ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၉
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၉
(မိုးမခ) ဇန်နဝါရီ ၂၉ ၊ ၂၀၂၄
ကျို့ - ချူ စစ်ပွဲ (လတ်တလော အကြောင်းအရင်း)
ကျို့ - ချူ စစ်ပွဲ ဖြစ်ပွားရတဲ့ "နောက်ခံ အကြောင်းအရင်း" တွေက ရှန်းခေတ်အတွင်းကတည်းက စတင်နေခဲ့တာပါ။ (တရုတ်သမိုင်း မှတ်စုတို ၁၈ ကို ကြည့်ပါ။)
စစ်ပွဲမဖြစ်မီ ကျို့ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကျို့ နဲ့ ချူ အကြားက ဆက်ဆံရေးအခြေအနေတွေကိုတော့ စစ်ပွဲဖြစ်ပွားစေတဲ့ 'လတ်တလော အကြောင်းအရင်း" တွေလို့ သတ်မှတ်ရမှာပါပဲ။ "အနီးကပ်အကြောင်းအရင်း" လို့ ဆိုချင်ရင်လည်း ဆိုနိုင်ပါတယ်။
ကျို့ နဲ့ ချူဟာ ရှန်းခေတ်အတွင်းမှာ ရှမ်းဧကရာဇ်မျက်နှာကို ကြည့်နေခဲ့ရတဲ့ နိုင်ငံငယ်တွေပါ။ ကျို့ဟာ ရှန်းအင်ပါယာရဲ့ အဖွဲ့ဝင် နိုင်ငံငယ် တစ်ခု ဖြစ်ပြီး ချူကတော့ ရှန်းလက်အောက်မှာ တိုက်ရိုက် ရှိမနေပါဘူး။
အဲဒီကာလကတည်းက ကျို့ နဲ့ ချူ ဟာ ဆက်ဆံရေး အင်မတန် ကောင်းခဲ့ပါတယ်။ စစ်မာချန်းရဲ့မှတ်တမ်းအရ ရှန်းခေတ် မကုန်ခင်ကတည်းက ချူဘုရင် ယွီရှောင်း (鬻熊 Yuxiong) ဟာ ကျို့ နန်းတော်အထိ ရောက်လာပြီး ကျို့ဘုရင် ဝမ် ထံ အခစားဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါက နည်းနည်းတော့ ထူးဆန်းပါတယ်။
ပထမအချက်က ကျို့ နဲ့ ချူ ဟာ အလှမ်းကွာဝေးတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ ကျို့နဲ့ ချူ မဆက်ဆံလို့လည်း ဘာမှ မဖြစ်ပါဘူး။ ဒုတိယအချက်က ချူ နိုင်ငံဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံသယ် ဖြစ်ပါတယ်။ ဒါနဲ့တောင် ရှန်း လက်အောက်ခံ ကျို့ဘုရင် လက်အောက်ကို အခစားဝင်တယ် ဆိုတာ အတော်ထူးဆန်းပါတယ်။
ယွီရှောင်း ဟာ ရှန်း အင်ပါယာကြီး ဖြည်းဖြည်းချင်း ပြိုကွဲလာနေတာကို သတိထားမိတာကြောင့် အင်အားကြီးတဲ့ အခြားနိုင်ငံငယ် တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ကြိုတင်ထူထောင်ထားတာ ဖြစ်နိုင်တယ်လို့ နှောင်းခေတ် သမိုင်းပညာရှင်တချို့က သုံးသပ်ကြပါတယ်။ နောက်တစ်ချက်က ကျို့ ဟာ ရှန်း ကို ဖြိုချဖို့ အလားအလာအကောင်းဆုံး လို့ ယူဆထားတာကြောင့် ရှေ့ရေးအတွက် ကြိုတွေးပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်ထားတာလည်း ဖြစ်နိုင်ပါတယ်။
ကျို့က ရှန်းကို ပြန်ပုန်ကန်ပြီး ရှန်းမင်းဆက်ကို ဖြိုချချိန်မှာလည်း ယွီရှောင်း က ဝမ်ဘုရင် နဲ့ သူ့ရဲ့သား ဝူဘုရင် တို့ကို ထောက်ခံခဲ့ပါတယ်။ ပါးစပ်သတ်သတ် ထောက်ခံတာ မဟုတ်ပါဘူး။ လက်နက် (လေး နဲ့ မြား) တွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကျို့ဘုရင် ဝမ် လက်ထက်မှာသာမက ကျို့ခေတ် ထူထောင်ပြီးနောက်၊ ဝမ် ရဲ့သား ဧကရာဇ် ဝူ လက်ထက်မှာလည်း ကျို့ နဲ့ ချူ ရဲ့ ဆက်ဆံရေးက အလွန်ကောင်းခဲ့ပါတယ်။ ဝူ လွန်ပြီးတဲ့နောက် ချန်း လက်ထက်မှာလည်း ဘာပြဿနာမှ မရှိပါဘူး။ ချန်းလရ်ထက်မှာ ပြည်တွင်းစစ် (အနောက်နဲ့ အရှေ့) ဖြစ်နေတာမို့ တောင်ပိုင်းက ချူ နဲ့ အဆင်ပြေနေတာ ဟာ ကျို့အတွက်လည်း ပိုအကျိုး ရှိတယ် မဟုတ်ပါလား။ကျို့ဧကရာဇ် ချန်း က ယွိရှောင်း ကို ကျို့နန်းတော်ရဲ့ ဂုဏ်ထူးဆောင် အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ချန်း ကို ဆက်ခံတဲ့ ဧကရာဇ်ကန် (Kang) လက်ထက်မှာ ယွီရှန်း ဟာကျို့ ဗဟိုအစိုးရရဲ့ ထိပ်တန်းဝန်ကြီးတစ်ပါး ဖြစ်လာပါတယ်။
ကျို့က ချူ နဲ့ အဲဒီလို နိုင်ငံရေးအရ ချည်နှောင်ထားတဲ့အတွက် တောင်ပိုင်းကို နယ်မြေမသိမ်းနိုင်ရင်တောင် ခြေကုပ် ရထားပြီးသား အခြေအနေ ဖြစ်သွားတာပါ။
အဲဒီလောက် အဆင်ပြေနေတဲ့ ဆက်ဆံရေးဟာ ဧကရာဇ် ကန် ကို ဆက်ခံတဲ့ ဧကရာဇ် ကျောက် (昭Zhao) လက်ထက်မှာ ရုတ်ချည်း ပြောင်းလဲသွားပါတယ်။ မြစ်ဝါမြစ်ဝှမ်းတလျှောက် တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ပြီ ဖြစ်တဲ့ ကျို့ ဟာ တောင်ပိုင်းက ယန်စီမြစ်အလယ်ပိုင်း မြစ်ဝှမ်းဒေသတွေဆီ နယ်မြေချဲ့ထွင်ဖို့ စတင်လိုက်ခြင်းကြောင့်ပါပဲ။
ကျို့ဧကရာဇ် ကျောက် အနေနဲ့ ဘာကြောင့် တောင်ပိုင်းကို ဆက်လက်ပြီး နယ်မြေချဲ့ထွင်ရသလဲ ဆိုတဲ့ အကြောင်းအရင်း၊ (တနည်းအားဖြင့် ကျို့ - ချူ စစ်ပွဲရဲ့ လတ်တလော အကြောင်းအရင်း) ကို နှောင်းခေတ် သမိုင်းသုတေသီတွေက အမျိုးမျိုး တွက်ဆကြပါတယ်။
ပထမ အချက်ကတော့ ကျို့ပြည်ထောင်ရဲ့ "စီးပွားရေး"အတွက် ဖြစ်ပါတယ်။ ကျို့ပြည်ရဲ့ စီးပွားရေးမှာ အခြေခံ အကျဆုံးကုန်ကြမ်းက သတ္တုရိုင်းတွေ ဖြစ်ပါတယ်။ ဧကရာဇ်ကျော် ဟာ တောင်ပိုင်းမှာ ရှိတဲ့ သတ္တုတွင်းတွေ အကုန်လုံး ရရှိဖို့ အင်အားကုန်သုံးပြီး ကျူးကျော်စစ်ကို ဆင်နွှဲတာ ဖြစ်ပါလိမ့်မယ်။
တောင်ပိုင်းဒေသတွေဟာ ချမ်းသာကြွယ်ဝကြတာမို့ အဲဒီဒေသတွေကို ကျို့ အာဏာစက်အောက် ထည့်သွင်းလိုက်ခြင်းက ကျို့ရဲ့ စီးပွားရေးကို အထောက်အကူ ပြုနိုင်ပါတယ်။
ဒုတိယအချက်ကတော့ "နိုင်ငံရေးဩဇာ" တည်ဆောက် ဖို့ပါ။ ကျိူ့ ဟာ ရှန်းမင်းဆက်ကို ဖြိုချပြီး တည်ထောင်ထားရတာပါ။ ရှန်းခေတ်က ရှန်းရဲ့ ဩဇာခံခဲ့တဲ့ နယ်မြေအားလုံးဟာ ကျို့ရဲ့ သြဇာ အောက်ကို ပြန်ရောက်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ကျို့ရဲ့ တရားဝင်မှုက ပိုပြီးခိုင်မာမယ်လို့ ကျို့က ယူဆပါတယ်။
ရှန်း ဧကရာဇ် လက်ထဲက အာဏာကို လုယူလိုက်တာဟာ မှန်ကန်ကြောင်း သက်သေ ပြသဖို့ လိုအပ်တယ်လို့ ကျို့ က တွက်ဆပါတယ်။ ရှန်း လောက်မှ တိုင်းပြည်ကို မစုစည်းနိုင်ရင်၊ အင်အားမကြီးနိုင်ရင် ကျို့ရဲ့ အာဏာရယူမှုဟာ မိုးနတ်မင်းရဲ့ ဗျာဒိတ် အရမဟုတ်တော့ဘဲ၊ ပုန်ကန်ပြီး အာဏာလုသူ အဆင့်သာ သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး တိုင်းပြည်ကို ဖြိုခွဲသူ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ရှန်းခေတ်ရဲ့ ဩဇာခံဒေသတွေ သူ့လက်ထဲရောက်ဖို့ တောင်ပိုင်းကို နယ်ချဲ့တာပါ။
နောက်ထပ် အရေးကြီးတဲ့ နိုင်ငံရေးကိစ္စကတော့ က်ျု့ပြည်ထောင်ဝင် မဟုတ်တဲ့ အခြားနိုင်ငံတွေရဲ့ ခန့်ညားလေးစားမှု ရရှိဖို့ ဖြစ်ပါတယ်။ အဲဒီနိုင်ငံငယ်တွေဟာ ကျို့ ကို ရှန်းလောက် အထင်မကြီးကြပါဘူး။ လေးစားမှု မရှိပါဘူး။ တိုင်းပြည်တည်စမှာ ညီအစ်ကိုချင်းတွေ ပြည်တွင်းစစ် ခင်းကြတဲ့ နိုင်ငံ မဟုတ်ပါလား။ ဒါကြောင့် ကျို့ ဧကရာဇ်အနေနဲ့ အဲဒီနိုင်ငံငယ်တွေက လေးစားကြောက်ရွံ့လာအောင် စွမ်းဆောင်ပြဖို့ လိုပါတယ်။ ချူ နဲ့ စစ်ဖြစ်တာဟာ ဒီသဘော ပိုဆောင်ပါတယ်။
ချူ ဟာ ကျို့ကို အရင်ကလောက် မလေးစားတော့ပါဘူး။ ရှန်း - ကျို့ အကူးအပြောင်းကာလ၊ ကျို့ပြည်တွင်းစစ်ကာလတွေမှာ ချူဟာ ယန်စီမြစ်အလာ်ပိုင်းဒေသတွေကို အတော်လေး လွှမ်းမိုးလာနိုင်သလို အင်အားကြီးလာပါတယ်။ ဒါကြောင့် ကျို့ကို ပခုံးချင်း မယှဉ်ရင်တောင် ဂရုသိပ်မစိုက်တော့ဘူး လို့ ဆိုနိုင်ပါတယ်။ ဒါကို ကျို့ကလည်း ခံချင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် အထောက်အထားတွေအရ ကျို့ ဘက်က စတင်ပြီး တောင်ပိုင်းကို ကျူးကျော်ဖို့ အကြိမ်ကြိမ်ကျိုးစားခဲ့တာ ထင်ရှားနေတာမို့ စစ်ဖြစ်ရခြင်း လတ်တလောအကြောင်းအရင်းတွေဟာ ကျို့ဘက်မှာ ပိုပြီး တာဝန်ရှိတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉ 👉https://www.moemaka.com/2024/01/blog-post_394.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀ 👉https://www.moemaka.com/2024/01/blog-post_162.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၁ 👉https://www.moemaka.com/2024/01/blog-post_872.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂ 👉https://www.moemaka.com/2024/01/blog-post_8245.html
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar