Breaking News

ကိုသန်းလွင် - ဂျပန် လေယာဉ်မတော်တဆ ထိခိုက်မှု

ကိုသန်းလွင် - ဂျပန် လေယာဉ်မတော်တဆ ထိခိုက်မှု

(မိုးမခ) ဇန်နဝါရီ ၂၄ ၊ ၂၀၂၄


( ၁ ) 

ကျွန်တော်သည် ဂျပန်ပြည်မြောက်ပိုင်းမှ ရွာကလေးတစ်ရွာသို့ ရောက်နေပါ၏။ လမ်းမှာ ကားနှစ်စီး ရှောင်ရုံသာ လမ်းကျဉ်းကလေး ဖြစ်ပါသည်။ တဖက်မှာ လူကူးနိုင်၊ မကူးနိုင်ပြသည့် မီးစိမ်း၊ မီးနီရှိသည်။ ကားတစီးတလေမှ မရှိသော်လည်း မီးမစိမ်းလျှင် လမ်းကို ဖြတ်မကူးကြပါ။ ဂျပန်တို့သည် ချထားသော စည်းမျဉ်းတခုကို ညီညာဖျဖျ လိုက်နာကြ၏။ တစ်ဦးကောင်း တစ်ယောက်ကောင်းဝါဒကို ကိုင်စွဲ၍ လူထုကို ယှဉ်ပြိုင်တိုက်ခိုက်လေ့ မရှိ။ ဖုန်းမပြောရ စည်းကမ်းကြောင့် ရထားထဲမှာ လူတွေ ပြည့်နေသည့်တိုင် လက်ကိုင်ဖုန်းပြောသူ တစ်ယောက်မျှ မရှိ။ မိန်းကလေးများသာ စီးရသောတွဲမှာ လူချောင်နေသော်လည်း ယောကျ်ားလေး မပါ။ လူအုပ်စုမှာ ချမှတ်ထားသော စည်းကမ်းအတိုင်း လိုက်နာလေ့ရှိကြသည်။

ဤဓလေ့က တိုကျိုမြို့ ဟာနေတာ လေဆိပ် (Henada Airport) တွင် ဇန်နဝါရီ ၂ ရက်နေ့က လေယာဉ် အဲယား ဘတ်(စ) Airbus A 350-900 နှင့်သေးငယ်သော (De Havilland Canada Dash 8) လေယာဉ်နှစ်စီးတို့ တိုက်မိကြရာတွင် လေယာဉ်အကြီးမှ ပါစင်ဂျာ အားလုံးကို မီးလောင်နေသည့်ကြားမှ စက္ကန့် ၉၀ အတွင်း အပြီး ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

( ၂ )

မီးခိုးများဖြင့် ပြည့်နေသော လေယာဉ်အတွင်းဝယ် ကလေးငယ်တစ်ဦး၏ အသံကိုသာ ကြားရသည်။ “ကျနော်တို့ကို မြန်မြန်လေးထွက်ခွင့်ပေးပါ” ဟု ဆိုသည်။ သူ၏တောင်းပန်သံတွင် ဂျပန်တို့၏ ယဉ်ကျေးသော ပုံစံကို ကြားနိုင်ပြီး လေယာဉ်တစ်ခုလုံးမှာ ပျံသန်းရေး လက်ထောက်များ၏ အော်ဟစ်သံများနှင့် ပြည့်နေပါသည်။

လေယာဉ်၏ လူစီးကေဘင်တစ်ခုလုံး မီးခိုးများဖုံးလွှမ်းပြီး အပြင်မှ မီးတောက်များ ပိုမိုဆိုးရွားလာသောအခါ၌လည်း လူတို့ မိမိထိုင်ခုံတွင် ထိုင်နေကြပုံမှာ ပျက်မသွားပါ။ လေယာဉ်မှူးဆီမှ ဘယ်တံခါးကို ဖွင့်ရမည်ဟု ညွှန်းကြားချက်ကို မရသေး၍ ပျံသန်းရေး လက်ထောက်များက ခေတ္တစောင့်ဆိုင်းနေပါသည်။ ဤလေယာဉ်ထဲမှ ပါဆင်ဂျာ ၃၆၇ ဦးနှင့် လေယာဉ်ဝန်ထမ်း Crew ၁၂ ဦးတို့ကို စက္ကန့် ၉၀ အတွင်း စနစ်တကျ မတိုးမဝှေ့ဘဲ ထွက်လာနိုင်ခဲ့ပုံမှာ အံ့သြစရာကောင်းသည်။ ပါစင်ဂျာများကို နှစ်ဦးချင်းစီ တစ်တွဲ တွဲ၍ ထွက်ပေါက်များမှတဆင့် မြေပေါ် ရောက်အောင် လျှောစင်ဖြင့် လျှောချခဲ့ကြသည်။ သူတို့ ထိုင်နေသော ခုံမှ တစ်တွဲစီ ခေါ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ သူတို့တွင် အပိုပစ္စည်းတစ်ခုမှ မပါ။ လက်ကိုင်ဖုန်းသာ ပါသည်။ မိန်းကလေးများ ဒေါက်မြင့်ဖိနပ်များကို ချွတ်ခဲ့ကြရသည်။ 

ဤအဖြစ်အပျက်ကို အံ့သြဖွယ်ရာ လွတ်မြောက်မှုဟု ခေါ်နိုင်စေကာမူ ကောင်းမွန်စွာ လေ့ကျင့်ထားသော ဝန်ထမ်း ပျံသန်းချိန် ၁၂, ၀၀၀ နာရီမျှရှိပြီဖြစ်သော လေယာဉ်မှူးတို့အတွက် မထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်နေပါသည်။ လေယာဉ်တည်ဆောက်ပုံနှင့် အသုံးပစ္စည်းများ၏ ကောင်းမွန်မှုတို့လည်း ပါဝင်သည်။ ထူခြားသည်မှာ ကေဘင်အတွင်းဝယ် ပါစင်ဂျာအားလုံးတွင် ယောက်ယက်ခက်မှု (Panic) ဖရိုဖရဲဖြစ်မှု မရှိခြင်းပင် ဖြစ်သည်။

အသံဗလံ အော်ဟစ်သံများ ဆူညံနေသော်လည်း ပါဆင်ဂျာတစ်ဦးတလေမှ မိမိခုံများမှ မထကြပါ။ ဤ စည်းကမ်းသေဝပ်မှုက ဂျပန်အားလုံး၏ အသက်ကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ပျံသန်းရေးလက်ထောက်များမှာ သူတို့ကို ကြည့်လျှင် သူတို့မျက်နှာမှာ ကြောက်ရွံ့နေကြသော်လည်း သူတို့လုပ်ပုံကိုင်ပုံကို ကြည့်ရသည်မှာ အလွန်ပရော်ဖက်ရှင်နယ်ကျပါသည်။ ပရိသတ်ကလည်း တစ်ဦးကောင်း တစ်ယောက်ကောင်း ထထွက်ခြင်း မရှိဘဲ ထိုင်ခုံမှာထိုင်ရင်း ညွှန်ကြားချက်ကိုသာ စောင့်ဆိုင်းနေကြသည်။

ကမ်းခြေစောင့်တပ်မှ လေယာဉ်ငယ်မှာ လိုက်ပါလာသူ ၅ ဦးလုံး သေဆုံးပြီး ပိုင်းလော့တစ်ဦးတည်းသာ အသက်မသေဘဲ ကျန်ရှိခဲ့ပါသည်။ ပိုင်းလော့က သူ့တွင် လေယာဉ်ပျံထွက်ရန် (Clearanee) ရရှိပြီးဖြစ်သည်ဟု ပြောပါသည်။ လေယာဉ်ပြေးလမ်းသို့ အဝင်လမ်းကြောင်း ရှင်းသည်ဟု ပြသော အချက်ပြမီး (Stop Bar Light) မှာ ဒီဇင်ဘာ ၂၇ ရက်နေ့တည်းက အလုပ်မလုပ်တော့ပါ။ ဖြုတ်သိမ်းထားရပါသည်။  ဤအကြောင်းကိုလည်း လေယာဉ်ပိုင်းလော့က သိပြီး ဖြစ်ပါသည်။ 

ပိုင်းလော့နှင့် ကွန်ထရိုးတာဝါတို့၏ ဆက်သွယ်မှု မှတ်တမ်းများကို ပြန်လည်ဆန်းစစ်ကြသည့်အခါ နားလည်ရသည်မှာ အဲယားဘတ်(စ) (JAL plane) ကိုဆင်းခွင့်ပေးပြီး လေယာဉ်အသေး ဒီစီ 8 မှာ ပြေးလမ်းအဝင်တွင် ရပ်၍ လေယာဉ်ပြေးလမ်းအတွင်း ဝင်ခွင့်ကို စောင့်ဆိုင်းနေရန်သာ ဖြစ်ပါသည်။ အရာရှိများအနေဖြင့် ကမ်းခြေစောင့်လေယာဉ်သည် အဘယ်ကြောင့် လေယာဉ်ပြေးလမ်းပေါ် ရောက်နေရသနည်းဟု မေးခွန်းကို အဖြေရှာလျက်ရှိကြသည်။ လေယာဉ်၏ လုံခြုံရေးသေတ္တာ Black Box မှာ လိမ္မော်ရောင်ရင့်ရင့် ဆေးသုတ်ထားသောပုံး ဖြစ်သည်။ ခေတ်မီလေယာဉ်ကြီးများတွင် ထိုသေတ္တာနှစ်လုံး ပါရှိပါသည်။ တစ်ခုမှာ ပိုင်းလော့ခန်းတွင် အသံများကို မှတ်သားရန်နှင့် အခြားတစ်လုံးမှာ ရာသီဥတုအခြေအနေနှင့် လေယာဉ်၏ ပျံသန်းမှု ဒေတာ Flight Data များကို မှတ်သားရန် ဖြစ်ပါသည်။ လေယာဉ်ငယ်မှ သေတ္တာမှာ အလွယ်တကူ တွေ့ရှိကြပြီး ဂျပန် အဲယားလိုင်းမှ သေတ္တာများကို ဇန်နဝါရီ ၄ ရက်နေ့က တွေ့ရှိခဲ့သည်။ ကမ္ဘာပေါ်တွင် အလုပ်အရှုပ်ဆုံး ဟာနေတာ လေဆိပ်မှ မတော်တဆ ထိခိုက်မှုကို ဤသေတ္တာများက အဖြေထုတ်ပေးရန်ရှိနေသည်။

လေယာဉ်ဆင်းလာပုံ ဗွီဒီယိုမှတ်တမ်းများကို ကြည့်လျှင် မီးတောက်မီးလျှံများကို မြင်ရသည်မှာ လေယာဉ်ပျံအတွင်းမှ ပါစင်ဂျာများမှာ ဘေးမသီရန်မခထွက်လာနိုင်ရန် မဖြစ်နိုင်ဟု ထင်ရပါသည်။ အဲယားဘတ်(စ)သည် ၅ နာရီ ၄၇ မိနစ်တွင် မြေပြင်နှင့် ထိပြီး လေယာဉ်ပျံမှ နောက်ဆုံး ပါစင်ဂျာ ထွက်လာသည်မှာ ၆:၀၅ မိနစ်ဖြစ်၏။ လေယာဉ်ကိုယ်ထည်သည် မီးများကို ကြံံ့ကြံ့ခံထားပြီး လူများကို ကာကွယ်ပေးထားခဲ့သည်မှာ ၁၈ မိနစ် ကြာမြင့်သည်။ ထို ၁၈ မိနစ်အတွင်းမှာပင် တစ်မိုင်၏ ၃ ပုံ ၂ ပုံခန့် လေယာဉ်သည် ပြေးလမ်းပေါ်မှာ ရှိနေခဲ့ပြီး လေယာဉ် ရပ်တန့်သွားရာ ထိုအချိန်အတွင်း ပါစင်ဂျာများကို ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

လေယာဉ်ကြီးမှာ လေယာဉ်ငယ်ကလေးနှင့် ထိခိုက်အပြီး ကိုယ်ထည်မပျက် တည်ရှိကာ ကိုယ်ထည်မှာ ၆ နာရီခန့် မီးလောင်ကျွမ်းနေခဲ့ပြီးမှ မီးငြှိမ်းသတ်နိုင်ခဲ့ပါသည်။ နောက်ဆုံးလေယာဉ်ကို မီးငြှိမ်းသတ်ပြီး ၅ ရက်နေ့ရောက်မှ လေယာဉ်ပြေးလမ်းကို ပုံမှန် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

လေယာဉ်ပျံ၏ အင်ဂျင်ကို မီးမလောင်နိုင်သော မီးကာပစ္စည်း (Firewall) များဖြင့် ကာကွယ်ထားခဲ့သည်။ လေယာဉ်ဆီထည့်ထားသော ကန်များမှာလည်း နိုက်ထရိုဂျင်ဓာတ်ငွေ့ကို ထုတ်ပေးသည့် ပန့်များ တပ်ဆင်ထားပြီး လေယာဉ်ပျံ၏ ခုံများနှင့် ကြမ်းခင်းမှာ မီးမလောင်နိုင်သောပစ္စည်းဖြင့် ပြုလုပ်ထားပါသည်။ လေယာဉ် ကိုယ်ထည်မှာ မီးမလောင်နိုင်ဘဲ ပေါ့ပါးပြီး အခြားသတ္တုများဖြင့် ပူးပေါင်းရန်လွယ်ကူသော အလူမီနီယမ်သတ္တုဖြင့် တည်ဆောက်ထားပါသည်။ ထိုမီးမလောင်သော ပစ္စည်းများဖြင့် တောက်လောင်နေသော မီးကို ပြန့်မသွားရအောင် တားဆီးနိုင်ခဲ့သည်။ ထိုပစ္စည်းများကြောင့်သာ မီးကို ခေတ္တမျှထိန်းသိမ်းထားနိုင်မှုကြောင့် ပါစင်ဂျာအားလုံး လွတ်မြောက်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

လေယာဉ်မှာ အရေးပေါ် ထွက်ပေါက် ၄ ပေါက်နှင့် ပါစင်ဂျာမှာ လျှောဆင်းနိုင်သော ရာဘာလျှောများ တပ်ဆင်ထားပြီး လေယာဉ်၏ ဘက်နှစ်ဖက်လုံးကို အသုံးပြုနိုင်ပါသည်။ လေယာဉ်ကြမ်းပြင်ကို မြင်နိုင်စေရန် လျှောက်လမ်း၏ ဘေးနှစ်ဖက်လုံးတွင် (Floor Light) များတပ်ဆင်ထားပြီး ၎င်းမှာ လေယာဉ် မှောင်မည်းသွားချိန်တွင် လူသွားလမ်းကို မြင်လွယ်အောင် ပြသထားပါသည်။

မီးငြှိမ်းသတ်သော အရာရှိများက လေယာဉ်တည်ဆောက်ထားပုံနှင့် ပျံသန်းရေးလက်ထောက်များက ညွှန်ကြားချက်အတိုင်း လိုက်နာကြသော ပါစင်ဂျာများကို ချီးကျူးစကား ပြောဆိုကြပါသည်။ ပါစင်ဂျာများမှာ ဝတ်ဆင်ထားသော အနွေးထည် အပေါ်ဝတ်များအားလုံး ချွတ်ကြရပြီး အေးချမ်းလှသော ရာသီဥတုကြောင့် အပြင်မှ လေအေးနှင့် ထိတွေ့သောအခါ ခိုက်ခိုက်တုန်အောင် ချမ်းနေကြသည်။ ကလေးများမှာ ငိုယိုနေကြပြီး လူကြီးများ အော်ဟစ်၍ စကားပြောဆိုနေကြသော်လည်း လူအုပ်စုမှာ (panic) မဖြစ်ဘဲ စည်းကမ်းတကျ ရှိကြသည်။

လေယာဉ်ပျံဝန်ထမ်းများမှာ ပါစင်ဂျာများ ထိတ်ထိတ်ပျာပျာ မဖြစ်ရေး မည်သည့်ထွက်ပေါက်မှ ထွက်ရမည်ကို စီစဉ်ပေးကြရန်ဖြစ်သည်။ လူ ၁၅ ယောက်သာ အနည်းငယ် ဒဏ်ရာရှိကြသည်။ ပြင်းထန်သော ဒဏ်ရာများ မဟုတ်ကြပါ။ လေယာဉ်ထွက်ပေါက်မှ လျှောလှေကားမှာ ရာဘာနှင့် လုပ်ထားသောကြောင့် လေနှင့်အတူ ရွေ့လျားနေပြီး အမြင့်မှ လျှောဆင်းရခြင်းဖြစ်သောကြောင့် မြေကြီးနှင့် အထိတွင် ဒဏ်ရာအနည်းငယ် ရရှိကြသည်။ 

လေယာဉ်မှာ သူတို့နိုင်ငံတွင် ပြုလုပ်သောကြောင့် ပြင်သစ်ပြည်မှ BEA Investigation အဖွဲ့မှ ဤသို့ မတော်တဆ ထိခိုက်မှုမှာ မည်သို့ဖြစ်ရသည်ကို စစ်ဆေးနေကြသည်။ စစ်ဆေးခြင်းကို ဦးစီးဦးဆောင်ပြုသူမှာ ဂျပန် လုံခြုံရေးအဖွဲ့ မှ (Japan Trasport Safety Board) ဖြစ်သည်။

( ၃ )

ဂျပန်လူမျိုးတို့၏ စည်းကမ်းထိန်းသိမ်းနိုင်မှုကို ဤဖြစ်ရပ်တွင် အထင်အရှား တွေ့ရပါသည်။ မည်သည့် လူမျိုးကမှ မိမိ အသက်အန္တရာယ် စိုးရိမ်လာရပြီဆိုလျှင် ဤမျှ စည်းကမ်းလိုက်နာကြရန် မမျှော်လင့်နိုင်ပါ။ တစ်ဦးကောင်း တစ်ယောက်ကောင်းက ကိုယ့်အသက်လွတ်မြောက်ရေးအတွက် ထပြီး လွတ်မြောက်ကြောင်းကို ရှာကြပါလျှင် ဖြစ်ပေါ်လာသော ဖရိုဖရဲဖြစ်မှုကြောင့် ကေဘင်အတွင်းဝယ် အရှုပ်အထွေး ဖြစ်သွားခဲ့ပါလျှင် ပါစင်ဂျာ အားလုံး၏ ကံကြမ္မာကို တွေးရဲစရာမရှိပါ။

စည်းကမ်းသေဝပ်ခြင်းက ပါစင်ဂျာအားလုံး၏ အသက်များကို ကယ်တင်ခဲ့ပါသည်။

Ref:As Flames surged, order prevailed ByMotoko Rich N.Y. Times January 5 2024



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar