စစ်အာဏာသိမ်း ၃ နှစ်ပြည့်ဖို့ ရက်ပိုင်းအလို နောက်ပြန်လှည့်ကြည့်ခြင်း
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၈ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၂၄
စစ်အာဏာသိမ်း ၃ နှစ်ပြည့်ဖို့ ရက်ပိုင်းအလို နောက်ပြန်လှည့်ကြည့်ခြင်း
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ရက်နေ့ကနေ ၃ နှစ်ပြည့်လုနီး အချိန်မှာ ပြန်ငဲ့ကြည့်တဲ့အခါ စိတ်အားတက်ကြွစရာ တချို့ကို ရှာဖွေကြည့်လို့ရကောင်းရပေမယ့် ပျက်စီးဆုံးရှုံးမှု ထုထည်ပမာဏက အများဆုံး အကျယ်ပြန့်ဆုံးဖြစ်ပါတယ်။ ဆုံးရှုံးသွားတဲ့ လူ့အသက်တွေ၊ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေ၊ ရုပ်ဝတ္တုလို တိုင်းတာဖို့ မလွယ်ကူတဲ့ လူတွေရဲ့ ကိုယ်ကျင့်တရား၊ အတတ်ပညာ၊ ကျွမ်းကျင်မှု၊ ပညာရေးဆိုင်ရာ အရင်းအနှီးတွေ၊ လူတဦးနဲ့တဦးအကြားက ယုံကြည်မှုတွေ၊ ခင်မင်ရင်းနှီးသူတွေနဲ့ အချို့သော မိသားစုဝင်တွေအကြားမှာတောင် ပေါက်ပွားလာတဲ့ သဘောထား စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပါတယ်။ ဆုံးရှုံးမှုတွေနဲ့ ဖြစ်ထွန်းမှုတွေကို ၂ မျိုးခွဲကြည့်ရင် ရုပ်ဝတ္ထုဆိုင်ရာ အရာဝတ္ထုတွေနဲ့ စိတ်ပိုင်းဆိုင်ရာတန်ဖိုး၊ ယုံကြည်မှု၊ ခံစားချက်တွေ လို့ဆိုရမယ် ထင်ပါတယ်။
နိုင်ငံတခုလုံးအနေနဲ့ နှိုင်းယှဥ်ကြည့်ရင်တော့ ဆုံးရှုံးမှုတွေက အပြတ်အသတ် အလေးသာတဲ့ အခြေအနေမျိုးဆိုတာ အငြင်းပွားဖွယ်ရာ မရှိပါ။ လူ့အသက်တွေ ဆုံးရှုံးကြရတာ ၃နှစ်တာအတွင်း သောင်းဂဏန်း နဲ့ ရှိနေတာ အမှန်ပဲ ဖြစ်ပါတယ်။ ၂ ဖက် လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေတွေ အရေအတွက်တင် သောင်းဂဏန်း ကြီးကြီးမားမား ရှိနေပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင် မဟုတ်တဲ့ အရပ်သား အသက်ဆုံးရှုံးမှုတွေ ကလည်း သောင်းဂဏန်းကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေက လက်နက်နဲ့ သေဆုံးရတာတွေကိုသာ တတ်နိုင်သမျှ ကောက်ယူကြတာ ဖြစ်ပြီး စစ်ပွဲရဲ့ အကျိုးဆက် လူမှုစီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုမရရှိတာတွေကြောင့် အသက်ဆုံးရှုံးရသူတွေ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်ကြောင့် အသက်ဆုံးရှုံးရသူတွေကို ကောက်ယူ ရေတွက်နိုင်ခြင်း မရှိပါဘူး။ တော်လှန်ရေး ဘက်ကို ထောက်ခံသူတွေ သတ်ဖြတ်ခံရမှုတွေကိုသာ မှတ်တမ်းတင် ရေတွက်ပြီး ထုတ်ပြန်တဲ့ အဖွဲ့တဖွဲ့ရဲ့ မှတ်တမ်းအရဆိုရင် အာဏာသိမ်းပြီး ၃ နှစ်နီးပါးအတွင်း အရပ်သား ၄၄၀၀ ကျော် သေဆုံးပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အခြားမှတ်တမ်းကောက်ယူတဲ့ အဖွဲ့တဖွဲ့ ကတော့ စစ်တပ်/ ကြံ့ခိုင်ရေးနဲ့ ဆက်စပ်နှီးနွယ်လို့ ၄င်းတို့ကို ထောက်ခံသူတွေထဲက အရပ်သားတွေပါ ထည့်တွက်ရင် အရပ်သား သေဆုံးသူ အနည်းဆုံး ၆၀၀၀ ကျော်ရှိပြီလို့ ပြီးခဲ့တဲ့ နှစ်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့ နေရာဒေသအချို့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နှိုင်းယှဥ်ရင် ကိန်းဂဏန်းအရ နည်းတယ်လို့ဆိုနိုင်ပေမယ့် မြန်မာနိုင်ငံ အနေနဲ့တော့ နှစ်ပေါင်း ၇၀ ကျော်အတွင်း အဆိုးရွားဆုံး လက်နက်ကိုင် ပဋိပက္ခ၊ ပြည်တွင်းစစ်ကို ဖြတ်သန်း ရင်ဆိုင်နေရတဲ့ အနေအထားလို့ဆိုနိုင်ပါတယ်။
စစ်အာဏာသိမ်း ၃ နှစ်ကာလမှာ လူ့အသက်တွေ ဆုံးရှုံးသွားသလိုပဲ နိုင်ငံရေး သဘောထားကွဲလွဲမှု ကြောင့်လည်း လူအချင်းချင်းအကြားက ဆက်ဆံရေးတွေ ပြတ်တောက်သွားတာ၊ သူငယ်ချင်း အချင်းချင်း၊ လုပ်ဖေါ်ကိုင်ဖက်အချင်းချင်း၊ မိသားစုဝင် အချင်းချင်းအထိ သဘောထားကွဲလွဲမှု ဆက်ဆံရေးဖြတ်တောက် မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ် ကိုလိုနီခေတ် ခွဲရေးတွဲရေးကို ထောက်ခံတာ ကန့်ကွက်တာနဲ့ ပတ်သက်လို့ ဆရာ၊ တကာသဘောထားကွဲကြတာကို ခေတ်စမ်း စာရေးဆရာ သိပ္ပံမောင်ဝက ခေတ်စမ်း စကားပြေဆောင်းပါး ရေးသားခဲ့ဖူးပြီး အခုခေတ် သဘောထားကွဲလွဲကြရာမှာလည်း အဲဒီခေတ်က သဘောထားကွဲလွဲကြတာထက် မလျော့ပဲ သာဖို့သာ ရှိပါတယ်။ အခုကာလက နိုင်ငံရေး သဘောထား ကွဲလွဲမှုကငြင်းခုံမှုသာမဟုတ်တော့ဘဲ ကိုယ်ထိလက်ရောက် တိုက်ခိုက် သတ်ဖြတ်ကြတာတွေ အထိ ရောက်ရှိလာတဲ့ အနေအထားဖြစ်တာကြောင့် လူမှုအသိုင်းအဝိုင်းရဲ့ သဘောထားကွဲလွဲမှုက ကြီးမားတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။
လူ့အသက်ဆုံးရှုံးမှုတွေ စိတ်ဝမ်းကွဲမှုတွေအပြင် လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပွားခြင်းနဲ့ ဆက်နွယ်ပြီး ရပ်ရွာတွေ ပျက်စီးဆုံးရှုံးတဲ့ ပမာဏကလည်း ၃ နှစ်တာအတွင်း နေအိမ် ၈ သောင်းကျော် မီးလောင်ပျက်စီး ခဲ့ရတယ်လို့ မှတ်တမ်းယူထားတဲ့ အဖွဲ့အချို့ရဲ့ ကိန်းဂဏန်းတွေက ညွှန်ပြနေပါတယ်။ မီးလောင်ပျက်စီးရတဲ့နေအိမ် အများစုကတော့ စစ်ကောင်စီတပ်ရဲ့ မြေလှန်စနစ် သို့မဟုတ် ဝိုင်းကြီးချုပ် စနစ်နဲ့ ဒဏ်ခတ်တဲ့လုပ်ဆောင်မှုဖြစ်ပြီး တိုက်ပွဲဖြစ်တဲ့ နေရာအနီးကကျေးရွာ၊ လက်နက်ကိုင် ခုခံ တိုက်ခိုက်သူတွေ ခိုလှုံတယ်လို့ ယူဆတာ၊ အားပေးထောက်ခံတယ်လို့ အကြောင်းပြချက်တွေနဲ့ ကျေးရွာတွေ မြို့တွေကို မီးရှို့ဒဏ်ခတ်တာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ အများဆုံးဖြစ်ပြီး ကရင်နီပြည်၊ ချင်းပြည်နယ်၊ ရှမ်းမြောက်၊ ကရင်ပြည်နယ်တို့မှာလည်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၃ နှစ်နီးပါးအတွင်း ရုပ်ဝတ္တုဆိုင်ရာ ဆုံးရှုံးမှုတွေအပြင် ရုပ်ဝတ္တုမဟုတ်ပဲ ပညာရေး၊ လူမှုရေး၊ ကိုယ်ကျင့်တရား စတဲ့ အရာတွေ ဆုံးရှုံးခဲ့တာလည်း ပမာဏထုထည်နဲ့ ရှိတယ်လို့ဆိုနိုင်ပါတယ်။ စာမသင်ရတဲ့ ကလေးသူငယ်နဲ့ လူငယ်တွေ သိန်းဂဏန်း သို့မဟုတ် သန်းဂဏန်းထိ ရှိနိုင်ပြီး ကိုဗစ်ကပ်ရောဂါက စတင်ကာ စစ်အာဏာသိမ်း ၃ နှစ်တာကာလနဲ့ ပေါင်းလိုက်ရင် ပညာရေး ခါးဆက်ပြတ်မှုက နောက်လာမယ့် နှစ်ပိုင်းတွေမှာ ကြီးမားတဲ့ အကျိုးဆက်တွေ ရှိနှင့်နေမယ့် သဘောလို့ မှန်းဆရပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ၊ စစ်ပွဲတွေနဲ့ CDM လုပ်ခဲ့ကြရတဲ့ အနေအထားရဲ့ သက်ရောက်မှုကြောင့် ကျန်းမာရေး စောင့်ရှောက်မှု မခံယူကြရတဲ့ သူအရေအတွက်လည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် သောင်းဂဏန်း၊ သိန်းဂဏန်းအထိ ရှိမယ်လို့ မှန်းဆရပါတယ်။ ပုံမှန်အခြေအနေမှာ အများပြည်သူ ဆေးရုံဆေးခန်းမှာ ကျန်းမာရေး စောင့်ရှောက်မှုကို ရယူနိုင်ခဲ့ပေမယ့် အခုလို အနေအထားမှာ ကျန်းမာရေးစောင့်ရှောက်မှု ရဖို့ မိုင် ဆယ်နဲ့ သို့မဟုတ် ရာနဲ့ချီတဲ့ နေရာတွေဆီ လူနာက သွားရောက်ရမှာဖြစ်သလို ပုဂ္ဂလိက ဆေးရုံတွေမှာ ကုန်ကျမယ့် ငွေပမာဏကို လက်လှမ်းမမှီသူတွေလည်း အများအပြားရှိပြီး အသက်ဆက်လက်ရှင်သန်ဖို့ အခွင့်အလမ်းကို လက်လွှတ်ဆုံးရှုံးလိုက်ရသူတွေ အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။
ပညာရေး၊ ကျန်းမာရေးတို့ပြီးနောက်မှာ လူတွေမှာ ရရှိခဲ့တဲ့ စိတ်ဒဏ်ရာ ဒဏ်ချက်တွေက မိသားစုဘဝ၊ လူမှုအသိုင်းအဝိုင်းနဲ့ နောင်တချိန် နိုင်ငံတည်ဆောက်မှုတွေ အထိ အနှုတ်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ သက်ရောက်စေမယ့် အလားအလာတွေရှိပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေ၊ လူငယ်တွေမှာ ရလိုက်တဲ့ စိတ်ဒဏ်ရာတွေက နောင်အနာဂတ်မှာ လူမှုအသိုင်းအဝိုင်းအတွက် အဆိုးမြင်မှုတွေ၊ သံသယတွေ၊ အင်အားနဲ့ အနိုင်ယူမှုတွေဆီကို လမ်းလွဲရောက်စေနိုင်တာလည်း ဖြစ်ပါတယ်။ ဒါတွေက ကုန်လွန်ခဲ့တဲ့ ၃ နှစ်နီးပါးအတွင်း ပျက်စီးဆုံးရှုံးရတဲ့ အရာတွေဖြစ်ပြီး ကိန်းဂဏန်းနဲ့ ဖေါ်ပြလို့ရတာတွေ ရှိသလို ဖေါ်ပြလို့မရတာတွေလည်း အများအပြားရှိတာ ဖြစ်ပါတယ်။
တဖက်မှာတော့ ဆယ်စုနှစ်များစွာ လွှမ်းမိုးကြီးစိုးလာတဲ့ လက်နက် စစ်အင်အားနဲ့ အနိုင်ယူလာတဲ့ ဗဟိုက စစ်အင်အားစုတခုကို အနိုင်ယူဖယ်ရှားကြဖို့ စစ်ရေး ဘုံသဘောတူညီမှု တခုပေါ်ထွက်လာတဲ့ အပေါ် အကောင်းဘက်က ရှုမြင်ကြပြီး၊ စစ်တပ်ရဲ့ နိုင်ငံရေးမှာ အုပ်စီးထားမှု၊ အခြားသော လူမျိုးစုတွေရဲ့ အခွင့်အရေးကို စစ်တပ်က ချုပ်ချယ်ကန့်သတ်ထားမှုကို အဆုံးသတ်နိုင်တော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေက ကောင်းတဲ့ အချက်လို့ တော်လှန်ရေးအင်အားစု ဘက်က မြင်ကြတာပါ။ သို့ပေမယ့်လည်း ဘုံသဘောတူညီချက်က ဘယ်အဆင့်ထိ ရှိထားကြသလဲ၊ နောက်ကွယ်က အကျိုးစီးပွားတွေက ဘုံအကျိုးစီးပွားအဖြစ် ရှိကြသလား။ ဘယ်အဆင့်မှာ ဘုံအကျိုးစီးပွားတွေ ကနေ တဖွဲ့ချင်း အကျိုးစီးပွားတွေ ကွဲထွက်ပြီး ပဋိပက္ခ၊ အကျိုးစီးပွား ဆန့်ကျင်မှုတွေ ဖြစ်ပေါ်စေနိုင်သလဲ ဆိုတာတွေအထိ ဆန်းစစ်တွက်ချက်ဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။
တခွန်းထဲနဲ့ ချုံ့ပြောရရင် လွန်ခဲ့တဲ့ ၃နှစ်နီးပါးကာလဟာ ပျက်စီးမှု ဆုံးရှုံးမှု မျှော်လင့်ချက် ပျက်သုဥ်းမှုတွေများစွာထဲက ဘုံသဘောတူညီမှု၊ အနာဂတ်တည်ဆောက်မယ့် လူ့အဖွဲ့အစည်းရဲ့ ပုံရိပ်ကို ဖမ်းဆုပ်မျှော်လင့်ချက်တွေကို ရှာဖွေဖမ်းဆုပ်ကြည့်ရတဲ့ ကာလတခုလို့ ဆိုရမယ့် သဘောဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar