Breaking News

မြန်မာနိုင်ငံမှာ ကလေးငယ် ၆ သန်း အာဟာရချို့တဲ့နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်၊ ကချင်ပြည်နယ်မှာ စစ်ကောင်စီရဟတ်ယာဥ် ပစ်ချခံရ

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၃ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၂၄


မြန်မာနိုင်ငံမှာ ကလေးငယ် ၆ သန်း အာဟာရချို့တဲ့နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်၊ ကချင်ပြည်နယ်မှာ စစ်ကောင်စီရဟတ်ယာဥ် ပစ်ချခံရ

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာခြင်းရဲ့ အကျိုးဆက်အနေနဲ့ လူ့အသက်ဆုံးရှုံးခြင်း၊ နေအိမ်ပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးခြင်းတို့နဲ့ အတူ အဟာရချို့တဲ့မှု ခံစားကြရတဲ့ ကလေးငယ်အရေအတွက်ဟာ ၆ သန်းအထိ ရောက်ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံက ၆ သန်းမျှသော ကလေးငယ်တွေဟာ အဟာရချို့တဲ့မှု အပြင် ပညာရေး နဲ့ ကျန်းမာရေးဖြတ်တောက် ခံထားရတာ၊ နေအိမ်မှ စွန့်ခွာထွက်ပြေးနေထိုင်နေကြရတာ၊ အဟာရ မဖူလုံမှု စတာတွေကို ခံစားနေကြရတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားကြောင်း သတင်းမှာပါရှိပါတယ်။ 

လူဦးရေ ၅၄ သန်းကျော်ရှိမယ်လို့ ခန့်မှန်းထားကြတဲ့ မြန်မာနိုင်ငံမှာ ကလေးငယ် ၆ သန်းကျော် အဟာရချို့တဲ့မှု ဒဏ်ခံစားနေကြရတာဟာ ၁၀ ရာနှုန်းအထက်မျှသော လူဦးရေရာခိုင်နှုန်းဖြစ်သလို အနာဂတ်မျိုးဆက်ဖြစ်လာမယ့် ကလေးငယ်တွေ ဖြစ်လို့ နိုင်ငံရဲ့ အနာဂတ်အတွက် ဆိုးရွားတဲ့ သက်ရောက်မှုလည်း ဖြစ်ပါလိမ့်မယ်။ ပညာသင်ကြားရေး မရရှိတာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေက မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ သက်ရောက်မှု ကြီးကြီးမားမား ရှိနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အထူးသဖြင့် လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြောက်ပိုင်း၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းတို့လို ဒေသတွေမှာ ထိခိုက်ခံစားနေကြရတယ်လို့ ခန့်မှန်းရပါတယ်။ 

လက်နက်ကိုင် ပဋိပက္ခရှည်ကြာလာတာနဲ့ အမျှ အကျိုးသက်ရောက်မှုတွေက နောက်ထပ် ဆယ်စုနှစ်တခု နှစ်ခုကျော်ကြာအထိ ခံစားကြရမယ့် အလားအလာလည်း ရှိနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာက လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်ကြာရှည်စွာ ဖြစ်ပွားနေတဲ့ နိုင်ငံတွေက ကလေးငယ်တွေရဲ့ ပုံရိပ်တွေကို သတင်းတွေထဲ တွေ့မြင်ကြရတဲ့အသွင်မျိုး မြန်မာနိုင်ငံမှာလည်း တွေ့မြင်လာရနိုင်ချေရှိနေတာ ဖြစ်ပါတယ်။ နကို အနေအထားအရ စားနပ်ရိက္ခာ မရှားပါးသော်လည်း စစ်မက်ဖြစ်ပွားတာကြောင့် စိုက်ပျိုး လုပ်ကိုင်နိုင်ခြင်းမရှိတာ၊ သိမ်းဆီးယူဆောင်ခံကြရတာ ဖျက်ဆီးခံကြရတာကြောင့် ရိက္ခာမလုံလောက်မှုနဲ့ မလုံခြုံတဲ့ ဘဝတွေမှာ ကြီးပြင်းကြရတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်က မလှပသလို နိုင်ငံရဲ့ အနာဂတ်အတွက်လည်း ကောင်းမွန်တဲ့ ရလဒ်တွေတော့မဟုတ်ကြပါဘူး။ 

ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ အစီအစဥ်တွေဖြစ်တဲ့ ကလေးငယ်တွေ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေ၊ ကျန်းမာရေး ပညာပေးအစီအစဥ်တွေလည်း အခုလို စစ်မက်ဖြစ်ပွားနေတဲ့ အခြေအနေအောက်မှာ လုပ်ကိုင်နိုင်ခြင်းမရှိတာကြောင့် ကလေးငယ်တွေအဖို့ ၄င်းတို့ဘဝအတွက် အရေးကြီးဆုံး အချိန်မှာ ကျန်းမာရေး စောင့်ရှောက်မှုမရရှိနိုင်တဲ့ အနေအထားကလည်း ဝမ်းနည်းစရာကောင်းလှတဲ့ အခြေအနေတရပ် ဖြစ်နေပါတယ်။ 

လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စစ်ရေးအောင်ပွဲကို အဓိကအာရုံစိုက် တိုက်ခိုက်နေကြစဥ်မှာ အခုလို လစ်ဟာသွားတဲ့ ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုတွေကို မိမိတို့ ဒေသအလျှောက် ဖွဲ့စည်းထားကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေ နဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်သလောက် လုပ်ဆောင်ကြရမယ့် သဘောလည်း ဖြစ်နေပါတယ်။ အာဏာရှင် စစ်တပ်ကို ဖြိုဖျက်ရေးလုပ်ဆောင်နေစဥ် အတောအတွင်းကာလမှပဲ အနာဂတ်တွက် တည်ဆောက်ပျိုးထောင်ရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နိုင်တဲ့ အဖွဲ့အစည်းတွေက တဖက်တလမ်းက လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ 

ကလေးငယ်တွေ အတွက် ပညာရေး နဲ့ ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှု ဝန်ဆောင်မှုတွေက အနာဂတ် မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပြီး ကမ္ဘာမှာ ကျရှုံးနိုင်ငံအဖြစ် သာဓကဆောင် ညွှန်းဆိုကြတဲ့နိုင်ငံတွေမှာ ဆယ်စုနှစ်တွေချီတဲ့ ပြည်တွင်းစစ်၊ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အကျိုးဆက်အနေနဲ့ နောက်မျိုးဆက်တွေကို ပျိုးထောင်နိုင်ခြင်း မရှိတော့ဘဲ လက်နက်ကိုင် ပဋိပက္ခထဲ ထပ်မံကျရောက်တဲ့ အဖြစ်တွေကိုလည်း သင်ခန်းစာ ယူကြရမှာ ဖြစ်ပါတယ်။ 

ဒီနေ့အတွက် နောက်ထူးခြားတဲ့ သတင်းတပုဒ်ကတော့ ကချင်ပြည်နယ် KIA ဌာနချုပ်ရှိရာ လိုင်ဇာ ဆက်သွယ်ထားတဲ့လမ်း ဖြစ်တဲ့ နမ့်ဆန်ယန် နဲ့ ဂမ်ဒေါင်ယန် အနီးတဝိုက်မှာ စစ်ကောင်စီဘက်က ၄င်းတို့ စခန်းရှိရာ နားဖော့တောင် စခန်းဆီ ရိက္ခာပို့တဲ့ ရဟတ်ယာဥ်ကို KIA ဘက်က ပစ်ချခဲ့ပြီး ရဟတ်ယာဥ် ပျက်ကျတာ မှန်ကန်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူကို ကိုးကားပြီး သတင်းတွေ ဖော်ပြထားကြတာ တွေ့ရပါတယ်။ 

ဇန်နဝါရီ ၃ ရက်နေ့ နေ့လယ်ဝန်းကျင်မှာ အခုလို ပစ်ချခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဥ်ပေါ်ပါသူတွေ ပါ သေဆုံးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ စစ်ကောင်စီ အနေနဲ့ မြေပြင်မှာ နယ်မြေစိုးမိုးနိုင်စွမ်း သိသိသာသာ ကျဆင်းလာနေတာကြောင့် လေကြောင်း တိုက်ခိုက်မှုနဲ့ လေကြောင်းက တဆင့် ရိက္ခာ၊ စစ်အင်အား အကူအညီတွေ ပို့ဆောင်နေကြရတာလည်း ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဆီမှာ လေကြောင်းရန် ကာကွယ်ရေး လက်နက်၊ နည်းပညာ စတာတွေ အားနည်းပြီး အချို့ဒေသတွေမှာ မရှိသလောက် အနေအထားလည်း ဖြစ်လို့ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေဒေသတွေ ကောင်းမွန်စွာ ထိန်းချုပ်ကွပ်ကဲခြင်း မပြုနိုင်အောင် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း အာဏာသိမ်း စစ်ကောင်စီအနေနဲ့ လေကြောင်း အသုံးပြုမှုကို အဆများစွာ တိုးမြှင့်အသုံးပြုခဲ့တာကြောင့် လေကြောင်းရန်ကြောင့် ပျက်စီးသေဆုံးရတဲ့ အရေအတွက်က တရှိန်ထိုး မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။ အခုလို စစ်ကောင်စီဘက်က ရဟတ်ယာဥ် သို့မဟုတ် စစ်လေယာဥ်ကို ပစ်ချနိုင်တဲ့ အနေအထားက မကြာခဏ မဟုတ်ပေမယ့်လည်း ကုန်ခဲ့တဲ့ နှစ်အတွင်း ၂ ကြိမ်မက ရှိခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် အစမှာတော့ အခုဖြစ်ရပ်က ပထမဆုံး ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

မြန်မာပြည်တပြည်လုံးဟာ ပြည်တွင်းစစ်မီးအောက်ထဲကို ရောက်နေတယ်လို့ ဆိုနိုင်ပြီး အနာဂတ်ကို တည်ဆောက်မယ့် မျိုးဆက်သစ် ကလေးငယ်များအားလုံးကိုယ်စီမှာ ပြည်တွင်းစစ်မီးဒဏ်ရာက သေရာပါ ဖြစ်သွားပြီလို့ ဆိုရင် မှားမယ် မထင်ပါ။ သူတို့အားလုံးရဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ လုံခြုံမှု အကာအကွယ်ရှိမှု အာမခံချက်နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းတွေ လမ်းစတွေအားလုံးဟာ စစ်မီးခိုးတွေ စစ်မုန်တိုင်းအောက်တွေမှာ အချိန်နဲ့အမျှ နောက်ကျ ကျန်ရစ်နေပြီဆိုတာ နွေဦးတော်လှန်ရေးခေါင်းဆောင်သူတွေ အားလုံး သတိရှိရှိ သုံးသပ်ပြင်ဆင်နေဖို့ အထပ်ထပ် တိုက်တွန်းလိုက်ရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar