ကိုအောင်မှိုင်း - လွတ်လပ်ရေးနေ့သစ် တောလား
ကိုအောင်မှိုင်း - လွတ်လပ်ရေးနေ့သစ် တောလား
(မိုးမခ) ဇန်နဝါရီ ၄ ၊ ၂၀၂၄
မလွတ်လပ်တဲ့ နိုင်ငံမှာ
လွတ်လပ်ရေးနေ့အကြောင်း
ပြောရတာ အတော်ခက်တယ်။
မလွတ်လပ်တဲ့ နိုင်ငံမှာ
လွတ်လပ်ရေးနေ့ဆိုတာ
ပြက်လုံးတခုထက် မပိုပါဘူး။
လွှတ်ချလိုက်ရတဲ့
လွတ်လပ်ရေးနေ့အတွက်
ကဗျာတပုဒ် ရေးရတာဟာ
ကျိုးပဲ့နေတဲ့ နှလုံးသားကို
အီးစီဂျီစက်ပေါ် တင်ရသလိုပါပဲ။
လွတ်လပ်ရေးနေ့မှာ
ကြယ်တချို့ ကျကွဲခဲ့ရသလို
ကြယ်တချို့ တောက်ပလာပြီး
ကြယ်တချို့ မျက်ရည်တွေ ကျခဲ့ရတယ်။
လွတ်လပ်ရေးနေ့ဆိုတာ
ငိုချင်းရှည်တွေ ဘုန်းတော်ဘွဲ့တွေ
လိမ်ညာမှုတွေ အနိုင်ကျင့်မှုတွေ
တဆိပ်တုတွေ ပျော်ရွှင်မှုတုတွေကို
လက်အတုတွေ ထောင်ပြခဲ့ကြရတာလား။
လွတ်လပ်ရေးနေ့အတွက်
ပေးဆပ်ရတာတွေက များသား
စာချုပ်တွေ လျော်ကြေးတွေ
၅ (ည)လို ပုဒ်မတွေ
ကိုအောင်ဆန်းနဲ့
တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ
နှစ် ၇၀ ကြာ ပြည်တွင်းစစ်ရဲ့
အသက်တွေ သွေးတွေ
မျက်ရည်တွေ သောကတွေ
ပျက်စီးမှု အနိဋ္ဌာရုံတွေ
ရောင်စုံသောင်းကျန်းဘဝတွေ
ပေါင်းဆုံလိုက်ရင်တော့
တာလပေါထိုးလို့ရတဲ့ လွတ်လပ်ရေးနေ့ပါပဲ။
လွတ်လပ်ရေးနေ့ ဆိုတာ
မျိုးဆက်သစ်တွေအတွက်
တန်းတူရေးပြဋ္ဌာန်းချက် ဖြစ်သလို
တော်လှန်ရေးရဲ့ နိမိတ်ပုံဖြစ်တယ်
တိုက်ပွဲဝင်တဲ့သင်္ကေတ ဖြစ်လာကြတယ်။
အနာဂတ်မှာ
လွတ်လပ်ရေးနေ့ဟာ
နွေဦးဖြစ်တယ်
ပန်းတွေပွင့်လိမ့်မယ်
မိုးကောင်းကင်က ကြယ်တံတားကြီးတွေကို
တိုင်တည်ကြရင်း တိုက်ပွဲဝင်ကြရမှာပဲပေါ့။
နေ့သစ်အတွက်
တောလားသစ်တွေ
ဖန်တီးကြရမှာကတော့ အသေအချာပါပဲ။