လေခဏီ - သိုက်ဆရာနဲ့ ကိုဘုန်းကြွယ် မမြစိမ်းတို့ဇာတ်ရှုပ် နိဂုံးချုပ်ချိန်
လေခဏီ - သိုက်ဆရာနဲ့ ကိုဘုန်းကြွယ် မမြစိမ်းတို့ဇာတ်ရှုပ် နိဂုံးချုပ်ချိန်
(မိုးမခ) ဇန်နဝါရီ ၂၄ ၊ ၂၀၂၄
ခုဟာကတော့ မဘသ အကျပ်အတည်းကာလ။
ကိုးကန့်တပ်သားက ဘုရားကို တုနဲ့ထုလို့ ဆန္ဒပြတဲ့ မဘသတွေ စစ်တပ်က မတ္တရာမြို့နယ်သံဃနာယကသက်တော် ခုနစ်ဆယ်ဆရာတော်ကြီးကိုဖမ်း၊ လည်ပင်းနဲ့ နံကြားကို ဓားနဲ့ထိုးသတ်တော့ မလှုပ်ဣန္ဒြေ ငြိမ်ငြိမ်နေ သမာဓိတွေ ခိုင်နေလိုက်ပုံများ လေတိုးသံတောင် မကြားရ။
မဘသဂုရုပေါက်က စောက်ပုပွဲမှာ စောက်ပုကို ဆဲတော့ မဘသပွဲတွေ ရပ်ထားရ၊ ပွဲမထွက်ရတော့ ပွဲကျေးပြတ် အချင်းချင်း မကျေမနပ်ဖြစ်၊ ပွဲသစ်တည်ဖို့ခက်။ ခုတော့ လျက်ပြီးသား အမဲရိုးဘဲ ပြန်လျက်နေရ၊ ကိုယ့်သွားရည်ကို ပြန်ချိုနေရတဲ့ဘဝ။ ရပ်ထဲရွာထဲကလည်း မသာပုတ် လနာရုပ်တွေ ရွာပြင်ထုတ်ဖို့ တုတ်မဆွဲရုံတမယ်ဖြစ်လာပြီဆိုတော့ ပုန်းလျှိုးကွယ်လျှိုး သူခိုးလမ်းသွား လမ်းကြားမှောင်ခို လူလိုမနေရတော့တာ ကြာပြီ။
ဒကာတော်တွေ လူမှုဘဝ ခြောက်ခန်းလာသလို ဆရာတော်တွေလည်း သာမှုဘဝ ခြောက်ခန်းလာ၊ သိုက်ဆရာကို လှေပေါ်တင်လာမိတဲ့ ကိုဘုန်းကြွယ်တို့ကြောင့် မယ်သီတော် မမြစိမ်းတွေလဲ တကယ်မလွယ်ပါ ဖြစ်လာကြရ။ သူတို့ ဗိုလ်သခင်ကြီး သခင်မကြီးတွေက ဟန်ပြဘဲ လှူတာမဟုတ်လား။ တကယ်က သာမန်ရပ်သူရွာသား အဖိနှိပ်ခံများကသာ လှူဒါန်းရှိခိုး ရိုကျိုးလေးစားကြတာ။ အင်းခုတော့ ပြစ်မှားမိသမျှ ဝန်ချတောင်းပန် အသနားခံကြဖို့သာ ရှိတော့တာလေ။ မညှာတမ်းပြောရရင် ကျွေးတဲ့လက် ကိုက်တဲ့ထဲမှာတော့ စစ်တပ်နဲ့ တထပ်တည်းပါပဲ။ တတိုင်းပြည်လုံးပတ် သတ်ဖြတ်မီးရှို့နေတဲ့ အို့အို့ကြီးကိုမှ သာသနာ့ဒါယကာကြီးဆိုပြီး ကောင်းချီးဝိုင်ပေးခဲ့ကြတာများ ကိုယ်ဆိုပြနေကြ သီလလေးလောက်မှ အားမနာ၊ ဒေသနာကိုတော့ ထားလိုက်ပါတော့လေ။
မဘသ အားကောင်းတဲ့ရခိုင်မှာ ခု AAက တပြည်လုံးသိမ်းဖို့ ကိုင်ပြီဆိုတော့ တိုင်ပတ်။ AA ဘက် ရပ်ရမလား၊ ဖေဖေဘက် ရပ်ရမလား၊ ဝေဝါး၊ ထွေပြား။ ငွေယားလဲထိလာ၊ စစ်တပ်က နှိပ်စက်သမျှ ရေငုံနှုတ်ပိတ်ပြီး အဖေပုံလေးဘဲ ထုတ်ထုတ်ချိပ်ခဲ့ကြတာလေ။ ခုရော ဒကာတော်ဗိုလ်ချုပ်မှူးကြီးလား၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်လား၊ ရဲရဲတော့ ခွဲခြားအားပေးချိန်ရောက်ပြီနော်။ မြန်မာအဖေအုပ်ချုပ်တာကနေ အာရက္ခအဖနိုင်ငံတော်ဆီ မော်ကြည့်ကြပါတော့ဆရာတော်သံဃာတော် မယ်သီတော် ကိုဘုန်းကြွယ်နဲ့ မမြစိမ်းတို့ဘုရား။
ရခိုင်မဘသတွေကတော့ ရိုဟင်ဂျာတွေ မောင်းထုတ်ပေးတာနဲ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒူးတုတ်တင်းအောင်ကိုင်ကြတော့တာ။ တကယ်က သွင်းတာလဲ စစ်တပ်၊ ထုတ်တာလဲ စစ်တပ်။ စာအုပ်စိမ်းအတွက် အသုံးလိုတော့ ဝှိုက်ကဒ်ထုတ်ပေး၊ ဘာသာရေး လူမျိုးရေး မီးမွှေးချင်တော့ ပြန်ရုပ်သိမ်း၊ သူတို့ လိုသလို ကစားလို့ ကြားက ဒုက္ခရောက်တာက ရွာနေပြည်ထိုင် ရခိုင်တွေရော ရိုဟင်ဂျာတွေပါ။ ဒုက္ခမှ မဟာဒုက္ခ၊ လူ့အဖွဲ့အစည်းနှစ်ခု အတူယှဉ်တွဲတွင်းဆုံးကျတော့တာ။ စစ်အုပ်စုကြိုးရှုပ်လို့ အမြဲမိုးချုပ်နေရတဲ့နေရာ။
မဘသထွက်ရာဒေသ ရှမ်းပြည်ဘက်လဲ ကြည့်ကြအုံးစို့။ ရှမ်းပြည် မဟုတ်ပေမယ့် ရှမ်းနီတွေက ရှယ်မဘသတွေ။ အဲဒီက ဆရာတော်တွေဆို နယ်သစ်ပယ်သစ်မှာ ကျောင်းသစ်ထောင် ကန်သစ်တူးနေရရှာပြီ။ တချို့ဆို စစ်တပ်မှ စစ်တပ်မို့ ပြန်လို့လဲမရ ရွာကကို အပြီးမောင်းထုတ်ခံကြရတာ။ ကိုယ် မှီခိုတာ ဒီရွာ ဒီဒကာ ဒကာမတွေပါလားလောက် စဉ်းစားရင်ကို ဘာမှ မဖြစ်ဖူးလေ။ ဟိုအဝေး တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ခက်ပြီပေါ့။
ရှမ်းပြည်မှာတော့ ဗမာစစ်တပ်နဲ့လုံးတဲ့ မဘသရယ်၊ ကိုယ့်စစ်တပ်နဲ့ကိုယ်လုံးတဲ့ မဘသရယ်လို့ နှစ်စားရှိတယ်။ နှစ်စား မဟုတ် ညာတင်ကုတ်ကတော့ ရှားတယ်။ ဘယ်ဗိုလ်ချုပ်ဆွမ်းမှ မစားရရင်လဲ သိမ်မဝင်ရသေးတဲ့ ဘုန်းကြီးလို့ ထင်တဲ့ခေတ်ကိုး။ တချို့ကိုရင် သီလရှင်လေးတွေဆို သူများသလို့သာ သနေရတာ၊ တကယ်တော့ စစ်ဘေးကြောင့် ကတုံးတုံးလိုက်ရတာလေ။ ဘာသာသနာ့ဝန်ထမ်းလို့မှ ကိုယ့်ကိုယ်ကို မထင်တဲ့ဟာတွေ အများကြီး။ သင်တာကလဲ ဘကပညာရေးသက်သက်ဘဲဆိုတော့ ဖေ့ဘွတ်မှာ ရလေးရှင်းရှစ်ထည့်ထားတဲ့ သီလရှင် ကိုရင်တွေမှ ပြည့်လို့။ ခုတက်လာတဲ့ အဆိုတော်ကို ပန်းကုံးစွပ် အာဘွားပေးတာမျိုးလောက်တော့ စာဖွဲ့မနေနဲ့။ ပလောင်တွေ ကိုယ့်ပြည် ကိုယ့်နယ် ကိုယ့်နိုင်ငံ ထူထောင်ပြီဆိုရင်တော့ အဲဒီကလေးကြီးတွေအရေး မြန်မြန်စဉ်းစားစေချင်ပါတယ်။ ရှေ့ရှောက်တော့ စစ်ဘေးရှောင်သာသနာဝန်ထမ်း တခန်းရပ်လောက်ပါရဲ့။
ရှမ်းမဘသကလဲ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ့်ပညာရေး ကိုယ့်စာပေပေါ့နော်။ သူတို့ရှမ်းစာကိုလဲ စစ်အုပ်စုက စာမေးပွဲဘောင်ထဲကနေ ဘေးထုတ် ရှမ်းတွေကို သေးနုတ်အောင် လုပ်ပစ်ခဲ့တာကိုး။ သူတို့အားပြိုင်မှုကတော့ ရှမ်းတောင်ဆို ပအိုဝ်းအဓိကပေါ့။ ရှမ်းပြည်ကတော့ ဓားပေါင်းစုံတယ်လေ။
ရှမ်းပြည်မှာ အကြမ်းဆုံးကတော့ ပအိုဝ်းမဘသဘဲ။ သူကတော့ စစ်တပ် ခိုင်းသမျှ ဒကာတော်ဗိုလ်ချုပ်ရေ စိတ်ချဆိုတာချည်း။ ကိုယ်နဲ့ တသက်လုံးနေရမယ့် ကိုယ့်တပြည်ထဲက ဘယ်လူမျိုးနဲ့အမုန်းပွားပွား အားကြိုးမာန်တက် ဒို့ဆောင်ရွက်သည် ဆက်လက်ခိုင်းတော်မူပါဘဲ။ သူတို့လဲ စစ်အုပ်စု ပြုတ်ကာနီးတည်းတည်းထိ စောင့်တော်မူနေပုံဘဲ။ ပအိုဝ်းခေါင်းဆောင်ကြီးများရဲ့ ပိုင်ဆိုင်မှုမှန်သမျှကလဲ စစ်တပ်ရဲ့ သေနတ်တကမ်း လက်တကမ်းချည်းဖြစ်နေတာကိုး။ ကြာရင် ပအိုဝ်းရွာတွေလဲ ကလေးလူငယ် မရှိရှာတဲ့ဘဝ ရောက်တော့မှာလေ။ ပအိုဝ်းကလေး မှန်သမျှ တပြည်လုံးက ဘုန်းကြီးကျောင်း မယ်သီလကျောင်းရောက်၊ အရွယ်ရောက်ရင် ထိုင်းသွား၊ ခုဆို ရွာတွေ ရွာတွေမှာ နေ့ဘက်တောင် အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်နေတဲ့ရွာတွေ နည်းမှတ်လို့။
ဟော ခု ကရင်မဘသတို့၊ စောချစ်သူက ဘောပြစ်မူ စကျင့်သုံးကြောင်း ကျေညာပြီ။ ဘယ်လိုလုပ်ကြမလဲ။ စောလှေထဲ ရဲရဲကြီး ဆင်းမလား၊ လှိုင်မြစ်ထဲ ကူးမလား။ ဒါက ကတ္တီပါလမ်းခွဲ မဟုတ်ဖူးနော်။ သံမဏလက်အိပ်စွပ် ထိုးကြမှာ။
မွန်မဘသတို့လဲ ဝိုးတိုးဝါးတားလုပ်နေလို့ မရတော့ဘူးနော်။ မဟုတ်ရင် မွန်ပြည်သစ်ဖို့ မလွယ်တော့ဘူး ဖြစ်သွားမယ်။
မဘသတွေရဲ့ နိုင်ငံရေးအမြင်တုံးမှုကြောင့် ဗုဒ္ဓဘာသာတခုလုံး ရောညစ်နွမ်းရပါတယ်။ သူတို့ကိုတွယ်ရင်း ဗုဒ္ဓဘာသာရဲ့ မူလကောင်းမြတ်မှုတခုလုံး သိမ်းကျုံးရောကြော်ခံရပါတယ်။ ဗုဒ္ဓဘာသာဝန်ထမ်း ဘုန်းကြီးတွေ သီလရှင်တွေဟာ ဒီစစ်အုပ်စု၊ တနည်း စစ်အစိုးရကို ဘာလို့ ဒီလောက်မှီတွယ်နေရတာလဲ၊ အခြယ်လှယ်ခံနေရတာလဲ ဆိုတာကတော့ စစ်အုပ်စုရဲ့ စနစ်တကျ စီမံလုပ်ဆောင်မှုကြောင့်ပါ။
ဘုရင်ခေတ် ကိုလိုနီခေတ် ဖဆပလခေတ်တွေမှာ လွတ်လပ်တဲ့ သံဃအဖွဲ့အစည်းပုံစံကနေ အစိုးရအောက်ရောက်အောင် ဦးနေဝင်းခေတ်စစ်အုပ်စုက လုပ်ဆောင်ခဲ့ပါတယ်။ အခုရှိနေတဲ့ သံဃမဟာနာယကအဖွဲ့ကြီးပေါ်ကတည်းက ဘုန်းကြီးတွေရဲ့ ဖြစ်တည်မှုဟာ သာသနာရေးဝန်ကြီးရောက် လုံးလုံးရောက်သွားတဲ့စနစ်ပါ။ အဲဒီကထဲက ဘုန်းကြီးဟာ အစွယ်ကျိုးသွားပါတယ်။ တချို့လဲ ခြေသုတ်ပုဆိုးလောက်ထိ ရောက်သွားပါတယ်။ အုပ်ချုပ်သူ လူတန်းစားရဲ့ ဆွမ်းမှ မစားရရင် အားမရှိသလို ဖြစ်သွားပါတယ်။ တနှစ်မှာ ရက်ပေါင်းသုံးရာ့ခြောက်ဆယ်လောက် စားထားတဲ့ ဆွမ်းဒကာတွေကို မေ့သွားပါတယ်။ ငါးရက်လောက် ကပ်တဲ့သူတွေကိုဘဲ တနေကြပါတော့တယ်။
အဲဒါကို သိလို့ အဲဒီအဖွဲ့ဖွဲ့တုန်းက ကန့်ကွက်ခဲ့ကြတဲ့ ဘုန်းကြီးပေါင်းများစွာ စစ်အုပ်စုရဲ့ ဖမ်းဆီးနှိပ်စက်ထောင်သွင်း သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ ခုတော့ နွေဦးတော်လှန်ရေးနဲ့အတူ လွတ်လပ်တဲ့ပြည်နယ်တွေ နိုင်ငံငယ်တွေ ထူထောင်ကြတော့မယ်ဆိုတော့ အဲဒီသံဃအဖွဲ့အစည်းစနစ်လည်း စစ်အုပ်စုနဲ့အတူ နိဂုံးချုပ်ပြီး လွတ်လပ်တဲ့ သံဃအဖွဲ့အစည်းတွေ သူ့လူမျိုး သူ့နေရာနဲ့သူ ပေါ်လာတော့မှာပါ။ အုပ်ချုပ်သူအသစ်တွေကလဲ သံဃအဖွဲ့အစည်းကို နိုင်ငံရေးအရ ပြိုင်ဖက်ဖြစ်လာမယ့်သူတွေလို သဘောထားပြီး ကိုယ့်အောက် မသိမ်းသွင်းဖို့ ကိုယ်တော်များကလဲ အာဏာပိုင့်လက်မကိုင်ရရင် လမ်းမလျှောက်တတ်သလိုမျိုး မလုပ်ကြဖို့ပါဘဲ။ ကိုယ့်သာသနာ ကိုယ့်ဒကာနဲ့ကို လွတ်လွတ်ရပ်တည်ကြဖို့ပါပဲ။
သံဃနာယကအဖွဲ့ မရပ်ခင်တော့ ကိုယ့်အဖွဲ့ဝင် သံဃာတပါးဖြစ်တဲ့ မတ္တရာမြို့နယ်သံဃနာယကအတွင်းရေးမှူးဆရာတော်ကြီးကို ဖမ်းဆီးပြီး လည်ပင်း ဓားနဲ့ထိုးသတ်ခဲ့တဲ့ စစ်အုပ်စု လုပ်ရပ်ကို မဘသသံဃာတွေလို အသံတိတ်မနေဘဲ ကန့်ကွက်ရှုတ်ချကြပါအုံးဘုရားလို့ လျှောက်ထားချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar