အခု မင်းအောင်လှိုင်က မြောက်ပိုင်း (နဲ့ တစ်ပြည်လုံး)မှာ ခွက်ခွက်လန်အောင် စစ်ရှုံးနေတော့၊ လူမျိုးရေးအဓိကရုဏ်း ဖြစ်အောင် လုပ်ကြံနေပြန်ပြီ။ ကိုးကန့်(တရုတ်)နဲ့ မြန်မာ(ဗမာ)ကို ရန်တိုက်ပေးတယ်။ ရှမ်းအချင်းချင်း (ဖွတ်ရှမ်းနဲ့ တော်လှန်ရှမ်း) ထသတ်အောင် မီးမွှေးနေတယ်။

စစ်တပ် လော်ဘီတွေ၊ စစ်တပ် ဘောမတွေ၊ ဖွတ်၊ မဘသနဲ့မျိုးချစ်အင်အားစု ဆိုတာတွေက တရုတ်သံရုံးကို သွားပြီး ဆန္ဒပြတယ်။

မင်းအောင်လှိုင် တဖြည်းဖြည်း ပြေးပေါက်ကျဥ်းလာပြီ။ တရုတ်-ဗမာ အဓိကရုဏ်း ဖန်တီးပြီး သူထွက်ပေါက်ရှာတော့မယ်။ ရွေးကောက်ပွဲဟာ ထွက်ပေါက်မဟုတ်မှန်း မင်းအောင်လှိုင်ကောင်းကောင်းသိသွားပြီ။

ဒီတော့ အမျိုးသားနေ့အခါသမယမှာ ပြောချင်တာက အမျိုးသားရေးဝါဒအန္တရာယ်ပဲ။

မဘသ ဆိုသူများ၊ မျိုးချစ်ဆိုသူများနဲ့ စစ်တပ်ကို ထောက်ခံနေတဲ့ အလဇ္ဇီ ပျူဘုန်းကြီးတွေဟာ အမျိုးသားရေး ဆိုတာကို ခုတုံးလုပ် ဗန်းပြပြီး တိုင်းပြည်ကို ဖျက်ဆီးနေကြသူတွေ ဖြစ်တယ်။

ဂျူးလူမျိုး ခြောက်သန်းကို သတ်တဲ့ ဟစ်တလာဟာ ကျဥ်းမြောင်းတဲ့အမျိုးသားရေးဝါဒီ။ လူမျိုးရေး အစွန်းရောက်။

လတ်တလော ပါလက်စတိုင်း(ဂါဇာ)ကို ဗုံးကြဲနေတဲ့ နေတန်ယာဟုလည်းပဲ ကျဥ်းမြောင်းတဲ့အမျိုးသားရေးဝါဒသမား။ လူမျိုးရေးအစွန်းရောက်။

မင်းအောင်လှိုင်က အဲဒီ လူမျိုးရေးအစွန်းရောက် အမျိုးသားရေးဝါဒီ နှစ်ယောက်ဆီက အမွေကိုဆက်ခံထားသူ ဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်းကို "အမျိုးသားခေါင်းဆောင်ကြီး"လို့ ပြောကြ ရေးကြတာတွေ ကျနော်သိပ်မနှစ်မြို့လှဘူး။

"လွတ်လပ်ရေးဖခင်ကြီး"၊ "နိုင်ငံ့ခေါင်းဆောင်" ဒီလိုပဲ သုံးစေချင်တယ်။

"အမျိုးသား/အမျိုးသားရေး"ဆိုတဲ့ ဝေါဟာရက ကျဥ်းမြောင်းတယ်။ တိမ်လွန်းတယ်။ ကျနော်တို့တိုင်းပြည်လို တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံမျိုးမယ် "အမျိုးသား/ အမျိုးသားရေး"လို့ အော်ရင် လူမျိုးစွဲအမြင်တွေ၊ ဒေသစွဲအမြင်တွေ၊ ဘဝင်စွဲအမြင်တွေ ကန့်လန့်တိုက်ပေါ်လာတတ်တယ်။

ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးဖခင်၊ နိုင်ငံ့ခေါင်းဆောင်လို့ မမြင်ဘဲ ဗမာ၊ ဗမာ့ခေါင်းဆောင်(မြန်မာ/မြန်မာ့ခေါင်းဆောင်)လို့ပဲ အမြင်ငယ်ကြတဲ့အတွက် ဘီလူးကျွန်းက ဗိုလ်ချုပ်အောင်ဆန်းတံတားကို မင်းအောင်လှိုင်က နာမည်ပြောင်းပစ်တာပါပဲ။

အဲဒီလို ကျဥ်းမြောင်းတဲ့ လူမျိုးစွဲ၊ ဒေသစွဲ၊ ဘဝင်စွဲတွေ ငယ်ထိပ်မြွေပေါက် ရှေ့တန်းရောက်နေသမျှ ဒုတိယပင်လုံ၊ တတိယပင်လုံမပြောနဲ့ အကြိမ်တစ်ရာ ပင်လုံလည်း ဘယ်တော့မှမအောင်မြင်

ဘူး။

ကျနော်တို့အားလုံး အမျိုးသားစိတ်/အမျိုးသားရေးစိတ်လို့ မပြောနဲ့။ "နိုင်ငံချစ်စိတ်/တိုင်းပြည်ချစ်စိတ်"လို့ ပြော။ နိုင်ငံ/တိုင်းပြည်ချစ်စိတ်ဆိုတာ လူမျိုး/ လူမျိုးရေးနဲ့မဆိုင်ဘူး။

၂၀၂၂ မှာ ယူကရိန်းကို ရုရှားစစ်တပ်တွေ ကျူးကျော်တော့၊ ယူကရိန်းမှာနေတဲ့ ယူကရိန်းနိုင်ငံသား ရုရှားလူမျိုး အဘိုးအိုက ရုရှားစစ်သားကို "မင်းတို့မှာ မင်းတို့နေတဲ့ တိုင်းပြည်ရှိလျက်သားနဲ့၊ ဘာဖြစ်လို့ ငါတို့နေတဲ့ တိုင်းပြည်ကို လိုချင်ရတာလဲ"တဲ့။

ကျနော်တို့အားလုံး နိုင်ငံချစ်စိတ်ပဲ မွေးကြပါ။ ခုလောလောဆယ် လူထုခုခံစစ်ကာလထဲမှာ နွေဦးချစ်စိတ်နဲ့ နိုင်ငံချစ်စိတ် ယှဥ်တွဲထားပါ။

ဒီချစ်စိတ် နှစ်ခုနဲ့ ကြည့်ရင် ကျနော်တို့ တော်လှန်ရေးသမားအချင်းချင်း၊ တိုင်းရင်းသားလူမျိုးတစ်မျိုးနဲ့တစ်မျိုး အပြစ်မမြင်တော့ဘဲနဲ့ အချစ်ဝင်လာမယ်။

နိုင်ငံချစ်စိတ်နဲ့လုပ်ရင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်/ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ အဆင်ပြေ လွယ်ကူချောမွေ့လာမယ်။

အမျိုးသားနေ့ကို လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှတ်တိုင်တစ်ခုအဖြစ် အသိအမှတ်ပြုပါတယ်။

အဲဒီတုန်းက အမျိုးသားရေးဆိုတာ ကိုလိုနီလက်အောက်ကနေ တိုင်းပြည်လွတ်မြောက်ရေး ဖြစ်တယ်။

ဒီကနေ့မှာတော့ အမျိုးသားရေးဆိုတာ လူထုအရေးပဲ ဖြစ်သင့်ဖြစ်ထိုက်တယ်။

ဒီနေ့ အမျိုးသားရေးတစ်ဖြစ်လဲ လူထုအရေးဆိုတာ စစ်အာဏာရှင်စနစ်အောက်က လူထုလွတ်မြောက်ရေးပဲ မဟုတ်ပါလား။

ကျနော်တို့ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်မဟာမိတ်တပ်ပေါင်းစုကြီး နေပြည်တော်သိမ်းတဲ့နေ့ကို "လူထုလွတ်မြောက်ရေးနေ့" အဖြစ် သတ်မှတ်ဖို့ ကျနော် အဆိုပြုလိုက်တယ်။ ။


၁၁-၂၇-၂၀၂၃။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar