ဝဇီရာဒီဖိုး - အမေ့ပခုံးသားပေါ်က သေနတ်ဒင်ဒဏ်ရာနဲ့ မီးအရှို့ခံခဲ့ရတဲ့ အမေ့ရွာလေး
အမေ့ပခုံးသားပေါ်က သေနတ်ဒင်ဒဏ်ရာနဲ့
မီးအရှို့ခံခဲ့ရတဲ့ အမေ့ရွာလေး
ဝဇီရာဒီဖိုး
(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၂၄
အပူလှိုင်း မှတ်တမ်းရုပ်ရှင်နဲ့
ဒုက္ခအခင်းအကျင်း လွင်ပြင်ကျယ်ကြီးထဲ
လောကဓံမြင်းရိုင်းကို ဇက်ကြိုးမပါပဲ
ယဥ်ပါးသိမ်မွေ့စွာ ခရီးနှင်ခဲ့တဲ့ အမေ
ယနေ့အထိ သက်ရှိထင်ရှားရှိနေဆဲမို့
ကျေးဇူးအထူးပါ အမေ။
မွှေးသားစ လှသားစ
အိမ်ရှေ့က စံပယ်ရုံလေး
ဘယ်တော့ ပွင့်မှာလဲ...တဲ့။
သခင်ကိုယ်တော်မှိုင်းကြီးလည်း
မရှိတော့ဘူး။
အစိုးမရဘဲ အစိုးရချင်ကြ
စစ်ဦးဘီလူး...တဲ့
ဘီလူးကို အပြင်မှာသွားမရှာနဲ့
လူ့ခန္ဓာကိုယ်ထဲမှာပဲ ရှိတယ်...တဲ့
(မနုဿေဟိ =လူ၊ အမနုဿေဟိ =ဘီလူး)
လူမဆန်တဲ့လူဟာ ဘီလူးပေါ့ကွယ်...တဲ့။
မငြိမ်မသက် ကသောက်ကရောက်အသံကြားရင်
အမေလေ...
အတိတ်အကြောင်း ပြန်ပြောင်းပြောမဆုံးဘူး။
ရွာထိပ်က ကားလမ်းတံတားနဲ့
ရထားလမ်း ဂုံး(ကုန်း)တံတားကို ချိုးဖို့
ကျွဲညီနောင် လေယာဥ်ကြီးတွေလာတော့
ဗုံးခိုကျင်းထဲ ပြေးဝင်သွားတဲ့ ဒေါ်စိုးတို့ မိသားတစ်စု
ဗုံးခိုကျင်းတည့်တည့် ဗုံးသီးကျသွားလို့
အလောင်းတောင် ကောက်မရတဲ့ အကြောင်း
ရွာထိပ်က စာသင်ကျောင်းလေး သိပါတယ်...တဲ့။
(ဘကြီး)ဗဂျီးကိုမြ မင်္ဂလာဆောင်တုန်းက
ကျွဲညီနောင်လေယာဥ်ကြီးတွေလာလို့
ကောက်ညှင်းပေါင်းအိုးကြီးကို ထားပစ်ခဲ့ရပြီး
မဏ္ဍပ်ထဲကနေ အပြေးအလွှား ပုန်းခဲ့ရတဲ့ အကြောင်းတွေ...။
ရွာထိပ်မှာ ရွှေနှင်းဆီအငြိမ့်ကတဲ့ ည
လေယာဥ်သံကြားလို့
အောင်လင်းဓာတ်မီးကို ဖျာလိပ်နဲ့ပတ်ထားတဲ့ကြားထဲ
စက်သေနတ်နဲ့ ဆွဲသွားလိုက်တာ အတုံးအရုံးပဲ...တဲ့။
ဗုံးသီးကျထားတဲ့ ကျင်းတွေက
ရွာ့မျက်နှာပြင်မှာ ကျောက်ပေါက်မှန်တွေလို
ကျွန်တော်တို့ ကလေးဘဝအထိ ရှိနေသေးလို့
မိုးတွင်းဆို ဖားခုံညင်းတွေအော်တဲ့ အသံက
"ဝမ်း... တူး..." အသံမျိုးထွက်လို့
ဖားအင်္ဂလိပ်ကျောင်းသားတွေလို့ အဘိုးကြီးက ပြောတယ်။
ဒုတိယကမ္ဘာစစ်မီးလျှံတွေ ပြီးပြန်တော့လည်း
လွတ်လပ်ရေး ရပြီလို့တော့ ပြောကြတာပဲ...တဲ့။
သွေးနုနုသားနုနု တိုင်းပြည်နဲ့
ဗုံးခိုကျင်းထဲက ကျန်တဲ့အသက်နဲ့
ရောင်စုံပြည်တွင်းစစ်မီးလျှံတွေနဲ့
အလံနီရွာဆိုပြီး အမေ့ရွာကလေးကို မီးရှို့ကြတော့...။
သူပုန် မယားတွေဆိုပြီး
ရွာထိပ်က အမေကြီးဒေါ်အိမ်သစ်ရဲ့ ခြံ
လက်ပံပင်ကြီးအောက်မှာ
အမျိုးသမီးတွေကို တန်းစီငုတ်တုတ်ထိုင်ခိုင်းပြီး
သေနတ်ဒင်နဲ့ဆောင့်လိုက်တဲ့ အမေ့ပခုံးသားက ဒဏ်ရာ
အခုထိ မပျောက်သေးဘူး။
မီးဟုန်းဟုန်းတောက် ပြာကျခဲ့ရတဲ့ အမေ့ရွာကလေးနဲ့
ခေတ်စနစ်အပျက်အစီးတွေနဲ့
အာဏာစားခွက်လုကြတဲ့ ပွဲတွေ
ကျွန်တော်တို့ မမွေးခင်ကတည်းက ရှိနေကြတာပေါ့။
စနစ်တကျ မီးရှို့ခဲ့ကြတော့
စနစ်တကျ လောင်ကျွမ်းလာလိုက်တာ
အခုအချိန်ထိ သက်ရှိထင်ရှားရှိနေသေးတဲ့ အမေက
သက်ရှိထင်ရှားမရှိတော့တဲ့
စစ်အတွင်းဒုက္ခသည်များအကြောင်း
အမေ ပြောပြလို့ မပြီးဆုံးသေးဘူး
ဘယ်အချိန်ထိ ဆက်ပြောနေရဦးမှာလဲ အမေ။
ဘယ်သူတွေ မီးရှို့ခဲ့ကြတာလဲ...။
ဒီလိုနဲ့ ...
အမေကပြောတယ်
အဲဒီအသံတွေ မကြားချင်ဘူး
စစ်ဆိုရင်...
ရေတောင်စစ်မသောက်ချင်ဘူး...တဲ့။
အမေ့ပခုံးသားပေါ်က သေနတ်ဒင်ဒဏ်ရာ
တစစ်စစ်နဲ့ ကိုက်နေတုန်းပဲလား အမေရယ်....။
ဟိုတုန်းက ဆိပ်သာ
အခုတော့...
ရန်ကုန်-ပြည်လမ်းဘေးက ရွာကလေး
ငြိမ်းချမ်းရေးငှက် အမည်ပေးထားတယ်။ ။
01:25,
25-4-2023
- ဂျိုးဖြူက အမေရယ်၊ ဒေါ် မရင်ရယ်၊ ဟိုဘက်ကမ်း(ဂျိုးဖြူမြောက်ပိုင်း) က အပျိုကြီးနှစ်ယောက်ရယ်ပဲ မှတ်မိတော့တယ်တဲ့။
*** အသက်(၉၀ - နှစ်)ထဲ ရောက်နေပြီဖြစ်တဲ့ အမေအား ဦးညွှတ်ဂုဏ်ပြုလျက် (25-1-2024 ၊ ၁၃၈၅-ခုနှစ်) ပြာသို့လပြည့် အမေများနေ့ အမှတ်တရ)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar