စစ်ပွဲတွေရဲ့ ဂယက်နဲ့ ပျောက်ဆုံးသွားတဲ့ ငွေကြေးရဲ့ တန်ဖိုးတွေ
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၂၃
စစ်ပွဲတွေရဲ့ ဂယက်နဲ့ ပျောက်ဆုံးသွားတဲ့ ငွေကြေးရဲ့ တန်ဖိုးတွေ
စစ်မက်ဖြစ်ပွားတဲ့ အခါ အစားအသောက်၊ အဝတ်အထည်၊ ဆေးဝါးတွေ ရှားပါးကြတာ၊ ပိုက်ဆံရှိဦးတော့ ဝယ်ယူလို့မရတဲ့ အဖြစ်မျိုးတွေ၊ ငွေကြေးမတန်တဆ ဖောင်းပွမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ် ဖြစ်ပွားစဥ် ဂျပန်ခေတ်လို့ခေါ်တဲ့ နယ်ချဲ့ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ပြီး နယ်ချဲ့ ဖက်ဆစ်ဂျပန်ရဲ့ လက်အောက်မှာ ၃ နှစ်နီးပါး နေထိုင်ခဲ့ကြရတဲ့ကာလ မှာအထက်က အခြေအနေမျိုးတွေ ကြုံခဲ့ကြရတာကို စစ်အတွင်း မှတ်တမ်းတွေ၊ အဲဒီကာလကို ကိုယ်တိုင်မှီလိုက်ကြရတဲ့ သက်ကြီး ရွယ်ကြီးပုဂ္ဂိုလ်တွေရဲ့ ကိုယ်တွေ့အတွေ့အကြုံ ပြန်ပြောပြတဲ့အခါ နားထောင်ခဲ့ဖူးကောင်း နားထောင်ခဲ့ဖူးပါလိမ့်မယ်။
နယ်ချဲ့လည်းဖြစ် ဖက်ဆစ်လည်းဖြစ်တဲ့ ဂျပန်က မြန်မာနိုင်ငံကို စစ်ရေးအရသိမ်းပြီးနောက် မြန်မာနိုင်ငံက ထွက်ရှိတဲ့ စိုက်ပျိုးရေး ထွက်ကုန်၊ သယံဇာတ ရှိရှိသမျှကို ၄င်းတို့နိုင်ငံကို တင်ပို့ဖို့ သူ့အစိုးရက အစွမ်းကုန် ရိုက်ထုတ်လိုက်တဲ့ ငွေစက္ကူတွေနဲ့ ဝယ်ယူပြီး တင်ပို့ပါတော့တယ်။ စစ်ပွဲဖြစ်လို့ စိုက်ပျိုးရေး မလုပ်ကိုင်နိုင်၊ ရောင်းဝယ်ရေး မလုပ်ကိုင်နိုင်ကြသလို လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာ၊ တရားဥပဒေစိုးမိုးမှု အားနည်းတာတွေကြောင့် ဂုန်နီအိတ် လိုမျိုးကို အဝတ်အစားအဖြစ် ဝတ်ရတာ၊ ဆပ်ပြာမသုံးနိုင်တာကြောင့် ဝဲပေါက်ကြတာမျိုး၊ ဆေးဝါးမရှိတဲ့ ခေတ်ကာလကို ဖြတ်သန်းခဲ့ကြရတယ်လို့ ပြန်လည်ပြောပြတာမျိုးနဲ့ စာအုပ်တွေထဲ ဖတ်ရှုဖူးပါတယ်။
အခုဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်က ဒုတိယကမ္ဘာစစ်နဲ့နှိုင်းယှဥ် ရလောက်အောင် ဆိုးရွားတဲ့ အတိုင်းအတာ မဟုတ်ပေမယ့် လတ်တလော ဖြစ်ပွားလာနေတဲ့ ကုန်စျေးနှုန်းတွေ ကုန်ပစ္စည်းပြတ်လပ်မှုတွေ တနယ်နဲ့ တနယ် ကုန်ပစ္စည်းသယ်ယူရောင်းဝယ်ဖို့ မလွယ်ကူတဲ့ အခြေအနေတွေ ပိုပြီး ကျယ်ပြန့်လာနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီက AA က နယ်ခြားစောင့် ကင်းစခန်းကို စတင်တိုက်ခိုက်ကာ တိုက်ပွဲတွေ ပြန်ဖြစ်တဲ့ နေ့မှာပဲ ရခိုင်ပြည်နယ်ကို ပိတ်ဆို့ထားခဲ့တာ သီတင်း ၃ ပတ်ခန့်ကြာမြင့်လာပြီးနောက်မှာတော့ ကုန်သယ်ယူမှု ပိတ်ဆို့ခံထားရတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တမြို့ဖြစ်တဲ့ သံတွဲမြို့မှာ ငြုပ်သီးစိမ်းတောင့် တပိသာ ကျပ် ၁ သောင်း၊ ခရမ်းချဥ်သီး တပိသာ ၈ ထောင်၊ ချင်း တပိသာ ကျပ် ၁၆၀၀၀၊ ဂေါ်ဖီထုပ် တပိသာ ၅၀၀၀ စျေးနှုန်းဖြစ်လာနေပြီလို့ ဒေသခံတဦးက ဆိုရှယ်မီဒီယာမှာ ဝေမျှထားတာ တွေ့ရပါတယ်။ ပြည်နယ်တခုလုံးကို လေယာဥ်လမ်းကလွဲလို့ လူအဝင်အထွက်နဲ့ ကုန်သွယ်မှု ကိုပါ ပိတ်ထားတဲ့ ရခိုင်ပြည်နယ်မှာ အခုလို ဖြစ်တာလို့ ဆိုကောင်းဆိုနိုင်ပေမယ့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း အောက်အရပ်ဘက်က သယ်ယူတင်သွင်းရတဲ့ ကုန်စိမ်းအမျိုးအမည်စျေးနှုန်းတွေက ရခိုင်နဲ့ အလားတူ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဝိုင်းပတ်ပို့ဆို့ထားတဲ့ ကိုးကန့်ဒေသက လောက်ကိုင်မြို့က စျေးနှုန်းတွေကတော့ ကြားသိခဲ့ကြတဲ့အတိုင်း လောင်စာဆီ ၄ ဂါလံပုံးတပုံးကို ကျပ်သိန်း ၂၀ လို့ပြီးခဲ့တဲ့ သီတင်းပတ်တွေက သတင်းထဲ ဖေါ်ပြခဲ့ကြတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ တလျှောက် ကုန်ကားတွေ သွားလာဖို့ အန္တရာယ်များပြားတာကြောင့် စားသောက်ကုန်၊ လောင်စာဆီ၊ ဆေးဝါးစတာတွေ မထင်မှတ်တဲ့ စျေးနှုန်းတွေ ဖြစ်လာနေတာ ဖြစ်ပါတယ်။
ရှမ်းမြောက် ဒေသမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ တလကျော်လာချိန် တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေခြင်းကလည်း တရုတ်နိုင်ငံကို တင်ပို့တဲ့ စိုက်ပျိုးရေး မွေးမြူရေး ရေထွက်ပစ္စည်း စတဲ့ထွက်ကုန်တွေ အားလုံး ရပ်တန့်ပြီး ဝယ်သူမရှိတဲ့ အနေအထားမျိုး ကြုံတွေ့နေကြရတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းနဲ့ တင်သွင်းတာ၊ တင်ပို့တာလုပ်နိုင်ပေမယ့် အချို့သော ကုန်ပစ္စည်းတွေက ပင်လယ်ရေကြောင်းနဲ့ တင်ပို့တဲ့ လုပ်ငန်းစဥ် အဆင့်ဆင့်အတွက် ကြာမြင့်တဲ့ အချိန်ကာလ၊ သယ်ယူတဲ့ ကာလတွေအထိ ရက်ကြာကြာ မခံတဲ့ ကုန်ပစ္စည်းတွေ ဖြစ်တာကြောင့် စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းတွေ မှာကြီးကြီးမားမား ထိခိုက်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ တောင်ဘက်ပိုင်းကိုကြည့်ရင် မနေ့တနေ့က စတင်ဖြစ်ပွားတဲ့ ကော့ကရိတ်တိုက်ပွဲကလည်း ထိုင်းမြန်မာကုန်သွယ်ရေး လမ်းကြောင်းကိုပါ ပိတ်ဆို့စေပြီး ဒီနေ့အထိ သွားလာလို့မရတဲ့ အနေအထား ဖြစ်ပါတယ်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးပြီးရင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အဓိက လမ်းကြောင်းဖြစ်တဲ့ မြဝတီ-ဘားအံ လမ်းကြောင်းက ခုအခါ ပိတ်နေတဲ့ အနေအထားဖြစ်ပြီး နောက်ထပ် ဘယ်လောက်ကြာမြင့်မယ် မသိနိုင်သေးပါဘူး။
နောက် အကြောင်းတချက်က လက်နက်ကိုင်တိုက်ခိုက်မှုတွေ၊ စစ်ပွဲတွေ ဖြစ်ပွားလာတဲ့နောက်ပိုင်း စစ်ကောင်စီတပ်တွေက လမ်းတွေမှာ လုံခြုံရေး အကြောင်းပြုပြီး အကြောင်းပြပြီး စစ်ဆေးတာတွေ၊ ပိုက်ဆံတောင်းတာတွေက ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း တနေ့တခြားပိုများပြားလာနေတာလည်း ဖြစ်ပါတယ်။ ယခင်က ရန်ကုန်-မော်လမြိုင် လမ်းခရီးကို ကုန်ကားတစီးအနေနဲ့ နေ့ချင်းရောက်အောင် မောင်းနှင်နိုင်ပေမယ့် စစ်အာဏာသိမ်းပြီးနောက် အသစ်တည်ဆောက်ထားတဲ့ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ကုန်တင်ကားတွေအဖို့ ညအိပ်စောင့်ရတဲ့အထိ ဖြစ်လာပြီး ရန်ကုန်-မော်လမြိုင်ခရီးကို အနည်းဆုံး တညအိပ်ကနေ အများဆုံး ၂ ညအိပ်ပြီးမှ ရောက်တဲ့ အနေအထား ဖြစ်လာခဲ့တာပါ။
အချို့သော PDF ထိန်းချုပ်ထားတဲ့ ဧရိယာတွေမှာလည်း ကုန်တင်ကားတွေ၊ ကိုယ်ပိုင်ကားတွေ အပေါ် အခွန်အကောက် ကောက်ခံတာတွေက ကုန်သွယ်မှု စရိတ်တွေကို ကြီးမြင့်စေတာ ဖြစ်ပါတယ်။ မန္တလေးကနေ စစ်ကိုင်း၊ မြစ်ကြီးနားလိုလမ်းပိုင်း၊ မုံရွာ ဂန့်ဂေါ၊ ဟားခါး၊ ကလေးလမ်းပိုင်း စတဲ့လမ်းပိုင်းတွေမှာတော့ PDF တွေက ကောက်ခံတဲ့ ဂိတ်တွေမှာ ကုန်ကားနဲ့ အချို့နေရာမှာ အိမ်စီးကားတွေ ပါအခွန်အခ ပေးဆောင်ကြရတယ်လို့ ဆိုပါတယ်။ ကလေးမြို့ကနေ မုံရွာ၊ မန္တလေးဘက်ကို လာဖို့ရာ ချင်းပြည်နယ် ဟားခါးအထိ သွားပြီး ဟားခါး ဂန့်ဂေါလမ်းက ပြန်ဆင်းရတဲ့ လမ်းပိုင်းအသုံးပြုခအတွက် အိမ်စီးကားတစီးက ငွေ ၁၈ သိန်းထိ ပေးခဲ့ရတဲ့ အဖြစ်အပျက်မျိုးလည်း ရှိခဲ့ကြောင်း လွန်ခဲ့တဲ့ ၂/၃ လက အတွေ့အကြုံတခုကို တဆင့်ပြန်ပြောပြ သူဆီက ကြားသိရဖူးပါတယ်။ စစ်ပွဲတွေ ဆင်နွှဲကြရာမှာ ကုန်ကျတဲ့ငွေကြေးတွေအတွက် အခုလို ကုန်သွယ်ရေးဖြစ်စေ၊ အခြားသော အကြောင်းကိစ္စနဲ့ ဖြစ်စေ ဖြတ်သန်းသွားလာတဲ့ ကားတွေအပေါ် အခွန်အကောက် ကောက်ခံခြင်းက စားသုံးသူတွေ ဝယ်ယူစားသုံးတဲ့ ပစ္စည်းတွေအပေါ် ထပ်တိုးတဲ့ စျေးနှုန်းဖြစ်စေသလို၊ ကားမောင်းသူတွေရဲ့ အသက်အန္တရာယ် ထိခိုက်နိုင်ခြေ၊ ကား နဲ့ ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးနိုင်ခြေက ပုံမှန်ကာလထက် အများကြီးမြင့်မားတာကြောင့် စွန့်စားရတဲ့ အမြတ်တွေလည်း တင်ပြီးရောင်းချကြမှာ မလွဲဧကန် ဖြစ်ပါတယ်။
အခုလိုကာလ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ရပ်တန့်နေတာသို့မဟုတ် ကျဆင်းနေတဲ့ကာလမျိုးမှာ လူထုအနေနဲ့ တဖက်မှာ ပုံမှန်ထက်ဝင်ငွေနည်းပါးနေတာ ဖြစ်ပါတယ်။ ဝင်ငွေနည်းပါးနေချိန်မှာ ဝယ်ယူ စားသုံးရမယ့် ပစ္စည်းစျေးနှုန်းက ပုံမှန်မဟုတ်တဲ့ နှုန်းထားတွေ၊ မျှော်လင့်မထားတဲ့ နှုန်းထားတွေ အထိမြင့်တက်နေတာကြောင့် မစားနိုင် မဝယ်နိုင်တဲ့ အနေအထားတွေပိုမို ကျယ်ပြန့်လာနေမှာ ဖြစ်ပါတယ်။
စစ်ပွဲတွေရဲ့ ဂယက်နဲ့ အခုလို မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေက လူတွေရဲ့ ဝင်ငွေထဲက၊ သို့မဟုတ် စုဆောင်းထားတဲ့ငွေထဲက ရာခိုင်နှုန်း ဘယ်လောက် ထုတ်နှုတ်သုံးစွဲကြရသလဲ၊ ဘယ်လောက်ထိ စားသောက် ရှင်သန်ဖို့ သုံးစွဲနေကြရသလဲ စတဲ့ကိန်းဂဏန်းတွေ အချက်အလက်တွေက အခုလို နိုင်ငံတခုလုံး ကသောင်းကနင်းဖြစ်ပွားနေချိန် ဘယ်သူမှ စိတ်ဝင်တစား နဲ့ လေ့လာကောက်ယူကြမယ် မထင်ပါဘူး။ ကောက်ယူနိုင်ဖို့လည်း မလွယ်ကူပါဘူး။
အခုလို အနေအထား နောက်ထပ် ဘယ်နှလကြာမြင့်နိုင်သလဲ ဆိုတာ ဘယ်သူမှ မမှန်းဆနိုင်ပေမယ့် လကနေ နှစ်အထိ ကူးလာခဲ့ရင် အောက်ခြေလူထုတွေအကြား အငတ်ဘေးကျရောက်နိုင်တဲ့ အနေအထားတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ စစ်ပွဲတွေက အရင်းအနှီးများပြားတယ်ဆိုတာ အားလုံးသိရှိ နားလည်ထားကြပေမယ့် စစ်ပွဲမှာ တိုက်ခိုက်ရင်း၊ နေအိမ်မှာနေရင်း ထိခိုက်သေဆုံးကြရတဲ့ အသက်တွေ ရှိသလို၊ လက်နက်နဲ့မဟုတ်ပဲ ဆင်းရဲငတ်မွတ်မှုကြောင့်၊ ဆေးဝါးကုသမှု ရယူဖို့ ငွေကြေးနဲ့ ဆေးရုံ၊ ဆေးခန်း၊ ဆေးဝါးမရှိလို့ အသက်ဆုံးရှုံးရသူတွေလည်း အများအပြားရှိနေပြီး ဒီကိန်းဂဏန်းတွေက မှတ်တမ်းတွေ အချက်အလက်တွေ ကောက်ယူဖို့ ခက်ခဲတဲ့ ကိန်းဂဏန်းတွေလည်း ဖြစ်နေတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar